သတင်း

ဓားကိုင် တိုက်ခိုက်သူများ မန္တလေးရဲ သေနတ်ဖြင့်ပစ်၍ တဦးသေ

Want create site? Find Free WordPress Themes and plugins.

မန္တလေးခရိုင်၊ အမရပူရမြို့နယ်၊ စွယ်တော်ကားကြီးကွင်းအရှေ့ဘက် ၆၂ လမ်းမကြီးပေါ်၌ ရဲတပ်ဖွဲ့ကို ဓားကိုင်ထားသည့် လူအုပ်စုတစုက ခုခံတိုက်ခိုက်ခဲ့သဖြင့် သေနတ်ဖြင့် ခြိမ်းခြောက် ပစ်ခတ်ရာမှ တဦးသေဆုံးပြီး တဦးဒဏ်ရာ ရရှိသွားကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့ က ပြောသည်။

အမရပူရမြို့နယ် ၆၂ လမ်းမကြီးပေါ်၌ မေ ၃၁ ရက် ည ၁၀ နာရီ ကျော် အချိန်ခန့်က တရားခံပြေးနှစ်ဦးအား သွားရောက် ဖမ်းဆီးသည့် ရဲတပ်ဖွဲ့ကို မကျေနပ်သည့် လူငယ် ၂၀ ဦးခန့်က ဓားရှည်များကိုင်ဆောင်ကာ ခုခံတိုက်ခိုက်ခဲ့သဖြင့် ခြောက်လှန့် ပစ်ခတ်ရာမှ ယင်းသို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မန္တလေးခရိုင် ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး မျိုးအောင် က “သတင်းရလို့ တရားခံပြေးကို သွားဖမ်းတာပါ၊ ဒါကို တရားခံပြေးတွေဘက်က မကျေနပ်လို့ ဓါးရှည်တွေနဲ့ ရမ်းကားတာဖြစ်တယ်၊ သူတို့က ဓားရှည်တွေ ကိုင်ဆောင်ပြီး အုပ်စုဖွဲ့သောင်းကျန်းတဲ့သူတွေပါ၊ ဒဏ်ရာရတဲ့သူကိုလည်း အမှုဖွင့် အရေးယူ သွားမယ်၊ နောက်ပါဝင်ပက်သက်တဲ့ သူတွေအားလုံကိုလည်း လိုက်လံဖမ်းဆီးပြီး အရေးယူသွားမယ်”ဟု ဧရာဝတီသို့ ပြောသည်။

မန္တလေးခရိုင် မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့က မေလ ၃၁ ရက်နေ့ညပိုင်းက အမရပူရမြို့ နယ်၊ စွယ်တော်ကားကြီးကွင်းအရှေ့ဘက်၊ ၆၆×၆၇ လမ်းကြား၊ B လမ်းရှိ ထမင်းဆိုင်တွင် တရားခံပြေး ၂ ဦးရောက်ရှိနေကြောင်း သတင်းရ၍ ဖမ်းဆီးရန် သွားရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့သွားရောက်ရာ တရားခံ ၂ ဦးကို ဖမ်းဆီးမည့်အပေါ် မကျေနပ်ဟုဆိုကာ လူ ၂၀ ဦးခန့်သည် ဓားရှည်များ ကိုင်ဆောင်ရမ်းကားသဖြင့် မြစ်ငယ်ရဲစခန်းမှ ဒုရဲအုပ် သူရအောင် ဦးစီးသည့် ရဲတပ်ဖွဲ့ဝင် ၈ ဦးသည် MA-13 ၃ လက်၊ ၎င်းကျည် ၃၀ တောင့်နှင့် အတူ သွားရောက် ရှင်းလင်းရာ ဓားကိုင် ရမ်းကားသူများဘက်မှ ပြန်လည်ခုခံရန်ပြုသဖြင့် သေနတ် လေးချက်ခြောက်လှန့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဒုရဲမှူးကြီး မျိုးအောင်က “မနေ့ညကဖြစ်စဉ်မှာ ဥပဒေမဲ့လုပ်ရပ်တွေလုပ်ကြလို့ ရဲတပ်ဖွဲ့က ခြောက်လှန့်ပစ်ခတ်ခဲ့တာပါ၊ သူတို့က ဓားရှည်ကိုင် ရမ်းကားနေကြတာကို တပ်ဖွဲ့ဝင်တွေက သွားရောက်ရှင်းလင်းရာမှာ ပြန်လည်ခုခံ ရန်ပြုခဲ့ကြတယ်၊ တစ်ဦး သေနတ်မှန်သေဆုံးပြီး တစ်ဦး သေနတ်ဒဏ်ရာရခဲ့တာပါ” ဟု ပြောသည်။

ဓားရှည်များကိုင်ဆောင်၍ ခုခံတိုက်ခိုက်သူများအနက် ပြည်ကြီးတံခွန်မြို့နယ်၊ ၁-၃ ရပ်ကွက်နေ အသက် ၂၄ နှစ်အရွယ် ငဆက် (ခ) ဟိန်းမင်းဆက်၏ လည်ပင်းနှင့် ကျောကုန်းတွင် ပေါက်ထွက်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၈×၅၉ ကြား၊ ၁-၁ ရပ်ကွက်နေ အသက် ၂၃ နှစ်အရွယ် စိုင်းထူးအောင်သည် ပါးပေါက်ဒဏ်ရာ ရရှိခဲ့ရာ မန္တလေး အထွေထွေ ရောဂါကုဆေးရုံကြီး၌ တင်ပို့ ကုသပေးလျက်ရှိကြောင်း သိရသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေးမြို့ခံ စာရေးဆရာမ ယဉ်ယဉ်နု (မန္တလေး) က “အခုလုပ်ရပ်အပေါ်မှာတော့ ရဲတပ်ဖွဲ့က မှန်တယ်လို့ ပြောရမှာပါ၊ တာဝန်အရ တရားခံပြေးတွေ ဖမ်းဆီးတာကို မကူညီတဲ့အပြင် တားဆီးတာ၊ ရန်ရှာတာမျိုးတော့ မလုပ်သင့်ဘူးလို့မြင်တယ်၊ သေနတ်ပစ်ဖောက်ပြီး ဖမ်းဆီးရပြီ ဆိုကတည်းက တော်တော် ဆိုးဆိုး ရွားရွားဖြစ်ခဲ့လို့ပဲလို့ မြင်တယ်၊ နောက် အဲဒီဘက်က မန္တလေးမြို့ ဧရိယာထဲမှာ ပါတယ်လို့သာ ပြောတာ၊ ခေါင်တဲ့အပြင် မကောင်းမှု ဒုစရိုက်လုပ်ငန်းတွေ တော်တော်များများရှိတယ်လို့လည်း နာမည်ကြီး နေတဲ့နေရာဖြစ်တယ်” ဟု ပြောသည်။

ရဲတပ်ဖွဲ့ သွားဖမ်းသည့် တရားခံပြေး ၂ ဦးမှာ ကျော်ကျော် (ခ) မင်းသိန်း (ခ) ကျားပေါက် (ခ) ပေါက်စနှင့် အောင်ကျော် (ခ) ဂျီဆက်တို့ဖြစ်ပြီး ၎င်းတို့ ၂ ဦးကို အောင်မြေသာစံမြို့နယ်၊ အမှတ် ၅ မြို့မ ရဲစခန်းအပိုင်နယ်မြေအတွင်းမှ ဟိုတယ်တခုတွင် ခြိမ်းခြောက်လုယက်မှုနှင့် ပြည်ကြီးတံခွန် မြို့နယ်တွင် ကျူးလွန်ထားသော လုယက်မှုတို့နှင့်ပတ်သက်ပြီး သွားရောက် ဖမ်းဆီးခြင်း ဖြစ်ကြောင်းသိရသည်။

၎င်းတို့ ၂ ဦးကို အဆိုပါ ပြစ်မှုများဖြင့် အမှတ် ၅ မြို့မ ရဲစခန်းမှ (ပ) ၁၉၅/၂၀၁၈၊ အပြင်းအထန်နာကျင်စေမည်ဟု ကြောက် စေရန်ပြု၍ ချောက်လှန့်တောင်းယူမှု ရာဇသတ်ကြီးပုဒ်မ ၃၈၆ မှ ၃၉၅/ကျင့် ၅၁၂ ဖြင့် တရားစွဲတင်ထားသော အမှုအပြင် အမရပူရမြို့နယ် မြစ်ငယ် နယ်မြေရဲစခန်းကလည်း အများပြည်သူ လူသွားလမ်းတွင် လက်နက်ကိုင် ခြိမ်းခြောက်မှု ရာဇသတ်ကြီး ပုဒ်မ ၃၀၇/ ၃၅၃/ ၃၄ တို့ဖြင့် ဖွင့်ထားကြောင်းသိရသည်။

အခင်းဖြစ်စဉ်၍ ရဲတပ်ဖွဲ့ဝင်များအား ဓားရှည်များ ကိုင်ဆောင်၍ ခုခံတိုက်ခိုက်ခဲ့သည့် အဖွဲ့ထဲပါဝင်သူများကို ရဲတပ်ဖွဲ့ အနေဖြင့် လိုက်လံ ဖမ်းဆီးမှုများ ပြုလုပ်နေလျှက်ရှိပြီး အမရပူရမြို့နယ် မြစ်ငယ် နယ်မြေရဲစခန်းတွင် အများပြည်သူ လူသွားလမ်းတွင် လက်နက်ကိုင် ခြိမ်းခြောက်မှု ရာဇသတ်ကြီး ပုဒ်မ ၃၀၇/ ၃၅၃/ ၃၄ တို့ဖြင့် အမှုဖွင့်ထားကြောင်းလည်း သိရသည်။

မန္တလေးတိုင်းအတွင်းရှိ ဒေသခံများကတော့ ၎င်းတို့တိုင်းအတွင်းတွင်ကြားမြင်နေရသော ဒုစရိုက်မှုများနှင့်ပတ်သက်၍ ညည်းညူ ပြောဆိုနေကြပြီး အုပ်စုဖွဲ့ လုယက်မှု၊ တိုက်ခိုက်မှုများနှင့် ပတ်သက်၍လည်း စိုးရိမ်ကြောင်း ပြောဆိုနေကြသည်။

ယခုနှစ် မေလ ၂၈ ရက်နေ့ကလည်း မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်ရှိ ရွှေစင်မြင့်မိုရ် ရတနာရွှေဆိုင်တွင် ဓားထောက် လုယက် အနုကြမ်းစီးမှုတခု ဖြစ်ပွားခဲ့သဖြင့် လက်သည်တရားခံများကို ရဲတပ်ဖွဲ့က အပူတပြင်း ရှာဖွေနေရကြောင်းသိရသည်။

အလားတူ ဧပြီလ ၂၅ ရက်နေ့ကလည်း မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံတွင် တာဝန် ထမ်းဆောင်လျက် ရှိသည့် ခွဲစိတ်ပါရဂူ ဒုတိယ ဗိုလ်မှူးကြီး မိုးမြတ်အောင် အား အုပ်စုဖွဲ့ ဆိုင်ကယ်စီးလာသူ ၇ ဦးက လမ်းခရီးတွင် စကေဘာဖြင့် ထိုးခဲ့သော အမှုဖြစ်ပွားခဲ့သေးသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading