သတင်း

အိမ်အကူ မကရင်မသေဆုံးမှု သံသယ တရားခံ တပ်မတော် အရာရှိ ကတော်ကို ရမန်ယူ

Want create site? Find Free WordPress Themes and plugins.

လှည်းကူးမြို့နယ် တပ်မတော် အရာရှိတဦး၏ အိမ်၌ အိမ်အကူအဖြစ် လုပ်ကိုင်နေစဉ် နှိပ်စက်ခံရသည့် ဒဏ်ရာများနှင့် သေဆုံးသွားသည့် မကရင်မ အမှုတွင် သံသယရှိတရားခံ အရာရှိကတော် ဒေါ်သိင်္ဂီစုကို တွံတေးမြို့နယ် တရားရုံး၌ ယနေ့ ရမန် ရယူခဲ့ကြောင်း သိရသည်။
ဒေါ်သိင်္ဂီစုကို တွံတေးမြို့နယ် တရားရုံးတွင် ဇွန်လ ၁ ရက် (ယနေ့) တွင် ရုံးထုတ်ခဲ့ပြီး အမှုစစ်ဆေးရန် အတွက် ရမန် ၁၄ ရက် ရယူခဲ့ကြောင်း ခလောက်ချိုက် ရဲစခန်း စခန်းမှူး ရဲအုပ် မျိုးချစ်ဆွေက ဧရာဝတီသို့ ပြောသည်။

ရဲအုပ် မျိုးချစ်ဆွေက “ရမန်ယူစဉ်ကာလ ရဲစစ်ဆေးကာလမို့လို့ အသေးစိတ်ကိုတော့ မဖြေကြားနိုင်သေးပါဘူး ။ ဘာပုဒ်မနဲ့ ရမန်ယူနေတယ် ဆိုတာပဲ ဖြေလို့ရမယ်။ ရမန်ယူနေပါတယ်” ဟု ဆိုသည်။

အဆိုပါအမှုသည် ထောင်ဒဏ် ၇ နှစ်အထက် ချမှတ်နိုင်သော လူသတ်မှုဖြစ်သဖြင့် တရားစွဲဆိုမှုကို ခရိုင်ရုံးတွင် ပြုလုပ်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

သေဆုံးသူ အသက် ၃၈ နှစ်အရွယ် မကရင်မမှာ လှည်းကူးမြို့နယ် အင်းတိုင် သံချပ်ကာတပ်ရင်း အရာရှိ ရိပ်သာရှိ တပ်မ တော် အရာရှိ တဦးနေအိမ်တွင် အိမ်အကူ လုပ်ကိုင်ခဲ့သူဖြစ်ကာ ကလေး ၄ ဦး၏ မိခင်လည်း ဖြစ်သည်။

မေလ ၁၉ ရက်၌ ခန္ဓာကိုယ် အနှံ့အပြား ဒဏ်ရာများနှင့် ဖြစ်နေသည့် မကရင်မကို သေဆုံးလုနီး အချိန်တွင် တွံတေးမြို့ နယ် ခတ္ထိယ ကျေးရွာ အုပ်စု အုပ္ဖိုလ်ကျေးရွာရှိ ၎င်းနေအိမ်သို့ တပ်မတော် အရာရှိ၏ ဇနီး ကိုယ်တိုင်လည်း ရှေ့နေဟုဆို သူ ဒေါ်သိင်္ဂီစုက လာရောက် ပို့ဆောင်ခဲ့ပြီး နောက်ထပ် ၁ နာရီခန့် အကြာတွင် သေဆုံးသွားခြင်း ဖြစ်သည်။

ဒါနဆန် (ခ) မခင်သန္တာဦး (ခ) ကရင်မသည် အူပေါက်ပြီး ရက်အတန်ကြာသည် အထိ ဆေးကုသမှုကို ခံယူခွင့် မရရှိခြင်း ကြောင့် သေဆုံးခြင်း ဖြစ်ကာ အူပေါက်သည့် နေရာအနီး အပြင်ဘက် ဝမ်းဗိုက်နှင့် ဦးခေါင်း အပါအဝင် ခန္ဓာကိုယ် ပြင်ပ ၌လည်း တုံးသော ပစ္စည်းတခုခုဖြင့် ထိခိုက်မိသော ညိုမဲစွဲဒဏ်ရာများ၊ စုတ်ပြဲဒဏ်ရာများ တွေ့ရှိရကြောင်းလည်း အလောင်းကို ရင်ခွဲစစ်ဆေးခဲ့သည့် တွံတေးမြို့နယ် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ နေဝင်းသွင် က ဧရာဝတီသို့ ပြော ကြား ထားသည်။

မကရင်မ၏ အလောင်းအား ပုပ်နံ့များကြောင့် သေဆုံးပြီး နောက်နေ့ မေ၂၀ ရက်၌ မြေမြှုပ် သဂြိုဟ်လိုက်ကြောင်း ခတ္ထိ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏစိုးက ဆိုသည်။

မကရင်မ မသေဆုံးခင် အချိန်၌ ဒေါ်သိင်္ဂီစု၏ နှိပ်စက်မှုကို ခံရကြောင်း အိမ်နီးချင်းများ၊ ဒေသခံများနှင့် ကျေးရွာလူကြီး များကို ဖော်ထုတ် ပြောကြားခဲ့ခြင်းကြောင့် အုပ္ဖိုလ်ကျေးရွာရာအိမ်မှူး ဦးအေးသောင်းက တရားလိုပြုလုပ်ကာ ခလောက် ဂျိုက်ရဲစခန်းတွင် လူသတ်မှု ပုဒ်မ ၃၀၂ နှင့် မေလ ၂၁ ရက် က တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading