နေပြည်တော် ကောင်စီနယ်မြေ အတွင်း အဆင့်မြင့် ဝန်ထမ်း တက္ကသိုလ် တခုကို ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) အကူအညီနှင့် တည်ဆောက်သွားမည်ဟု ပြည်ထောင်စု ရာထူးဝန် အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်း က ပြောသည်။
မေ ၃၁ ရက်က နေပြည်တော်၌ ကျင်းပသည့် အစိုးရ၏ ဒုတိယ ၁ နှစ်တာ ကာလ အတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ် သက်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။
ဦးစောဗယ်လင်တိုင်းက “ဝန်ထမ်းတဦးရဲ့ လိုအပ်တဲ့ ကျွမ်းကျင်မှု၊ အရည်အသွေး ပြည့်ဝမှု လိုအပ်တဲ့ နည်းပညာကို ပေး မှာပါ။ သင်တန်းသား ၁၀၀ အိပ်လည်း အိပ်လို့ရမယ်။ စားလည်း စားလို့ရမယ်၊ ကျောင်းတက်လို့ ရမယ်။ အဆင့်မြင့်မြင့် နေရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ယင်း တက္ကသိုလ်မှာ ဝန်ထမ်း ၁၀၀ ကို တပြိုင်နက်တည်း စခန်း သွင်းနိုင်မည် ဖြစ်ကြောင်း၊ သင်ကြားမည့် ဘာသာရပ် များမှာ ဝန်ထမ်း အရည်အသွေး ပိုင်းဆိုင်ရာ မြှင့်တင်ရေး၊ စီမံခန့်ခွဲရေး ပညာရပ်များ၊ အင်္ဂလိပ်ဘာသာ စကား သင်ကြား ရေးနှင့် စည်းကမ်းပိုင်းဆိုင်ရာ တို့ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ အစိုးရ ဝန်ထမ်းများကို သင်တန်း ပို့ချသော ဗဟိုဝန်ထမ်း တက္ကသိုလ် ၂ ခုရှိပြီး ယင်း တက္ကသိုလ်များတွင် အစိုးရ ဝန်ထမ်း အဆင့်မြင့် အရာရှိကြီးများအတွက် အဆင်မပြေသဖြင့် ဝန်ထမ်း တက္ကသိုလ်တခုကို အသစ် ဆောက်လုပ် ရန် စီမံရခြင်း ဖြစ်ကြောင်း ဦးစောဗယ်လင်တိုင်းက ဆိုသည်။
“အဆင့်မြင့်တဲ့ အရာရှိတွေဆိုတာ ညွှန်ချုပ်တို့၊ ဒု ချုပ်တို့၊ အတွင်းဝန်တို့ စသဖြင့်ပေါ့။ နိုင်ငံခြားကနေ သင်တန်းလာ ပေးဖို့ ရှိတယ်။ ကျနော်တို့ အခုဆိုရင် ဟိုတယ်မှာပဲ လုပ်တာပေါ့။ နောင်ဆိုရင် ကျနော်တို့ က စခန်းသွင်းပြီးတော့မှ အဆောင်တွေ ဘာတွေ ပေးပြီးတော့မှ ဒီမှာတင် သေချာလေ့ကျင့်လို့ ရမယ်”ဟုလည်း ဦးစောဗယ်လင်တိုင်းက ပြော သည်။
အဆိုပါ အဆင့်မြင့် ဝန်ထမ်းတက္ကသိုလ် ဆောက်လုပ်ရန် စီမံနေပြီး ပထမဆုံး သင်တန်းအား လာမည့် ၂၀၂၀ ပြည့်နှစ် အတွင်း စတင် ဖွင့်လှစ်နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။
အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူချုပ် ဦးကျော်ဇင်လတ်က “ဒီကျောင်းဖွင့်ရင် အများ ကြီး အထောက်အပံ့ဖြစ်မှာပါ။ ဘာကြောင့်လဲဆိုတော့ နေပြည်တော်မှာက ပညာ ဆက်လက် ဆည်းပူးဖို့ အခွင့် အလမ်း မရှိဘူး။ ရန်ကုန်၊ မန္တလေးတို့မှာက ပေါတယ်။ ဒါကြောင့် ဒီလိုကျောင်း ပေါ်ထွက်လာမယ် ဆိုရင်တော့ လိုအပ် ချက်ကို ဖြည့်ဆည်းတဲ့ ကျောင်းဖြစ်မှာပါ” ဟု ဧရာဝတီသို့ ပြောသည်။
JICA က အကူအညီနှင့် အခြေခံ အဆောက်အအုံပိုင်းသာ တည်ဆောက်သွားမည် မဟုတ်ဘဲ ဂျပန်နိုင်ငံမှ သင်ကြားမှု နည်းပညာပိုင်းပါ ကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ တက္ကသိုလ်ကို သင်တန်းသား ၁၀၀ ဆံ့သည့် အဆောက်အအုံ တည်ဆောက်သွားမည် ဖြစ်သော်လည်း မြေနေရာ မသတ်မှတ်ရသေးကြောင်း သိရသည်။
ဆက်စပ် ဖတ်ရှုရန် – နေပြည်တော်တွင် နိုင်ငံတကာအဆင့်မီ တက္ကသိုလ်ဆောက်မည်