သတင်း

“ကိုယ်ပိုင်ကား မရှိကြောင်း” သူရ ဦးအောင်ကို ဖွင့်ဟ

Want create site? Find Free WordPress Themes and plugins.

စစ်အစိုးရလက်ထက်တွင် ဗိုလ်မှူးချုပ်၊ ဒုတိယ ဝန်ကြီး ရာထူးများ ထမ်းဆောင်ခဲ့ဖူးသူတဦး ဖြစ်သူ လက်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှု ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကိုသည် တပ်မတော် အရာရှိငယ် ဘဝကတည်းကပင် လောဘ၊ ဒေါသ၊ မောဟ နည်းပါးအောင် ထိန်းချုပ်နိုင်ခဲ့ သည့် အလေ့အကျင့်ကြောင့် ယနေ့အချိန်ထိ ကိုယ်ပိုင်ကား မရှိသေးကြောင်း ၎င်းက ပြောသည်။

ယနေ့ လွှတ်တော်သို့ လာရောက်ခဲ့သည့် ဝန်ကြီး သူရဦးအောင်ကိုအား ဧရာဝတီသတင်းဌာနက လက်ရှိ အချိန်တွင် ဝန်ကြီးတချို့မှာ အဂတိမှုတို့ဖြင့် တိုင်ကြားခံနေရချိန် ဝန်ကြီးအနေဖြင့် တိုင်ကြားခံထားရခြင်း ရှိ၊ မရှိ မေးမြန်းစဉ် ၎င်းက အထက်ပါအတိုင်း ပြန်လည် ဖြေ ကြားခဲ့ခြင်း ဖြစ်သည်။

သူရ ဦးအောင်ကို “နဂိုကတည်းက အရာရှိငယ်လေး ဘဝကတည်းက လောဘ၊ ဒေါသ၊ မောဟ အနည်းဆုံးဖြစ်အောင် ထိန်းချုပ်ပြီး တော့ နေထိုင်ခဲ့တဲ့ အလေ့အကျင့်က ရှိခဲ့ပါတယ်။ နောက်ပြီးတော့ အခုထိပေါ့လေ။ ကျနော်ရယ်၊ ကျနော်ဇနီးရယ် ဒီမှာ နေပါတယ်။ ကိုယ်ပိုင်ကား မရှိပါဘူး။ နိုင်ငံတော် အစိုးရက ဌာနကပေးတဲ့ ကားပဲ စီးပါတယ်။ ကိုယ်ပိုင်ကား မရှိပါဘူး”ဟု ပြောသည်။

ထို့ပြင် ၎င်းအနေဖြင့် တိုင်ကြားခံရခြင်းလည်း မရှိဘဲ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနသို့လည်း တိုင်စရာ မရှိကြောင်း၊ ၎င်းမှာ ပေးဆပ်ခြင်းဟု ဆိုနိုင်သော သာသနာတော်အတွက် ပေးဆပ်ခြင်း၊ ယဉ်ကျေးမှု အမွေအနှစ်များအတွက် ပေးဆပ်ခြင်းသာ ရှိ၍ ရယူခြင်း လုံးဝ မရှိကြောင်း ပြောသည်။

၎င်းက “ဒါတွေက မလိုတဲ့အဖွဲ့အစည်းတွေကနေပြီးတော့ အမျိုးမျိုးပေါ့။ နည်းလမ်းပေါင်းစုံနဲ့ Hidden Account တွေနဲ့ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ကျနော်နဲ့ ပတ်သက်လို့ကတော့ ဒီဘဝတင် မဟုတ်ဘူး၊ သံသရာမှာလည်း တိုင်ကြားခံရမှာ မဟုတ်ပါဘူး။ တိုင်ကြားမှုတွေကလည်း မလိုမုန်းတီးတဲ့ လူနည်းစုရဲ့ တိုက်ခိုက်မှုသာလျှင် ဖြစ်ပါတယ်”ဟု ပြောသည်။

ဝန်ကြီး သူရ ဦးအောင်ကို၏ ပြောဆိုချက်မှာ အံ့သြစရာ ကောင်းပြီး အများပြည်သူက ရယ်ကြလိမ့်မည်ဟု ထင်ကြောင်း၊ စစ်အစိုးရ လက်ထက်တွင် ဗိုလ်ချုပ်၊ ဝန်ကြီး လုပ်ခဲ့ဖူးသူများသည် လာဘ်လာဘကို ကိုယ်တိုင်ပင် ဖန်တီးစရာ မလိုဘဲ အပေါ်က ချပေးသည့် ပါမစ်၊ အောက်က ဖန်တီးရှာဖွေပေးသည့် အလုပ်များနှင့်ပင် ချမ်းသာ ကြွယ်ဝသူများ ဖြစ်ကြောင်း ရန်ကုန်မြို့မှ သတင်းစာ ဆရာ ဦးသီဟသွေးက ပြောသည်။

“ကားတွေကို ကိုယ်တာတွေနဲ့ ချပေးတာ ရှိတယ်။ အဲဒါတွေကို ပုဂ္ဂလိကကို ပြန်ရောင်းလိုက်ရင်ကို အမြတ်တွေ မနည်းကျန်တာကိုး။ အရင် စစ်အစိုးရ တခေတ်လုံးမှာ ပါခဲ့တဲ့ ဗိုလ်ချုပ်ဟောင်း၊ ဝန်ကြီးဟောင်းတယောက်က ကိုယ်ပိုင်ကား မရှိဘူးလို့ ပြောတာ အင်မတန် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အများပြည်သူက ကြားရင်လည်း ရယ်ကြမှာ”ဟု ၎င်းက ဆိုသည်။

သို့သော် ဦးအောင်ကို၏ ပြောဆိုချက်များကို ပြည်သူများကလည်း စိတ်ဝင်စားမည် ဖြစ်ရာ အမှန်တကယ် ဆိုပါကလည်း လက်ခုပ်တီး သြဘာပေးချင်သူများလည်း ရှိနိုင်၍ သမ္မတ၊ လွှတ်တော်တို့အနေဖြင့် နိုင်ငံရေးရာထူး ရှိသူများ၏ ပိုင်ဆိုင်မှုများကို အများပြည်သူသိအောင် ချပြပေး စေလိုကြောင်း၊ ယင်းစနစ်မျိုးကို NLD ပါတီကိုယ်တိုင် အတိုက်အခံဘဝက တောင်းဆိုခဲ့ဖူးကြောင်း ဦးသီဟသွေးက ထောက်ပြသည်။

“အခု နိုင်ငံရေး ရာထူးရှိတဲ့ ဝန်ကြီးတွေရဲ့ ပိုင်ဆိုင်မှုတွေ အားလုံးကို သမ္မတဆီကို ပို့ထားပြီးပြီ။ ဦးအောင်ကို ပြောတာ ဟုတ်၊ မဟုတ် သမ္မတက အသိဆုံး ဖြစ်လိမ့်မယ်။ သူသိသလိုပဲ ပြည်သူတွေကလည်း သိချင်တယ်။ နားလည်းချင်တယ်။ တကယ်ပဲ သူ့မှာ ကိုယ်ပိုင်ကား မရှိရင် လက်ခုပ်တီးပေးချင်တယ်။ သူ့ကို ဥပမာ ယူကြဖို့လည်း တိုက်တွန်းချင်တယ်”ဟု ၎င်းက ပြောသည်။

သူရ ဦးအောင်ကိုနှင့် နီးစပ်သူတဦးကမူ ဦးအောင်ကိုသည် ကလေးမြို့တွင် ဒေသ စစ်ဆင်ရေး ကွပ်ကဲမှု အရာရှိ တာဝန်ယူစဉ်က ကလေးမြို့ကွက် ဖော်ဆောင်ပေးခဲ့သော်လည်း မြေကွက်တခုမျှ မယူခဲ့ကြောင်းကို ဒေသခံများက ပြောပြဖူးကြောင်း၊ အဘယ့်ကြောင့် ဆိုသော် ၎င်းမှ ကလေးမြို့တွင် နေထိုင်ရန် အစီအစဉ် မရှိဟု အကြောင်းပြခဲ့ပြီး လက်ရှိတွင် ယင်းမြေကွက်များမှာ သိန်းထောင်ချီတန်ဖိုး ရှိနေပြီ ဖြစ်ကြောင်း ပြောသည်။

“သူ(ဦးအောင်ကို)က ဦးရွှေမန်းနဲ့ တပတ်စဉ်တည်း။ DSA အပတ်စဉ် ၁၁ က။ စစ်ဘက်မှာ ဗိုလ်မှူးချုပ်အထိ တာဝန်ယူခဲ့တယ်။ သာသ နာရေး ဒုဝန်ကြီး၊ သိပ္ပံနှင့် နည်းပညာ ဒုဝန်ကြီး လုပ်ခဲ့တယ်။ ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြားမှာ ဆက်ဆံရေး ကောင်းအောင် ကြိုးစားပေးခဲ့တဲ့သူတယောက်လို့ ပြောရင်လည်း ရတယ်”ဟု ဦးအောင်ကိုနှင့် နီးစပ်သူက ပြောသည်။

ပြည်ထောင်စု လွှတ်တော်သို့ တင်ပြထားသည့် ၎င်း၏ ကိုယ်ရေး အကျဉ်းတွင်မူ ၎င်း၏ နေရပ်လိပ်စာကို ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံ ဥယျဉ်မြို့တော်ဟု ဖော်ပြထားပြီး သားသမီး ၃ ဦး ရှိကြောင်း၊ မွေးဖွားရာ ဇာတိမှာ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းဇာတိဟု ဖော်ပြထားသည်ကို တွေ့ရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading