သတင်း

ရှမ်းပြည်နယ်တွင် မူးယစ်ဆေးဝါး စက်ရုံ ၃၇ ရုံရှိဟု မလေးရှား ရဲ ထုတ်ပြန်

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ်အတွင်း လက်နက်ကိုင်တပ်ဖွဲ့များ၏ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးနေသည့် စက်ရုံ ၃၇ ရုံတွင် ‘ဝ’ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၏ စက်ရုံများလည်း ၁၀ရုံထက်မနည်း ပါဝင်နေကြောင်း မလေးရှား ရဲတပ်ဖွဲ့ က မြေပုံနှင့်တကွ သတင်း ထုတ်ပြန်သည်။

မလေးရှား ရဲတပ်ဖွဲ့၏ ဇွန်လ ၂ရက် ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင်း မူးယစ်ဆေးဝါး စက်ရုံ ၃၇ ရုံရှိရာ စက်ရုံအားလုံးသည် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ပြည်သူ့ စစ်တပ်ဖွဲ့များပိုင် စက်ရုံများ ဖြစ်ကြောင်း မြေပုံ နှင့် တကွဖော်ပြထားပြီး ထိုစက်ရုံများတွင် UWSA ကလည်း ၁၀ရုံထက်မနည်း ဖွင့်လှစ်၍ မူးယစ်ဆေးဝါး ထုတ်လုပ် ဖြန့်ဖြူးနေကြောင်း ဖော်ပြထားခြင်း ဖြစ်သည်။

မေလ ၂၈ ရက်က ရန်ကုန်မြို့မှ ထွက်ခွာပြီး မလေးရှားနိုင်ငံ ကွာလာလန်ပူမြို့ ကလန်းဆိပ်ကမ်းတွင် ဆိုက်ရောက် သည့် လက်ဖက်ခြောက် ကွန်တိန်နာထဲတွင် မူးယစ်ဆေးဝါး စုစုပေါင်း ၁၁၈၇ ကီလိုဂရမ်၊ မလေးရှား ရင်းဂစ်ငွေ ၇၁ သန်း ဖိုး စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် မလေးရှားရဲတပ်ဖွဲ့က မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင်းရှိ မူးယစ်ဆေးဝါး စက်ရုံများ မှ တဆင့် မူးယစ်ဆေးများ ထွက်ရှိနေသည်ဟုဆိုကာ မြေပုံများနှင့်တကွ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

UWSA က ၎င်းတို့ထိန်းချုပ်သည့် မြို့တော် ပန်ခမ်း (ပန်ဆန်း)မြို့တွင် စက်ရုံ တရုံ၊ UWSA ၏ မဟာမိတ် မိုင်းလား အဖွဲ့ ၏ မြို့တော် မိုင်းလားမြို့တွင် စက်ရုံတရုံ၊ မိုင်းယောင်းတွင် စက်ရုံ ၂ရုံ၊ တာချီလိတ်မြို့တွင် UWSA နှင့် လားဟူ ပြည်သူ့စစ်တို့၏ စက်ရုံ ၃ရုံ၊ မိုင်းဆတ်မြို့တွင်လည်း UWSA နှင့် လားဟူပြည်သူ့စစ် ပူးပေါင်း ဖွင့်ထားသည့် စက်ရုံ ၂ရုံ၊ မိုင်းတုံမြို့တွင်လည်း စက်ရုံ ၃ရုံတို့ကို ဖွင့်လှစ်ထားကြောင်းလည်း မလေးရှား ရဲတပ်ဖွဲ့က ဖော်ပြထားသည်။

UWSA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက “ဒါတွေက အခြေအမြစ်မရှိပါဘူး။ ဘယ်အချက်အလက် ဘယ်အထောက် အထားကို ရပြီးမှ ပြောတာလည်း ဆိုတာ ကျနော်တို့ အများကြီး ပြောစရာ ရှိတာပေါ့နော်။ ဖော်ပြတဲ့ထဲမှာလည်း ကျနော် တို့ ပန်ခမ်းမြို့က လွဲလို့ ကျန်တဲ့ နယ်မြေတွေက ကျနော်တို့ ဝ ထိန်းချုပ်နယ်မြေတွေမှ မဟုတ်တာ”ဟု ပြော သည်။

မလေးရှား ရဲတပ်ဖွဲ့မှ မြေပုံဖြင့် ဖော်ပြထားသည့် မိုင်းလားမြို့မှာ UWSA ၏ မဟာမိတ် အမျိုးသား ဒီမိုကရေစီ မဟာ မိတ် တပ်မတော် – မိုင်းလား အဖွဲ့(NDAA) ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမြို့ ဖြစ်ပြီး မိုင်းယောင်း၊ မိုင်းဆတ်၊ တာချီလိတ်နှင့် မိုင်းတုံမြို့များမှာ အစိုးရ ထိန်းချုပ်နယ်မြေများ၊ တပ်မတော် လက်အောက်ခံ ပြည်သူ့စစ် တပ်ဖွဲ့များရှိသည့် ဒေသများ ဖြစ်ကြောင်း သိရသည်။

ဦးညီရန်းက “ကျနော်တို့ ဌာနချုပ်မှာ အစည်းအဝေးတိုင်းလိုလိုမှာ ထုတ်ပြန်ချက်တိုင်းလိုလိုမှာ မူးယစ်ဆေးဝါးတွေကို ကျနော်တို့ ပြတ်ပြတ်သားသား ချေမှုန်းသွားမယ်။ အဲ့ဒီလို ခြေလှမ်းတွေနဲ့ လုပ်နေတာပဲ။ မူးယစ်ဆေးဝါး လုပ်တယ် ထုတ်လုပ်တာတို့ မိတယ်ဆိုရင် အမြင့်ဆုံး သေဒဏ်ထိ ချမှတ်တာရှိတယ်။ ကျနော်တို့ပြည်သူတွေလည်း မူးယစ်ဆေး သားကောင် မဖြစ်စေချင်ဘူး”ဟုလည်း ပြောဆိုသည်။

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအနေဖြင့် မူးယစ်တပ်ဖွဲ့များ ဖွဲ့စည်းထားပြီး ဖြတ်သန်းသွားလာသည့် ဂိတ်များတွင် အဝင် အထွက် စစ်ဆေးကြောင်း၊ ပြည်တွင်းရှိ အခြားမြို့များမှ ဝဒေသသို့ဝင်လာပြီး တရုတ်၊ ထိုင်း၊ လာအိုသို့ ကုန်ကူးကြ သည့် မူးယစ်ဆေးရောင်းဝယ်သူများ ရှိကြောင်း၊ ထိုသူများကို ဝ တပ်ဖွဲ့က ဖမ်းဆီးဖူးသည့် ဖြစ်စဉ်များ ရှိကြောင်း၊ ဝတပ်ဖွဲ့ အနေဖြင့် မူးယစ်ဆေးမထုတ်ဘဲ မူးယစ်ဆေး တားဆီးခြင်းကိုသာ လုပ်ဆောင်နေကြောင်း ဦးညီရန်းက ပြော သည်။

ယခင်ခေတ် ကာလများက ဝ ဒေသအတွင်း ဘိန်းစိုက်ပျိုးခဲ့သော်လည်း ၂၀၀၅ ခုနှစ်မှစ၍ ဘိန်းစိုက်ပျိုးမှုများ မရှိတော့ ကြောင်း ကမ္ဘာကို ကြေညာကာ အစားထိုးသီးနှံအဖြစ် ရာဘာ၊ ပြောင်း၊ ကော်ဖီ၊ လက်ဖက်၊ ကြံများ စိုက်ပြီး သတ္ထု တူးဖော်ရေး နှင့် ရေအားလျှပ်စစ် လုပ်ငန်းများ လုပ်ဆောင်နေကြောင်းလည်း ဦးညီရန်းက ပြောဆိုသည်။

ဆက်လက်၍ ဦးညီရန်းက “အဓိက ကတော့ ယိုးဒယားပေါ့နော်။ မိလိုက်ရင် အဆုံးစွန်ပြောရင် ဘယ်သူပဲ မိမိ ဝဟာပဲ။ ကျနော်တို့ ဝအဖွဲ့ပဲ စွပ်စွဲတယ်။ တကယ်လို့ ဝက ဆိုရင် ဘယ်နေရာ၊ ဘယ်အဖွဲ့အစည်း၊ ဘယ်သူ၊ ဘယ်အချိန်၊ ဘယ် လမ်းကြောင်း၊ ဘယ်သူက ဘယ်သူ့ဆီ ပို့မယ်ဆိုတာ ဖော်ပြနိုင်လား။ ဖမ်းမိတာနဲ့ ဝဘက်ကလို့ ယူဆတယ်။ ခန့်မှန်း တယ်လို့ သုံးနှုန်းကတည်းက အခြေအမြစ် မရှိဘူးဆိုတာ သိသာလွန်းတယ်” ဟုလည်း ပြောသည်။

မြန်မာအစိုးရ အုပ်ချုပ်သည့် ပြည်နယ်များနှင့် နှိုင်းယှဉ်ပါက ဝဒေသတွင် မူးယစ်ဆေးဝါး သုံးစွဲသူ အနည်းဆုံး ဖြစ်မည် ကို အာမခံနိုင်ပြီး အိမ်နီးချင်း တရုတ်၊ ထိုင်းတို့သည်လည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ထိထိရောက်ရောက် မထိန်း ချုပ်နိုင်ဘဲ UWSAကိုသာ စွပ်စွဲနေကြောင်း၊ မစွပ်စွဲဘဲ မူးယစ်ဆေး တိုက်ဖျက်ရေးကို လက်တွဲလုပ်သင့်ကြောင်း ဦးညီရန်း က ပြောဆိုသည်။

UWSA သည် ၁၉၉၀ ကျော်ကာလများတွင် ဘိန်းစိုက်ပျိုးမှုနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တခုအဖြစ် ကမ္ဘာတွင် နာမည်ဆိုးဖြင့် ကျော်ကြားသည့် အဖွ့ဲ တဖွဲ့ ဖြစ်ပြီး ယနေ့ထိလည်း မူးယစ် ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးသည့် အဖွဲ့ဟု ပြောဆိုမှုများ ရှိနေဆဲဖြစ်သည်။

UWSA ခေါင်းဆောင် ဦးပေါက်ယူချန်းကို အမေရိကန်အစိုးရက အရေးယူ ပိတ်ဆို့ထားဆဲဖြစ်ပြီး UWSA ကိုလည်း မူးယစ်ဆေးဝါး ရောင်းဝယ်နေသည့် အဖွဲ့ဖြစ်ကြောင်း သတ်မှတ်ထားဆဲ ဖြစ်သည်။

UWSA ထိန်းချုပ်နယ်မြေ အတွင်း နေထိုင်နေသည့် UWSA အကြီးအကဲဟောင်း ဦးဝေရှောက်ခမ် ကိုလည်း အမေရိကန် အစိုးရက ဆုကြေးငွေ ဒေါ်လာ ၂သန်း ထုတ်ကာ ဝရမ်းထုတ်ထားဆဲ ဖြစ်သည်။

သို့သော် ဦးပေါက်ယူချန်းက ၂၀၀၅ ခုကတည်းကစပြီး ဝ ပြည်နယ်တွင်း ဘိန်းစိုက်ပျိုးမှုနှင့် မူူးယစ်ဆေးဝါး ထုတ်လုပ် မှုများ မလုပ်တော့ကြောင်း အာမခံကာ ငြင်းချက်ထုတ်ထားပြီး ၂၀၁၇ ခုနှစ် ဇွန်လ ၂၆ရက်မှာလည်း UWSA တောင် ပိုင်း အုပ်ချုပ် ဒေသထဲက ပုံပါကျင်မြို့နယ်ထဲကို သတင်းထောက်တွေကို ဖိတ်ခေါ်ပြီး ဖမ်းမိထားသည့် မူးယစ်ဆေးဝါး များဟု ဆိုသည့် ဆေးပြားများ၊ ဘိန်းဖြူမှုန့်များကို မီးရှို့ပြခဲ့သည်။

ထိုပွဲတွင်လည်း UWSA ဒေသတွင်း ဘိန်းမစိုက်တော့ကြောင်း၊ ဘိန်းထုတ်လုပ်မှုများလည်း မလုပ်တော့ကြောင်း အာမခံကြောင်း၊ ပြည်တွင်းပြည်ပအဖွဲ့များ လာရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း၊ ဖိတ်ခေါ်ပါကြောင်းကိုလည်း UWSA တောင်ပိုင်းဒေသ အကြီးအကဲများက ထပ်ခါထပ်ခါ အာမခံပြောဆိုခဲ့သည်။

သို့သော် ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် ဝတောင်ပိုင်း ဒေသများထဲသို့ လျှို့ဝှက်ဝင်ရောက်ပြီး ဘိန်းစိုက်ပျိုးမှု နှင့် မူးယစ် ဆေးဝါး ထုတ်လုပ်မှုများအကြောင်း မှတ်တမ်းများ ရယူနေသူများကမူ မလေးရှား ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက် မြေပုံမှာ အသေးစိတ် အချက်အလက် မမှန်ကန်သော်လည်း UWSA က မူးယစ်ဆေးဝါးများ ထုတ်လုပ်နေကြောင်း၊ လားဟူ ပြည်သူ့စစ်အဖွဲ့ တချို့သည် UWSA နှင့်ပူးပေါင်းကာ မူးယစ်ဆေး ကုန်သွယ်မှုများ လုပ်ကြောင်း ဧရာဝတီကို ပြောဆို ကြ သည်။

UWSA သည် ခန့်မှန်းခြေ တပ်ဖွဲ့အင်အား ၃သောင်း ဝန်းကျင်ဖြင့် မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များထဲတွင် အင်အားအကြီးဆုံး အဖွဲ့ဖြစ်ပြီး အစိုးရနှင့် နိုင်ငံရေးဆွေးနွေးရန် ကမ်းလှမ်းလျက် ရှိသည်။

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ က UWSA ဦးဆောင်ပြီး အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – မိုင်းလားအဖွဲ့ (NDAA)၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – ကိုးကန့် တပ်ဖွ့ဲ (MNDAA)၊ ရှမ်းပြည် မြောက်ပိုင်းတပ်မတော် (SSPP/SSA)၊ တအာန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ပါဝင်ကာ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC)ကို ဖွဲ့စည်း ပြီး အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုကာ နိုင်ငံရေး ဆွေးနွေးရန် တောင်းဆိုလျက် ရှိသည်။

မလေးရှား ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ကွတ်ခိုင်မြို့နယ်တွင် ကောင်းခါး ပြည်သူ့စစ်အဖွဲ့ (KDA) က စက်ရုံ ၁၀ ရုံ၊ မောက်မယ်မြို့နယ်နှင့် နမ့်ဆန်မြို့နယ် တို့တွင် ရှမ်းလက်နက်ကိုင် အဖွဲ့ တဖွဲ့က စက်ရုံ ၆ရုံ၊ တန့်ယန်းမြို့နယ်တွင် SPP/SSA နှင့် မိုင်းပန်ပြည်သူ့စစ် အဖွဲ့တို့က စက်ရုံ ၃ရုံ၊ နမ့်ခမ်းမြို့နယ်တွင် ပန်းဆေး ပြည်သူ့စစ်အဖွဲ့က စက်ရုံ ၂ရုံ၊ မိုင်းရှုးမြို့နယ်တွင် လက်နက်ကိုင် အဖွဲ့တဖွဲ့က စက်ရုံ ၁ရုံ၊ ကွမ်လုံမြို့နယ်တွင် ကိုးကန့် အထူးတိုက်ခိုက်ရေး ခေါင်း ဆောင် ဦးဟော်ရှောက်ချန်က စက်ရုံ ၂ ရုံ နှင့် ကိုးကန့်မြို့နယ်တွင်လည်း MNDAA က စက်ရုံ ၁ရုံ အသီးသီး တည် ထောင် ထားကာ မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချနေသည်ဟု သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading