သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်ပေးနိုင်ရေးအတွက် ပြည်သူ့လွှတ်တော်တွင် အဆိုတင်သွင်းပြီး အတည်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးက ပြောသည်။
ဇွန်လ ၅ ရက်နေ့တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေးတွင် ဗိုလ်မှူးကြီး အောင်စိုးမိုးက “အမျိုးသမီးများ အကြမ်းဖက်ခြင်း၊ နှောက်ယှက်ခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူများကို တည်ဆဲ ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ဖို့ လက်ရှိမှာ ပြည်သူ့လွှတ်တော်မှာ အဆိုတင်သွင်းပြီး သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး သေဒဏ်ရရှိရေး တင်သွင်းဆောင်ရွက်လျက်ရှိပါတယ်”ဟု ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် လှိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးက ရန်ကုန်တိုင်း ဒေသကြီး အစိုးရအနေဖြင့် အမျိုးသမီးများအတွက် လုံခြုံစိတ်ချရသော မြို့ပြတခုအဖြစ် ကာကွယ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းမှုနှင့် ပတ်သက်ပြီး ဖြေကြားစဉ် ဗိုလ်မှူးကြီး အောင်စိုးမိုးက ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ရန်ကုန်တိုင်းဟာ မြန်မာနိုင်ငံအတွင်းမှာ မုဒိမ်းမှု အဖြစ်ဆုံး တိုင်းအဖြစ် သတ်မှတ်ခံနေရပါတယ်။ အချို့ မုဒိမ်းမှုတွေဟာဆိုရင် လူမြင်ကွင်းမှာပါ ကျူးလွန်မှုရှိနေပြီး အမျိုးသမီးတွေရဲ့ လုံခြုံရေးကို အလေးထား ကာကွယ်ဖို့ လိုအပ်နေပါတယ်။ အချိန်မရွေး အကြမ်းဖက်ခံရမှုတွေ၊ အန္တရာယ်ပေးမှုတွေကို ကျမတို့ အမျိုးသမီးတွေ ရင်ဆိုင်နေရပါတယ်။ ကာကွယ်မှု အသိပညာပေးမှုတွေ အားနည်းနေပါတယ်”ဟု ဒေါ်ခိုင်မာဌေးက ပြောသည်။
၂၀၁၇ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် မုဒိမ်းမှုဖြင့် တိုင်တန်းမှု ၂၇၀ ရှိခဲ့သည့်အနက် အရွယ်ရောက်ပြီး မုဒိမ်းမှု ၇၈ မှုတွင် ပြစ်မှုကျူးလွန်သူ ၇၈ ဦးကို အရေးယူခဲ့ပြီး သက်ငယ်မုဒိမ်းမှု ၁၉၂ မှုတွင် ပြစ်မှုကျူးလွန်သူ ၁၉၄ ဦးကို တရားစွဲဆိုပြီး ကျူးလွန်သူများကို ဥပဒေအရ အမြင့်ဆုံးပြစ်ဒဏ် တသက်တကျွန်းအထိ ချမှတ်အရေးယူခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။
မုဒိမ်းမှုများ၊ သက်ငယ်မုဒိမ်းမှုများ အပါအဝင် အမျိုးသမီးအကြမ်းဖက်မှုများ ပပျောက်ရေးအတွက် အမျိုးသမီး ရေးရာ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးစသည့် လူမှုရေးအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး အသိပညာပေးမှုများ ပြုလုပ်လျက်ရှိသည်။
လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးကမူ လှိုင်မြို့နယ်အတွင်းနေထိုင်သည့် အမျိုးသမီး ၁၀၀ ခန့်ကို အခြေခံ မေးမြန်းထားသည့် ရလဒ်များအရ အသိပညာပေးမှုများ အောက်ခြေအထိ လုံလောက်စွာရရှိခြင်း မရှိသေးဘဲ အမျိုးသမီးများအနေဖြင့် လုံခြုံ စိတ်ချရသည့် ပတ်ဝန်းကျင်မရှိသေးကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ဒေါ်ခိုင်မာဌေးက “ကျမတို့ လှိုင်မြို့နယ်ထဲမှာ ရှိတဲ့ အမျိုးသမီး အရွယ်စုံ ၁၀၀ ကို မေးခွန်းတွေမေးပြီး အကြမ်းဖက်မှုခံရရင် သူတို့အနေနဲ့ ဘယ်လိုကာကွယ်မလဲ။ ကိုယ့်အနားမှာ ရှိတဲ့ အကြမ်းဖက်မှုတွေကို ဘယ်လိုကူညီဆောင်ရွက်မလဲ လို့ မေးခွန်းမေးခဲ့ပါတယ်။ သူတို့ဆီက အဖြေတွေကို ကြည့်ပြီး ကျမတို့ သိလိုက်ရတာကတော့ အဲဒီလို ဖြစ်လာတဲ့ ကိစ္စရပ်တွေမှာ သူတို့ ရေရေရာရာ မကာကွယ်နိုင်သေးဘူး ဆိုတဲ့ အဖြေထွက်နေပါတယ်။ အဲဒါကြောင့် ရပ်ကျေး အဆင့် အထိ ထိရောက်တဲ့ ပညာပေးမှုတွေ လိုအပ်သလို အကာအကွယ်ပေးမှုတွေ လိုအပ်နေပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၅၄ အရ အမျိုးသမီးတဦး၏ ကာယိန္ဒြေကို ပျက်ဆီးစေရန် ကြံရွယ်၍သော်လည်းကောင်း၊ ကာယိန္ဒြေ ပျက်ဆီး တန်ရာသည်ကို သိလျက်နှင့်သော်လည်းကောင်း ထိုမိန်းမကို လက်ရောက်မှု ကျူးလွန်လ ျှင်၊ သို့မဟုတ် ရာဇဝတ်မကင်းသော အနိုင်အထက် ပြုမူလ ျှင် နှစ်နှစ်အထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။
အဆိုပါ ပုဒ်မဖြင့် အရေးယူမှုမှာ ၂၀၁၅ ခုနှစ်တွင် ၄၇၇မှု၊ ၂၀၁၆ ခုနှစ်တွင် ၄၆၄မှု၊ ၂၀၁၇ မှုတွင် ၅၃၃ မှု အရေးယူခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားလျက်ရှိသည့် ရာဇဝတ်မှုကြီး ၁၀ မျိုးအနက် မုဒိမ်းမှု အများဆုံးဖြစ်ပွားခဲ့ရာ ၄၅၆ မှုထိရှိခဲ့ပြီး လူသတ်မှု ၃၀၀၊ ဓားပြမှု ၁ မှု၊ လုယက်မှု ၈၄ မှု၊ ပြန်ပေးဆွဲမှု ၂ မှု၊ ဖောက်ထွင်းမှု ၃ မှု၊ ခိုးမှုကြီး ၅မှု၊ မတရားအသင်းမှု ၂ မှုရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။