ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာရေး ကွပ်ကွဲမှုအောက်ရှိ မြို့နယ် ၁၁ မြို့နယ်၌ ကိုယ်ပိုင် စီးပွားရေး လုပ်ကိုင် နိုင်သော လုပ်ငန်းရှင်များ ပေါ်ထွက်ရန် နိုင်ငံတကာ အဆင့်မီ စက်မှုဇုန် စီမံကိန်း အစီရင်ခံစာကို တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြ ကြောင်း သိရသည်။
ဇွန်လ ၅ ရက်က ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး၌ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး က ယင်း အစီရင်ခံစာကို ရှင်းလင်း တင်ပြခြင်း ဖြစ်သည်။
ဦးမောင်မောင်စိုးက “ယခင် ဖြစ်လာတဲ့ ပြဿနာက ဘာလဲဆိုရင် သီအိုရီအရ ဒေသဖွံ့ဖြိုး တိုးတက်ရေးက ၂ ခု ရှိပါတယ်။ ဒါက Worker to the work နဲ့ Work to the worker ဖြစ်တယ်။ အခု ကျနော်တို့ ကြုံနေရတာက Worker to the work ပေါ့။ အလုပ်ရှိတဲ့ နေရာကို ပြည်တွင်းရော ပြည်ပရော သွားရောက် လုပ်ကိုင်နေရတဲ့ အတွက် မိသားစုနဲ့ ကွဲကွာတာတွေ သူတို့ရဲ့ စီးပွားရေးကို ကိုယ်တိုင် ဖန်တီးနိုင်မှုနည်းတဲ့ အတွက်ကြောင့် ဒါကို ကျနော်တို့ လူတွေရှိတဲ့ နေရာကို အလုပ် ချ ပေးတာဖြစ်တယ်”ဟု ပြောသည်။
ယင်းသို့ စက်မှုဇုန်များ တည်ဆောက်ခြင်း၏အကျိုးအမြတ်မှာ ဒေသဖွံ့ဖြိုးရေးအတွက် ဦးတည်ကြောင်းလည်း ၎င်းက ဆို သည်။
ဆက်လက်၍ မြို့တော်ဝန်က “ကျနော်တို့ ဒီဒေသထဲက ခရိုနီပဲ ပြောပြော တိုက်ကွန်းပဲ ပြောပြော သူတို့ကို ဦးစားပေးတာ ကလည်း ဒေသရဲ့ လက်ထဲမှာ ဒေသရဲ့ လူကိုပဲ ဖွံ့ဖြိုးမှုကို ဖြစ်စေချင်တဲ့ သဘောမျိုးနဲ့ လုပ်စေချင်တယ်” ဟု ပြောဆို သည်။
ထို့ကြောင့် ရန်ကုန်တိုင်း ဒေသကြီး အတွင်း စည်ပင်သာယာရေး အဖွဲ့ သို့မဟုတ် တိုင်းစည်ပင် ကွပ်ကဲမှုအောက်တွင် ရှိသော မြို့နယ် ၁၁ မြို့နယ်၌ နိုင်ငံတကာ အဆင့်မီ စက်မှုဇုန်များ ထူထောင်နိုင်ရန် အတွက် စီမံကိန်း အဆိုပြုချက်များကို တင်ပြသွားမည်ဖြစ်ကြောင်း မြို့တော်ဝန်က ပြောကြားခဲ့သည်။
“ဒါ့အပြင် မြို့နယ်တခုချင်းစီမှ စက်မှုဇုန် တည်ထောင်တာကြောင့် ရရှိလာမည့်ဝင်ငွေတွေကို ယင်းမြို့နယ် တခုချင်းစီရဲ့ မြို့ပြ နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပြန်လည်သုံးစွဲရန် အတွက်လည်း ရည်ရွယ်တယ်”ဟု ၎င်းက ပြောသည်။
လက်ရှိ ရန်ကုန်တိုင်း ဒေသကြီး၌ မြို့နယ် ၄၅ မြို့နယ် ပါဝင်ဖွဲ့စည်းထားသော်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ကွပ်ကဲမှု အောက်တွင် မြို့နယ် ၃၃ မြို့နယ်နှင့် ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာရေး အဖွဲ့ ကွပ်ကဲမှု အောက်တွင် မြို့နယ် ၁၂ မြို့နယ် ရှိသည်။
အဆိုပါ မြို့နယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုမှာ လက်ရှိ အချိန်တွင် ကွာဟလျက် ရှိနေသဖြင့် ကိုကိုးကျွန်း မြို့နယ်မှ အပ ကျန် ဖွံ့ဖြိုးမှု ကွာဟနေသော မြို့နယ် ၁၁ ခုတွင် နိုင်ငံတကာ အဆင့်မီ စက်မှုဇုန်များ ထူထောင်ခြင်းဖြင့် ဖွံ့ဖြိုး တိုးတက်မှုကို ဟန်ချက်ညီစေရန် အတွက် ဆောင်ရွက်မည် ဖြစ်ကြောင်း မြို့တော်ဝန်က ပြောသည်။
မေလ ၉ ရက်၌ Novotel Hotel တွင် ပြုလုပ်သည့် ရန်ကုန် ရင်းနှီးမြှုပ်နှံမှု ဖိုရမ် ၂၀၁၈ အခမ်းအနားတွင် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း ယင်းစီမံကိန်း လုပ်ဆောင်ရန် ရှိကြောင်း ပြောကြားထားသည်။
ဦးဖြိုးမင်းသိန်းက “ရန်ကုန် စည်ပင်သာယာ နယ်နိမိတ်ပြင်ပ ၁၁ ခုမှာ စက်မှုဇုန်တွေ ရှိချင်ပါတယ်။ စည်ပင်သာယာ ၃၃ မြို့ နယ်ထဲမှာတော့ ပါတယ်။ အနားသတ် ဧရိယာတွေက နောက်ကျနေတယ်။ နယ်နိမိတ်ပြင်ပ မြို့နယ်တွေက နောက်ကျ နေ တယ်။ အဲဒီနေရာတွေမှာ စက်မှုဇုန်တွေကို တိုင်းစည်ပင်က တည်ဆောက်နိုင်ဖို့ အတွက် ကျနော်တို့ ကြိုးပမ်းနေတယ်။ ရလာ မယ့် အကျိုးအမြတ်တွေကို တိုင်းအတွင်းမှာပဲ မြို့နယ်အလိုက် ဖွံ့ဖြိုးတိုးတက်ရေးကို ပြန်လုပ်နိုင်ဖို့ဖြစ်ပါတယ်”ဟု ပြောသည်။
စက်မှုဇုန် တည်ထောင်ရန် သတ်မှတ်ထားသော မြို့နယ် အလိုက် မြေနေရာများမှာ ကွမ်းခြံကုန်းမြို့နယ်တွင် မြေ ၁၀၉၁ ဒသမ ၉၆ ဧက၊ ကော့မှူးမြို့နယ်တွင် မြေ ၁ ထောင်ဧက၊ တွံတေးမြို့တွင် မြေ ၈၅၀ ဧက၊ သန်လျင်မြို့နယ်တွင် မြေ ၁၀၈၈ ဧက၊ ကျောက်တန်း မြို့နယ်တွင် မြေ ၁၀၅၁ ဒသမ ၃၆ ဧက၊ ခရမ်းမြို့နယ်တွင် မြေ ၁ ထောင်ဧက၊ သုံးခွမြို့နယ် တွင် မြေ ၁၈၇၁ ဧက တို့ဖြစ်သည်ဟု ဆိုသည်။
ယင်းပြင် တိုက်ကြီးမြို့နယ်၌ မြေ ၁ ထောင်ဧက၊ မှော်ဘီမြို့နယ်တွင် မြေ ၇၅၀ ဧက၊ လှည်းကူးမြို့နယ်တွင် မြေ ၁ထောင် ဧကနှင့် တန်းတပင် မြို့နယ်တွင် မြေ ၁၆၀၀ ဧကတို့ကို စက်မှုဇုန် တည်ထောင်ရန် သတ်မှတ်ထားပြီး မြေအမျိုးအစားမှာ လယ်မြေ အမျိုးအစားများ ဖြစ်ကြောင်း သိရသည်။
ထို မြေနေရာများကို တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် မြို့နယ် စည်ပင်သာယာရေး အဖွဲ့တို့မှ ညိုနှိုင်းပြီး စက်မှုဇုန် မြေနေရာများကို ရွေးချယ် သတ်မှတ်ထားခြင်း ဖြစ်သည်ဟု ဆို သည်။
ယင်းစက်မှုဇုန် မြေနေရာများ ရွေးချယ်လျာထားမှုနှင့် ပတ်သက်ပြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှု ပြန်လည် စိစစ်ရေး ကော်မတီ၏ စိစစ်ထောက်ခံချက်ဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်တွင် ကျင်းပသော ရန်ကုန်တိုင်း အစိုးရအဖွဲ့ အစည်းအဝေး၌ တင်ပြခဲ့ရာမှ အတည်ပြုချက် ရရှိခဲ့ပြီး ဖြစ်သည်ဟု မြို့တော်ဝန်က ပြောသည်။
အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့ အောက်ရှိ မြို့နယ် ၁၁ မြို့နယ်မှာ နိုင်ငံတကာ အဆင့်မီ စက်မှု ဇုန်များ ထူထောင်ခြင်းဖြင့် ကျန်မြို့နယ်များနှင့် ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက် လျော့နည်းသွားပြီး ဒေသဖွံ့ဖြိုးမှုနှင့် ဒေသခံ များ ၏ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးကို အထောက်အကူ ပြုနိုင်သောကြောင့် ဖော်ပြပါ စီမံကိန်းကို အတည်ပြု ပေး နိုင်ရန် အတွက် တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ မှ တဆင့် တင်ပြခြင်း ဖြစ်သည်ဟု မြို့တော်ဝန်က ပြောဆိုသည်။
“ဒါက လွှတ်တော်က သဘောတူမှ ဆက်လုပ်လို့ရမယ်။ မြေတွေကလည်း တိုင်းအဆင့်ကနေ စိစစ်ပြီးသွားတဲ့ အတွက် မြေအမျိုးအစား ခွဲဝေမှုလည်း ယူရမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ စက်မှုဇုန် ထူထောင်တဲ့နေရာမှာ အခွင့်အလမ်း စရိတ် ဆိုတာ ရှိပါတယ်။ တခု လွှတ်လို့ရှိရင် နောက်တခုကို ကျနော်တို့ လက်လွှတ်ဆုံးရှုံးရမယ့် အတွက်ကြောင့် အပြန်အလှန် စရိတ်အတွက် ဝိုင်းစဉ်းစားဖို့ လိုပါတယ်” ဟုလည်း ၎င်းက ရှင်းပြခ့ဲသည်။
ယခုတင်ပြသည့် စက်မှုဇုန်ကို မြန်မာနိုင်ငံနှင့် အိမ်နီးချင်း အာဆီယံနိုင်ငံများရှိ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ အတွေ့အကြုံများနှင့် လုပ်ငန်းများ အပေါ်မှီငြမ်းပြီး တင်ပြထားခြင်းဖြစ်သည် ဟု မြို့တော်ဝန်က ပြောသည်။
စက်မှုဇုန် မြေနေရာများကို ပထမအဆင့် အဖြစ် မြို့ပြ စီမံကိန်းမြေ အဖြစ် သတ်မှတ်၍ မြေပိုင်ရှင်များမှ ၂၀ ရာခိုင်နှုန်း နိုင်ငံတော်မှ ၈၀ ရာခိုင်နှုန်း အချိုးဖြင့် ခွဲဝေပြီး နိုင်ငံတကာ အဆင့်မီ စက်မှုဇုန်များ ထူထောင်ရန် စီမံကိန်း မြေဧရိယာ များကို လုပ်ငန်းဆောင်ရွက်၍ ရနိုင်ဖွယ် ရှိ၊ မရှိ (Feasibility Study) ဆောင်ရွက်ပြီး တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြ ခြင်း ယင်းမှတဆင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြအတည် ပြုချက်ရယူခြင်းတို့ကို ဆောင်ရွက်မည် ဖြစ်သည် ဟု ဆို သည်။
ထိုသို့ ပြည်ထောင်စု အစိုးရအဖွဲ့မှ အတည်ပြုချက်ရရှိလျှင် စက်မှုဇုန်များ တည်ထောင်ခြင်း လုပ်ငန်းကို အိတ်ဖွင့်တင်ဒါများ ခေါ်ယူသွားမည် ဖြစ်ပြီး တင်ဒါများ စိစစ်ရွေးချယ်ရာတွင်လည်း ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ပြည်သူ့အကျိုးပြုမှုကို ဖော် ဆောင် ပေးမည့် ကုမ္ပဏီကို ပွင့်လင်းမြင်သာမှုနှင့် တရားမျှတမှု ရှိစေရန် Swiss Challenge စနစ်ဖြင့် တိုင်းအစိုးရမှ ဖွဲ့စည်း ထားသော တင်ဒါ စိစစ်ရွေးချယ်ရေး အဖွဲ့၊ ကော်မတီများမှ ရွေးချယ်သွားမည် ဖြစ်ကြောင်း မြို့တော်ဝန်က ပြောဆိုသည်။
နိုင်ငံတကာ အဆင့်မီ စက်မှုဇုန်များ ထူထောင်ခြင်းဖြင့် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် ဖော်ဆောင် ပေးနိုင်မည့် အပြင် ရန်ကုန်မြို့တော်၏ လူဦးရေ သိပ်သည်းကြပ်တည်းမှုနှင့် ယာဉ်ကြောပိတ်ဆို့မှုများကိုလည်း အထိုက် အလျောက် လျော့နည်းသွားစေရန် အတွက် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု အစီရင်ခံစာ အရ သိရသည်။
ယင်း စီမံကိန်းများကို လက်ရှိအစိုးရ ကျန်ရှိသော ၃ နှစ်တာကာလ အတွင်း အခြေချမိသည် အထိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) က ကြီးမှူးပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်းကော်မတီ အတွင်းရေးမှူး ဦးသန်း က ပြောကြားထားသည်။
စက်မှုဇုန်အသစ်များ ဖော်ထုတ်မည့် အစီအစဉ်မှာ ကောင်းမွန်သော်လည်း လက်ရှိ စက်မှုဇုန်အဟောင်းများ ကြုံတွေ့နေရ သည့် အခက်အခဲများ မဖြစ်ပေါ်စေရန် လုပ်ဆောင်သင့်ကြောင်း နှစ်ပေါင်းများစွာ စက်မှုဇုန်လုပ်ငန်း အတွေ့ကြုံ ရှိသော ရွှေလင်ဗန်း စက်မှုဇုန် ဥက္ကဋ္ဌ ဖြစ်သူ ဦးအေးသောင်းက ဧရာဝတီသို့ ပြောသည်။
“မြန်မာပြည် အတွက်တော့ စက်မှုဇုန် လိုအပ်နေတာကတော့ အမှန်ပါပဲ။ ဒါပေမယ့် စက်မှုဇုန် အမည်ခံပြီးတော့ ဘာမှ ရေ မရ မီးမရ လမ်းပန်း ဆက်သွယ်ရေး မကောင်းတဲ့ စက်မှုဇုန်မျိုး မဖြစ်ချင်ဘူး။ တကယ် လုပ်နိုင်ရင်တော့ အင်မတန် ကောင်း တဲ့ အစီအစဉ်ပါ။ အခု မြန်မာမှာ ရှိတဲ့ စက်မှုဇုန်တွေက နိုင်ငံတကာကို ခေါ်ပြနိုင်လောက်အောင် မရှိဘူး။ ရုုပ်ပျက် ဆင်းပျက် ဖြစ်နေတယ်။ ကျူးကျော်၊ မြေယာ ကိစ္စတွေ ရှင်းလို့မရအောင် ဖြစ်နေတဲ့ ပြဿနာတွေ ရှိနေတယ်။ အဓိကက ဥပဒေ စိုးမိုးမှု မရှိတာပေါ့” ဟု ၎င်းက ဆိုသည်။
စက်မှုဇုန် ဥပဒေ လည်း မရှိသေးသည့်အတွက် လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များကိုလည်း အကာကွယ်ပေးရန် လိုအပ် နေကြောင်း ဦအေးသောင်းက ဆက်လက် ပြောဆိုသည်။
“စက်မှုဇုန်တွေမှာ အခု ဥပဒေ မရှိသေးပါဘူး။ အခု ရေးဆွဲနေတုန်းလို့ ပြောပါတယ်။ ဒီလူတွေက အလုပ်အကိုင် အခွင့် အလမ်း တွေ အများကြီးပေးနေတယ်။ လက်ရှိ စက်မှု ဇုန်တောင် အဆင်မပြေသေးဘူး၊ နောက်အသစ် ဘယ်လို လုပ်ကြ မလဲ။ အသစ်တွေ မလာတာ ကိစ္စမရှိဘူး၊ အဟောင်းတွေ ပြန်မပြေးဖို့က မြန်မာပြည်အတွက် အရေးကြီးနေတယ်။ အခုက ကုန်ဈေးနှုန်းက တက်လာတယ် အလုပ်အကိုင် အခွင့်အလမ်း ရှားသထက် ရှားလာတယ်။ တော်တော်များများ ပိတ်ကုန်ကြ ပြီ လက်ရှိ ဖြစ်နေတာလေးကိုပဲ အမြန်ရပ်တည်နိုင်အောင် လုပ်ပေးဖို့ တောင်းဆိုချင်တာ။ အရင်လုပ်ခဲ့တဲ့အပေါ်မှာ ဘယ် ဟာတွေ မှားနေလဲ မှန်နေလဲ ဆိုတာ ဥပဒေနဲ့ ထိန်းချုပ် ဆန်းစစ်ဖို့ လိုတယ်” ဟုလည်း ၎င်းက ပြောသည်။