သတင်း

အိုးဘိုထောင်မှ တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအတွက် ဂုဏ်ပြုပွဲ လုပ်မည်

Want create site? Find Free WordPress Themes and plugins.

၂၀၁၇-၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် မန္တလေး ဗဟို အကျဉ်းထောင်(အိုးဘို)မှ အောင်မြင်ခဲ့သူများကို လာမည့် ဇူလိုင်လအတွင်း၌ အကျဉ်းဦးစီးဌာနနှင့် ပြင်ပအလှူရှင်များက ထောက်ပံ့ ဂုဏ်ပြုပွဲ ပြုလုပ်ပေးသွားမည်ဟု မန္တလေး ဗဟို အကျဉ်းထောင်(အိုးဘို)က သိရသည်။

၂၀၁၇-၁၈ ပညာသင်နှစ်တွင် မန္တလေးဗဟို အကျဉ်းထောင်က အကျဉ်းသား၊ အကျဉ်းသူ ၅၄ ဦးနှင့် အချုပ်သား ၁ ဦး ဝင်ရောက် ဖြေဆိုခဲ့သည့် အနက် ကျား ၂၃ ဦး၊ မ ၄ ဦး အောင်မြင်ခဲ့ပြီး ၃ ဘာသာ ဂုဏ်ထူးရှင် ၄ ဦး၊ ၂ ဘာသာ ဂုဏ်ထူး ရှင် ၄ ဦးနှင့် ၁ ဘာသာဂုဏ်ထူးရှင် ၁၃ ဦး ပေါ်ထွက်ခဲ့သည်။

“အရင်က အကျဉ်းကျခံနေရတဲ့ ကလေးတွေ စာမေးပွဲဖြေရင် အင်းစိန်ထောင်ကို ပို့ပေးရတယ်။ အင်းစိန်ကနေ ဖြေခဲ့ကြရ တာ။ ပြီးခဲ့တဲ့ ပညာသင်နှစ်ကစပြီး မန္တလေးထောင်မှာပဲ ဖြေကြရတယ်။ ကလေးတွေကို တကယ့် ကျောင်းသားစိတ်မျိုး မွေးမြူနိုင်ဖို့ အတွက် စိတ်ဓာတ်ခွန်အား အပြည့်အဝ ပေးပြီးတော့ကို ပညာသင်ကြားစေခဲ့တာပါ” ဟု ဦးချိုဝင်းထွန်းက ဆက်လက် ပြောသည်။

ဂုဏ်ပြုပွဲသို့ အကျဉ်းဦးစီးဌာန၏ ညွန်ကြားရေးချုပ် ကိုယ်တိုင် တက်ရောက်မည်ဖြစ်သလို သင်ကြားပေးသည့် ဆရာ၊ ဆရာမများ၊ အရပ်ဖက် အလှူရှင်များနှင့်အတူ အောင်မြင်သူများ၏ မိဘများကိုလည်း တက်ရောက်နိုင်ရန် စီစဉ် ပေးသွား မည်ဟု သိရသည်။

“သူတို့တွေ ၁၀ တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုနိုင်အောင် လိုအပ်တဲ့ စာရေးကိရိယာတွေကို လှူဒါန်းခဲ့ကြသူတွေလည်း ရှိပါတယ်။ လိုအပ်တဲ့ ဝတ်စုံတွေ၊ အကျဉ်းသားတွေ အတွက် အထူးဟင်းလျာ ချက်ပြုတ် လှူဒါန်းသူတွေ ရှိတော့ သူတို့ လည်း တက်မယ် သင်ပေးတဲ့ဆရာတွေလည်း ဖိတ်မယ်၊ သူတို့ကို ဂုဏ်ပြုမယ့် အလှူရှင်တွေလည်း တက်ကြ ပါလိမ့်မယ်” ဟု မန္တလေးဗဟိုအကျဉ်းထောင်(အိုးဘို) တာဝန်ခံအရာရှိ ဒုတိယ ညွှန်ကြားရေးမှူး ဦးချိုဝင်းထွန်းက ပြောသည်။

အောင်မြင်သူများ တက္ကသိုလ် ပညာရေး ဆက်လက် တက်ရောက်နိုင်ရန် အတွက်လည်း စီစဉ်ပေးသွားမည် ဖြစ်ပြီး ယခုနှစ် ဖြေဆိုသူများတွင် ၆၀ ရာခိုင်နှုန်းမှာ မူးယစ်ဆေးဝါးမှုဖြင့် ကျခံနေရသူများ ဖြစ်ကာ ခိုးမှု၊ လုယက်မှု၊ လူကုန်ကူးမှု၊ လူသတ် ရန် အားပေးမှုများဖြင့် ကျခံနေရသူများလည်း ပါဝင်ကြောင်း သိရသည်။

“၂၀၁၂-၁၃ ပညာသင်နှစ်ကစပြီး တက္ကသိုလ်ဝင်တန်းကို အကျဉ်းထောင် အတွင်းက ဝင်ရောက် ဖြေဆိုနိုင်အောင်လို့ စီစဉ် ပေးခဲ့တယ်။ အကယ်၍ ထောင်ထဲကနေ တက္ကသိုလ်ဝင်တန်း အောင်သွားတယ် ပြစ်ဒဏ် မလွတ်သေးရင်လည်း ပြစ်ဒဏ် ကျခံနေရင်း တက္ကသိုလ် ပညာရေးကို ဆက်လက်သင်ကြားနိုင်အောင် ကျနော်တို့ ဆောင်ရွက်ပေးပါတယ်’’ အကျဉ်းဦးစီး ဌာန (နေပြည်တော်) မှ ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုး က ပြောသည်။

ယခုကဲ့သို့ အကျဉ်းသားများ တက္ကသိုလ်ဝင် စာမေးပွဲဝင်ရောက် ဖြေဆိုနိုင်ရန် အကျဉ်းထောင် စာစစ်ဌာနများကို ၂၀၁၂-၁၃ ပညာသင်နှစ်မှ စ၍ အင်းစိန်ဗဟိုအကျဉ်းထောင်၌ စတင်ဖွင့်လှစ်ပေးခဲ့ပြီး ၂၀၁၆-၁၇ ပညာသင်နှစ်တွင် မန္တလေး အိုးဘို ထောင် စာစစ်ဌာနကို ထပ်မံဖွင့်လှစ်ပေးခဲ့သလို ၂၀၁၇-၁၈ ပညာသင်နှစ်မှ စတင်၍ တနိုင်ငံလုံးရှိ အကျဉ်းထောင်များမှ ကျောင်းသား၊ ကျောင်းသူများအားလုံး ဖြေဆိုခွင့်ကို ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနှစ် အကျဉ်းထောင် စာစစ်ဌာနတွေမှာ ဝင်ရောက်ဖြေဆိုတာ မနှစ်ကထက် များတယ်။ ပညာတပိုင်းတစနဲ့ ပြစ်ဒဏ်ကျတဲ့ ကလေးတွေ ပညာ ဆက်လက်သင်ကြားနိုင်အောင် ပညာရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့တာ အခုလို အောင်မြင်ကြ တဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်” ဟု ဦးမင်းထွန်းစိုးက ဆက်လက် ပြောသည်။

အကျဉ်းထောင်အတွင်းမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသူများ အနက်မှ ထူးချွန်ကျောင်းသားများ ပေါ်ထွက်ရေးကို အကျဉ်းဦးစီးဌာနမှ အကျဉ်းထောင်ဝန်ထမ်းများနှင့် အကျဉ်းကျနေသူ ပညာတတ်များ၊ အကျဉ်းသား ဆရာများက သင်ကြားပေးခဲ့သလို စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်များတွင် အခြေခံပညာရေး ဦးစီးဌာနမှ ဆရာ၊ ဆရာမ များ၊ ပြင်ပမှ ကျောင်းဆရာ၊ ဆရာမများကလည်း လာရောက် သင်ကြားပေးခဲ့ကြကြောင်းသိရသည်။

“ကလေးတွေက အကျဉ်းထောင်ထဲမှာရှိပေမယ့် ပညာသင်ကြားမှု အခွင့်အလမ်း မဆုံးရှုံးဘဲနဲ့ သင်ခဲ့ရတာပါ။ အကုန်လုံးက လည်း အားမာန်အပြည့်နဲ့ စာကို ကြိုးကြိုးစားစား လိုလိုလားလားသင်တာကို တွေ့ရတယ်။ အထဲက ဆရာတွေရော၊ အခြေခံပညာက အထက်တန်းပြဆရာ၊ ဆရာမတွေကလည်း ပိတ်ရက်တွေမှာ ထောင်ထဲကိုသွားပြီး သင်ကြားပေးခဲ့ကြ ပါတယ်” ဟု မန္တလေးတိုင်းပညာရေးမှူး ဒုညွန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းရီ က ပြောသည်။

မန္တလေး အိုးဘိုအကျဉ်းထောင်တွင် ၂၀၁၆-၁၇ ပညာသင်နှစ်မှ စတင်ကာ စာစစ်ဌာနကို ထားရှိပေးခဲ့ရာ ၁၁ ဦး ဝင်ရောက် ဖြေဆိုရာ ၇ ဦး အောင်မြင်ခဲ့ပြီး တက္ကသိုလ် ဝင်တန်းဖြေဆိုမှု စတင်သည့်နှစ်မှာပင် ဂုဏ်ထူးရ ကျောင်းသား ၄ ဦး၊ ကျောင်း သူ ၁ ဦး၊ ပေါင်း ၅ ဦးပေါ်ထွက်ခဲ့ပြီး ၁ ဘာသာဂုဏ်ထူးရှင် ၄ ဦး၊ ၃ ဘာသာ ဂုဏ်ထူးရှင် ၁ ဦး ပေါ်ထွက်လာခဲ့ကြောင်း အကျဉ်းဦးစီးဌာန(နေပြည်တော်)၏ မှတ်တမ်းများအရ သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သော အကျဉ်းသား၊သူများကို နိုင်ငံတော် မှ ဂုဏ်ပြုချီးမြှင့်သောအားဖြင့်လည်းကောင်း၊ ပြင်ပတွင် တက္ကသိုလ်ပညာ ဆက်လက်သင်ကြားနိုင်ရေး လည်းကောင်း နိုင်ငံတော်မှ လွတ်ငြိမ်း ချမ်းသာခွင့်ပြုခဲ့သည်။

မန္တလေးဗဟိုအကျဉ်းထောင်(အိုးဘို)မှ ၂၀၁၆-၁၇ ပညာသင်နှစ်တွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သူ ၅ ဦးအား လွတ်ငြိမ်ချမ်း သာခွင့်ပေးခြင်းကို ၂၀၁၇ခုနှစ် သြဂုတ်လ ၇ ရက် က ပြုလုပ်ပေးခဲ့ပြီး လွတ်ငြိမ်ချမ်းသာခွင့်ပေးရာတွင် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁နှင့်အညီ ၎င်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် နောက်တကြိမ်ပြစ်မှု ထပ်မံ ကျုးလွန် ပါက ၎င်း ပြစ်ဒဏ်အပြင် ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဟူသော စည်းကမ်းချက်များဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပြုပေးခဲ့ခြင်းဖြစ်သည်။

၂၀၁၇-၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် တနိုင်ငံလုံး၌ အကျဉ်းထောင ်စာစစ်ဌာန ဖွင့်လှစ်ပေးခဲ့သည့် အကျဉ်းထောင် ၈ ခုရှိကာ အကျဉ်းကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူ ၁၀၄ ဦး ဖြေဆိုခဲ့ကြောင်း၊ ဝင်ရောက်ဖြေဆိုသူ များအနက် ၄၇ ဦး အောင်မြင်ခဲ့ပြီး ဂုဏ်ထူးရှင် ၂၈ ဦးပါဝင်ခဲ့ကာ အောင်ချက်မှာ ၄၅ ဒသမ ၁၉ ရာခိုင်နှုန်းရှိကြောင်း၊ ၂၀၁၆-၁၇ ပညာ သင်နှစ်က အကျဉ်းထောင်များမှ စာမေးပွဲဖြေဆိုသူ စုစုပေါင်း ၄၁ ဦးဖြေဆိုရာ ၁၉ ဦးအောင်မြင်ခဲ့ပြီး အောင်ချက် ၃၉ ဒသမ ၀၈ ရာခိုင်နှုန်းရှိကြောင်း အကျဉ်းဦးစီးဌာန(နေပြည်တော်)မှ သိရသည်။

အကျဉ်းဦးစီးဌာန အနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများအနက်မှ လုံးဝ စာတတ် မြောက်ခြင်းမရှိသူများကို အ သုံးလုံး သင်ပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ တိုးတက် ကောင်းမွန်ရန်အတွက် ဘာသာရေး ပညာရပ်များ သင်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးခြင်း၊ အားကစား၊ကာယ ပညာရပ်များ သင်ကြားပေးခြင်း၊ ကျန်းမာရေး ဗဟုသုတပညာရပ်များ သင်ကြားပေးခြင်းများကို ၂၀၁၆ ခုနှစ်မှ စ၍ အင်းစိန်ထောင် နှင့်မန္တလေး အိုးဘိုထောင်တွင် ကျယ်ကျယ် ပြန့်ပြန့် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading