ဘင်္ဂလားဒေ့ရှ် အစိုးရ၏ အစီအစဉ်ဖြင့် ပြန်လည် ပို့ဆောင်ပေးခြင်း မဟုတ်ဘဲ ၎င်းတို့၏ သဘောဖြင့် ပြန်လည် ဝင်ရောက်သူများကို ဥ ပဒေအရ ဖမ်းဆီးအရေးယူခွင့် ရှိသော်လည်း ၂ နိုင်ငံ သဘောတူစာချုပ်အရ ဒုက္ခသည်များကို ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်ထဲသို့ ထည့်သွင်းရန် စိစစ်မှုများ ပြုလုပ်၍ လက်ခံသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ သဘောတူစာချုပ်အရ ပြန်ဝင်လာသူများကို ဖမ်းဆီး ချုပ်နှောင်ခွင့် မရှိကြောင်း၊ ဒုက္ခသည်များသည် ပုံမှန် လမ်းကြောင်းမှ ပြန်လာရန် အခက်အခဲများ ရှိနေခြင်းတို့ကြောင့် ပြန်လာသူများကို လက်ခံရေး စခန်းများတွင် သေချာစွာ စိစစ်မှုများ ပြု လုပ်ပြီး လက်ခံရမည် ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ပြောသည်။
ယနေ့ နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်တွင် ပြုလုပ်သည့် အကြောင်းအမျိုးမျိုးကြောင့် ဖွင့်လှစ်ထားရသည် IDP စခန်းများ ပိတ်သိမ်း နိုင်ရေး မဟာဗျူဟာ စီမံချက် ရေးဆွဲနိုင်ရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအပြီးတွင် ၎င်းက အထက်ပါ အတိုင်း ပြောဆိုခြင်း ဖြစ်သည်။
ဒေါက်တာဝင်းမြတ်အေး က “သူတို့ကို အင်တာဗျူး လုပ်လိုက်တော့ ကျနော်တို့ သိရတာနဲ့ ကျနော်လည်း ဟိုဘက်ကို ရောက်ခဲ့တယ်။ သူ တို့ ဒီဘက်ကို ပုံစံတကျ ပြန်လာဖို့ ဖြည့်မယ့်စာရွက်တွေ ပေးတာတွေ ပုံစံတကျပြန်လာနိုင်ဖို့ သတင်းအချက်အလက်တွေ မရရှိကြဘူး လို့ ပြောတယ်။ အကုန်လုံးက ဒီလို ပြောတယ်။ မရရှိတဲ့အခါကျတော့ သူတို့လည်း အရမ်းဒုက္ခရောက်နေတယ်”ဟု ပြောသည်။
ထို့ကြောင့် မိုးရာသီအဝင်တွင် နေထိုင်ရေး ကိစ္စများအတွက် စိုးရိမ်လာရသည့်အခါ ၎င်းတို့နည်း၊ ၎င်းတို့ဟန်ဖြင့် ပြန်လည် ဝင်ရောက်လာ ကြစဉ် လဝက ဥပဒေအရ ဖမ်းဆီးအရေးယူရကြောင်း၊ သို့သော် ပြန်လည် စဉ်းစား သုံးသပ်ပြီးနောက် ဖမ်းဆီးခြင်း မလုပ်တော့ဘဲ ဒုက္ခသည် စိစစ်လက်ခံရေး လုပ်ငန်းစဉ်ထဲသို့ ထည့်သွင်းရန် ဆုံးဖြတ်လိုက်ရကြောင်း သိရသည်။
“အဲဒီလို ပြန်ဝင်လာတယ်သူဆိုရင်တော့ မဖမ်းတော့ဘူး။ ဒါပေမယ့် ကျနော်တို့ စိစစ်ရမယ်။ စိစစ်တဲ့ လုပ်ငန်းစဉ်ထဲကိုတော့ သူတို့ဝင်ရ မယ်။ ဒါကြောင့် သူတို့ လက်ခံရေးစခန်းကိုလည်း သွားတယ်။ ကြားစခန်းကိုလည်း သွားတယ်။ လက်ခံရေးစခန်းမှာ ကျကျနန စိစစ် တယ်။ အကြမ်းဖက်သမား ပါလား၊ မပါလား ဆိုတာ အကုန်ဖော်ထုတ်တယ်။ အဲဒီကနေ သေချာစိစစ်ပြီးမှသာ ကြားစခန်းကနေ နေရပ် ကို ပြန်ပို့မှာ ဖြစ်ပါတယ်”ဟု ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။
ထိုသို့ တဖက်နိုင်ငံက ပြန်ဝင်လာသော မွတ်ဆလင် ၆၂ ဦးကို ပြစ်ဒဏ်မှ လွတ်ငြိမ်း ချမ်းသာခွင့်ပေးပြီး ရခိုင်ပြည်နယ် မောင်တောမြို့နယ် လှဖိုးခေါင် ကြားစခန်းတွင် ထားရှိပြီး နေရပ်သို့ ပြန်နိုင်ရေး အစီအစဉ်များ ဆောင်ရွက်နေစဉ် ၎င်းတို့ထဲမှ ၁၀ ဦးမှာ မစောင့်နိုင်ဘဲ ထွက်ပြေးသွားခဲ့သည်ဟု သိရသည်။
“ပြန်ဝင်လာတာ ၆၂ ဦး ရှိတယ်။ သူတို့ကို ပြန်လည် နေရာချထားပေး စီစဉ်နေဆဲမှာ အနည်းဆုံး ၅ ရက် ၁ ပတ်လောက်တော့ ကြား စခန်းမှာ ကြာမှာ။ ကြာတဲ့အချိန်ကို မစောင့်နိုင်ဘဲ တချို့က သူ့အစီအစဉ်နဲ့သူ ထွက်သွားကြတယ်”ဟု ဒေါက်တာ ဝင်းမြတ်အေးက ရှင်းပြသည်။
ထွက်ပြေးသွားသူများသည် အကြမ်းဖက်သမားများ ဖြစ်နိုင်သည်ဟု ဒေသခံများ စိုးရိမ်သော်လည်း အစိုးရ အာဏာပိုင်များကမူ တဖက်နိုင်ငံသို့ ထွက်ပြေးသွားခြင်းမျိုး မဟုတ်ဘဲ ၎င်းတို့ နေထိုင်ခဲ့သည့် ကျေးရွာများသို့သာ ထွက်ပြေးသွားခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။
ဘူသီးတောင်မြို့နယ် ပြည်သူ့လွှွတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ၎င်းတို့သည် အစိုးရကို ပုန်ကန်၍ ထွက်ပြေးသွားသူ များ ဖြစ်ရာ တရားမဝင် ပြန်လည် ဝင်ရောက်လာသူများကို နယ်စပ်ဖြတ်ကျော်မှုဖြင့် ထိထိရောက်ရောက် ဥပဒေအတိုင်း အရေးယူသင့်ကြောင်း ပြောဆိုသည်။
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များ ပြန်လည် လက်ခံရေး လုပ်ငန်းစဉ် နှောင့်နှေးမှုများ ရှိနေရာ မြန်မာ အစိုးရက ကုလသမဂ္ဂ အဖွဲ့အစည်းများ ဖြစ်သည့် UNHCR ၊ UNDP တို့နှင့် ဒုက္ခသည် ပြန်လည် လက်ခံနိုင်ရေး ကနဦး နားလည်မှု စာချွန်လွှာကို လက်မှတ်ရေး ထိုးထားပြီဖြစ်၍ ဆက်လက် ဆောင်ရွက်မည် လုပ်ငန်းစဉ်များ ပိုမြန်ဆန်လာလိမ့်မည်ဟု မြန်မာ အစိုးရက မျှော်လင့်လျက်ရှိသည်။
ဆက်စပ်ဖတ်ရှုရန်–ပြန်ဝင် ဘင်္ဂါလီ ၆၀ ကျော်တွင် ၁၀ ဦး ထွက်ပြေး