ဆော်ဒီအာရေးဗျနိုင်ငံမှာ အမျိုးသမီးများ ယာဉ်မောင်းခွင့်ကို ကာလကြာရှည် ပိတ်ပင်ထားပြီး အဆိုပါ ပိတ်ပင်ထားမှုကို အစိုးရက ဖြေလျှော့ မပေးမီ ရက်ပေါင်း ၂ဝ အလို ယခုနှစ်၊ ဇွန်လ ၄ ရက်နေ့မှာ အဲဒီနိုင်ငံက အမျိုးသမီး ၁၀ ဦးကို ပထမဆုံး အကြိမ်အဖြစ် ယာဉ်မောင်း လိုင်စင်ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။
“အမျိုးသမီးများ ကားမောင်းခွင့် ရရှိရေး ကမ်ပိန်း” လုပ်ဆောင်ခဲ့တဲ့ ဆော်ဒီနိုင်ငံသား တော်တော်များများ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီးတဲ့ နောက်ပိုင်းမှာ အခုလိုမျိုး အံ့သြဖွယ် ကြေညာချက် ထွက်ရှိလာတာလည်း ဖြစ်ပါတယ်။ ကမ်ပိန်း လုပ်ဆောင်ခဲ့တဲ့ လူတချို့ကိုတော့ ဖမ်းဆီး ထိန်းသိမ်းထားဆဲဖြစ်ပြီး တချို့ကိုတော့ ဘုရင့်နိုင်ငံတော်ရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ပြိုလဲအောင် ဆောင်ရွက်တယ်လို့ အစိုးရက ပြောဆိုထားတဲ့ အမှုကြီးတွေနဲ့ စွပ်စွဲခံထားရပါတယ်။
အခုလိုမျိုး “အမျိုးသမီးများ ယာဉ်မောင်းခွင့် ပိတ်ပင်ချက် ဖယ်ရှားရေး အစီအစဉ်” ကို ဆော်ဒီဘုရင်ရဲ့ သားတော်တဦး ဖြစ်တဲ့ အိမ်ရှေ့မင်းသား Mohammed bin Salman က ဦးဆောင်တာ ဖြစ်ပါတယ်။ မင်းသား Mohammed ဟာ ဆော်ဒီ ဘုရင့်နိုင်ငံတော်ရဲ့ ရေနံကနေ ကင်းလွတ်တဲ့ စီးပွားရေးကို ဖော်ဆောင်ဖို့နဲ့ ဆော်ဒီ နိုင်ငံသားတွေရဲ့ လူနေမှုဘဝကို မြှင့်တင်ဖို့အတွက် အပြောင်းအလဲ တော်တော်များများကိုလည်း အမိန့်ထုတ်ပြန်လုပ်ဆောင်ခဲ့ပါတယ်။
နေ့စဉ် လူနေမှုဘဝ ပုံစံအပေါ်မှာ ရှေးရိုးစွဲကြီးမားတဲ့ ဘုရင့်နိုင်ငံတော်က နေထိုင်မှု ပိုမိုအဆင်ပြေလာစေဖို့ ကြိုးပမ်းခဲ့မှု ကိုလည်း ဆော်ဒီနိုင်ငံသား တော်တော်များများက ကြိုဆိုခဲ့ကြပါတယ်။ တရားဝင် ပိတ်ပင်ချက် ဖယ်ရှားမှု မတိုင်မီ ရက် ၂၀ အလိုမှာ အမျိုးသမီး ၁၀ ဦးက ဘာကြောင့် ယာဉ်မောင်းလိုင်စင် ရရှိခဲ့သလဲဆိုတာနဲ့ အမျိုးသမီး ယာဉ်မောင်း တားမြစ်ချက်ကို စောစောစီးစီး ဖယ်ရှားလိုက်ပြီလား ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရှိရသေးပါဘူး။
အစိုးရရဲ့ သတင်းထုတ်ပြန်ရေး ရုံးကတော့ အဲဒီသတင်းတွေကို ကြေညာခဲ့ပြီး အမျိုးသမီး ၁၀ ဦးရဲ့ ဓာတ်ပုံတွေ၊ လိုင်စင်တွေနဲ့ သူတို့ရဲ့ ပြောစကား တချို့ကိုသာ ထုတ်ပြန်ခဲ့တာပါ။ ယူနီဖောင်းဝတ်ဆင်ထားတဲ့ ယာဉ်ထိန်းအရာရှိ တဦးထံကနေ လိုင်စင်ရရှိခဲ့တဲ့ ပထမဆုံး အမျိုးသမီးရဲ့ ဗီဒီယိုကိုတော့ လူမှုကွန်ရက ်မီဒီယာမှာ ဝေမျှထားပါတယ်။ အမျိုးသမီး တဦးကတော့ သူ့ရဲ့ လိုင်စင်အသစ် ဓာတ်ပုံကို Twitter မှာ တင်ထားခဲ့တာကိုလည်း တွေ့ရပါတယ်။
အဲဒီ ကြေညာချက်ထဲမှာတော့ ဆော်ဒီအမျိုးသမီး ၂၀၀၀ ကျော်ဟာ လာမယ့် သီတင်းပတ်ထဲမှာ လိုင်စင်ရရှိမှာ ဖြစ်တဲ့ အကြောင်း ဖော်ပြထားပေမယ့် သူတို့တွေကဟာ “ဘယ်သူတွေဖြစ်တယ်၊ လိုင်စင်ကို ဘယ်မှာ ထုတ်ပေးမယ်” ဆိုတာ ကိုတော့ အသေးစိတ် ဖော်ပြထားတာ မရှိပါဘူး။ အမျိုးသမီးတွေကို ယာဉ်မောင်းခွင့် ပြုလိုက်တာဟာ အမျိုးသမီးတွေကို လူနေမှုဘဝကနေ ဖယ်ရှားပြီး တချို့သော လုပ်ငန်းတွေကို လုပ်ကိုင်ခွင့် ကန့်သတ်ခံထားရတဲ့ ဆော်ဒီအာရေးဘီးဗျ နိုင်ငံမှာ အဓိက လူမှုဘဝအပြောင်းအလဲ တခုလည်း ဖြစ်ပါတယ်။
အခုလိုမျိုး ယာဉ်မောင်းခွင့် ရရှိသွားတဲ့ အတွက်လည်း အမျိုးသမီးတွေအနေနဲ့ တက္ကစီခ ပေးစရာ မလိုဘဲ အလုပ်ကို သွားရောက်နိုင်မယ့်အပြင် သူတို့ကို လိုက်ပို့ပေးမယ့် နိုင်ငံခြားသား ယာဉ်မောင်းတွေကိုလည်း ငှားစရာ မလိုတော့ပါဘူး။ ဒါပေမယ့် ဆော်ဒီအာရေးဗျ နိုင်ငံရဲ့ လူနေမှုဘဝ နေရာတချို့မျာတော့ ရှေးရိုးစွဲတွေ ရှိနေဆဲ ဖြစ်ပြီး တချို့ အမျိုးသား တွေဟာ ဥပဒေအရ ဘောင်မဝင်ပေမယ့် သူတို့ရဲ့ အမျိုးသမီး ဆွေမျိုးတွေ ယာဉ်မောင်းတာကို တားမြစ်နိုင်ပါသေးတယ်။
အခုလိုမျိုး အမျိုးသမီး ယာဉ်မောင်း တားမြစ်ချက်ကို စိန်ခေါ်တဲ့နေရာမှာ ပါဝင်ခဲ့တဲ့ အမျိုးသားနဲ့ အမျိုးသမီး အရေအတွက် တော်တော်များများကတော့ မကြာသေးခင်ပဲ ဖမ်းဆီးခံထားရတာတွေ ရှိနေပါသေးတယ်။ အဲဒီအထဲက တချို့ဟာဆိုရင် ၁၉၉၀ ခုနှစ်မှာ ဆန္ဒပြဖို့ မြို့တော် ရီယာ့ဒ်မှာ ယာဉ်မောင်းခဲ့သူ အချို့လည်း ပါဝင်နေပါတယ်။
သူတို့အထဲက ၈ ဦးကိုတော့ သူတို့ရဲ့ အမှုကို ပြန်လည်သုံးသပ်ပြီးတဲ့နောက် ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်တဲ့အကြောင်း ကြေညာချက်ထဲမှာ ဖော်ပြပြီး အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၄ ဦးကိုတော့ ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးထိန်းသိမ်းထားသူတွေရဲ့ နာမည်တွေကိုတော့ ကြေညာချက်ထဲမှာ မဖော်ပြခဲ့ပါဘူး။
Ref: nytimes