သတင်း

စစ်ဘေးရှောင် နှင့် ဒုက္ခသည် စခန်းများ ပိတ်သိမ်းရန် စီစဉ်

Want create site? Find Free WordPress Themes and plugins.

ပြည်နယ် ၄ခုရှိ စစ်ဘေးရှောင် စခန်းနှင့် ဒုက္ခသည် စခန်းများ ပိတ်သိမ်းနိုင်ရေး အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက မဟာဗျူဟာ စီမံကိန်း (National Strategic Plan) တခု ရေးဆွဲမည်ဟု သတင်းရရှိသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က “ဘယ်စခန်းပဲ ဖြစ်ဖြစ်လိုတဲ့ အချိန်ကျရင်တော့ သေချာပေါက် ဖွင့်ရမယ်။ မလိုဘူးဆိုရင်တော့ ပိတ် ရမယ်။ သိပ်တာရှည်သွားရင် စခန်းအတွင်းမှာ နေတဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေးကို နှောင့်နှေးမှု အဟန့်အတား တွေ ရှိတယ်။ ဒါ့ကြောင့် ကျနော်တို့က ပိတ်ဖို့အတွက်ဆိုရင် အခုဟာက လုပ်တဲ့ဟာက ရိုးရိုးလေးပါပဲ”ဟု ဧရာဝတီကို ပြော သည်။

တနိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ဒုက္ခသည်စခန်းများကို ပိတ်သိမ်းမည်ဆိုပါက နိုင်ငံတကာ စံချိန်စံညွန်းနှင့်လည်း ညီရန် လိုအပ်ပြီး ပြည်ထောင်စု အစိုးရအနေဖြင့် မဟာဗျူဟာ (National Strategic Plan) တခု ရှိပြီးမှ အစီအစဉ် အတိုင်း လက်တွေ့ အသုံးချ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် မဟာဗျူဟာ ရေးဆွဲရန် စီစဉ်ခြင်း ဖြစ်ကြောင်း လည်း ဒေါက်တာ ဝင်းမြတ်အေးက ဆိုသည်။

ပြည်နယ် ၄ခုမှာ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့်ကရင်ပြည်နယ်တို့ ဖြစ်ပြီး ထိုပြည်နယ် ၄ခုမှ မြို့နယ် ၁၅ ခုရှိ စခန်းများတွင် လူဦးရေ ၁သိန်း ၆သောင်းကျော် နေထိုင်နေကြောင်း၊ ပိတ်သိမ်းသင့်သည့် စခန်းများကို မဟာဗျူ ဟာ ထွက်လာပါက ပိတ်သိမ်းရန် စီစဉ်သွားမည် ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်၍ ၂၀၁၆ ခုနှစ်က ဖွဲ့စည်းထားသည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှု နှင့် ဖွံ့ဖြိုးမှု တိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီအောက်ရှိ နေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကလည်း ပြန်လည် နေရာချ ထားရေးများကို ၂၀၁၆ ခုနှစ် မေလ ကတည်းက ဆောင်ရွက်နေကြောင်း ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။

ဒေါက်တာ ဝင်းမြတ်အေးက “အခု အကုန်လုံးပိတ်သိမ်းမှာ မဟုတ်သေးဘူး။ ရခိုင်မှာ ဥပမာအားဖြင့် ၂၀၁၂ တည်းက ကြာနေတဲ့ ဥစ္စာကတော့ ကျနော်တို့ အရှိန်အဟုန်နဲ့ ပိတ်သွားမယ်။ သို့သော် ကချင်တို့ ရှမ်းတို့ ကရင်တို့မှာ ဖြစ်နေတဲ့ ကိစ္စတွေကတော့ နယ်မြေ တည်ငြိမ် အေးချမ်းမှုရှိပြီး ပြည်သူတွေလည်း အန္တရာယ်ကင်းတယ် ဆိုတဲ့ အချိန်ကျ ပြန်လည် နေရာချထားရေး ကျနော်တို့ လုပ်မယ်”ဟုလည်း ပြောဆိုသည်။

စခန်းများကို ပိတ်သိမ်းပြီး ပြန်လည် နေရာချထားရေး လုပ်မည်ဆိုပါက လက်ရှိနေထိုင် နေသည့် ယာယီ အဆောက် အအုံကို ဖျက်သိမ်းပြီး စခန်းနေ ဒုက္ခသည်အားလုံးကို ကားပေါ်တင်ကာ တနေရာတွင် သွားပို့လိုက်သည့် စနစ်မျိုး မဟုတ်ကြောင်း ဒေါက်တာ ဝင်းမြတ်အေးက ဆိုသည်။

ဒေါက်တာ ဝင်းမြတ်အေးက “စခန်းမှာ ရှိနေတဲ့ လူတွေကို စခန်းမှာ နေစဉ် ကာလမှာပဲ စားရေး၊ ဝတ်ရေး၊ နေရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် အခွင့်အလမ်းတွေရအောင် အသက်မွေးဝမ်းကျောင်း ပညာရေး သင်ပေးတာတို့ ဒါတွေ လုပ်တယ်။ Plan မှာလည်း ဒါတွေ ပါမယ်။ အဲ့ဒီတော့ ဒါတွေက အကျိုး ရှိပါတယ်”ဟုလည်း ပြောသည်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးက မဟာဗျူဟာရေးဆွဲရန် ဇွန်လ ၂ရက်က ကမ္ဘာ့ ကုလသမဂ္ဂမှ ကိုယ်စားလှယ် တချို့ကို ဖိတ်ခေါ်ပြီး အလုပ်ရုံ ဆွေးနွေးပွဲတခု ကျင်းပခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲ၌ ဒေါက်တာ ဝင်းမြတ်အေးက ဒုက္ခသည် စခန်းများတွင် နေထိုင်ရသူများမှာ မူလ အလုပ်အကိုင် ပျက်ပြားပြီး အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်း၊ ကလေးသူငယ်များ၏ ပုံမှန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခွင့်အရေး ဆုံးရှုံးပြီး ပညာရေး၊ ကျန်းမာရေး လက်လှမ်း မမီခြင်း၊ လူငယ်များလည်း တိုးတက်မှု ဆုံးရှုံးခြင်း၊ အမျိုးသမီးများ ရပ်တည် မှု ဖွံ့ဖြိုးမှု ထိခိုက်ပြီး အကြမ်းဖက်ခံရခြင်းနှင့် လူကုန်ကူး ခံရနိုင်ခြေ ရှိခြင်း၊ ဥပဒေအရ ရရှိသင့်သည့် အခွင့် အရေးများလည်း ဆုံးရှုံးပြီး အခြား လူမှုပဋိပက္ခ နောက်ဆက်တွဲ ဆိုးကျိုးများ ခံစားနေရခြင်းတို့ကိုလည်း ပြောဆို ထား သည်။

ထိုအလုပ်ရုံ ဆွေးနွေးပွဲမှ ရလဒ်များကို ကြည့်ပြီး မဟာဗျူဟာ မည်သည့်အချိန်တွင် စတင်ရေးဆွဲမည် ဆိုသည်ကို သတ်မှတ်မည် ဖြစ်ကြောင်း၊ ရေးဆွဲချိန် မကြာနိုင်ကြောင်းလည်း ဒေါက်တာ ဝင်းမြတ်အေးက ဆိုသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ကရင်ပြည်နယ် များအတွင်း ဒုက္ခသည်များကို အကူအညီ ပေးနေသည့် ဒေသခံ အရပ်ဘက်အဖွဲ့အစည်းများ ပါဝင်ခြင်း မရှိကြောင်း သိရသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စစ်ဘေးရှောင် ဒုက္ခသည်များ အရေးကို ကူညီ ဆောင်ရွက်နေသည့် အရပ်ဘက် အဖွဲ့အစည်း ၉ ဖွဲ့ ပူးပေါင်းထားသည့် လူသားခြင်း စာနာထောက်ထားမှု အကူအညီပေးရေး ပူးပေါင်း အစီ အစဉ်အဖွဲ့ (JST) မှ ဦးဂွမ်ရှာအောင်ကလည်း အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်သည်ကို မသိရှိကြောင်း ပြောသည်။

“ဒီတခေါက်တော့ ကျနော်တို့လည်း မသိလိုက်ရဘူး။ လုပ်သွားတာနဲ့ ပတ်သက်ပြီးပေါ့နော်။ နောက်မှ လူမှုကွန်ရက်မှာ မြင်လိုက် ရတယ်”ဟု ဦးဂွမ်ရှာအောင် က ပြောသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လတ်တလောလည်း လက်နက်ကိုင် ပဋိပက္ခများ ဆက်လက် ဖြစ် ပွား နေဆဲဖြစ်သဖြင့် ထိုဒေသမှ ဒုက္ခသည်များ နေရပ်ပြန်မည်ဆိုပါက ဂုဏ်သိက္ခာရှိစွာ၊ ဘေးကင်းလုံခြုံ စွာဖြင့် ပြန်နိုင် ရန် တာဝန်ရှိသူအားလုံးနှင့် တိုင်ပင်ရမည့် ကိစ္စဖြစ်သည်ဟုလည်း ဦးဂွမ်ရှာအောင်က ပြောဆိုသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စစ်ဘေးရှောင် စခန်း တာဝန်ရှိသူများကို ဧရာဝတီက မေးမြန်း ကြည့် ရာ စခန်းများကို ပိတ်သိမ်းပြီး နေရာပြန်လည် ချထားရေး လုပ်မည်ဆိုပါက မိမိတို့၏ မူလပိုင်ဆိုင်ခဲ့သည့် အိုးအိမ်နှင့် လယ်ယာ မြေများကို ပြန်ရလိုကြောင်း၊ နေရာ ပြန်လည်ချထားရေး လုပ်ပေးပြီး ပြန်လည် နေထိုင်ပြီးနောက် တိုက်ပွဲ များ ဖြစ်ပြီး ထပ်မံ ထွက်မပြေးရအောင်လည်း အစိုးရက အာမခံပေးရန် လိုအပ်ကြောင်း ပြောဆို ကြသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်း အသီးသီးတွင် ဒုက္ခသည် တသိန်း ကျော် ရှိပြီး ထိုစခန်းများ၌ နေထိုင်နေသူများတွင် တိုက်ပွဲမဖြစ်တော့သည့် ဒေသများမှ ဒေသခံများကို နေရပ်ပြန်နိုင်ရေး အတွက် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) က နိုင်ငံတော် အတိုင်ပင်ခံ နှင့် တိုင်ပင်ညှိနှိုင်းကာ နေရပ် ပြန်ရေး လူဦးရေစာရင်းများ ကောက်ယူခဲ့သော်လည်း တပ်မတော်နှင့် ညှိနှိုင်းမရသဖြင့် ၂၀၁၇ ခုနှစ်က အစီအစဉ် ပျက်ထား ဖူး သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading