ကချင်ပြည်နယ် ချီဖွေနှင့် ဆော့လောမြို့နယ်များတွင် ပိုင်ရှင်မဲ့ ဖမ်းမိထားသည့် စကားဝါ/ထင်းရှုးသစ်လုံး ၁၉၁၆ လုံး၊ တန်ချိန် ၁၃၄၅ တန်ကျော်သည် မေလ နောက်ဆုံးပတ်မှ စတင်၍ ကားအစီး ၄၀ ခန့်ဖြင့် တရုတ်နိုင်ငံဘက်သို့ ခိုးထုတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။
ဆော့လော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလာမာလေးက “သစ်တွေ အကုန်ပါသွားလား၊ ဘယ်လောက် ကျန်ခဲ့လဲဆိုတာ အခုထိ မသိရဘူး။ ဒါပေမယ့် သစ်လုံး သယ်သွားတဲ့ကားတွေကို ဒေသခံတွေက ဓာတ်ပုံရိုက်ပြလို့ မြင်လိုက်ရတယ်။ နောက်ဆုံး မြန်မာ-တရုတ် နယ်စပ် ချီဖွေမြို့နယ် ကန်ဖာအထိ ရောက်သွားတာ သိလိုက်ရတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယင်းပိုင်ရှင်မဲ့သစ်များကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် ဆော့လော်မြို့နယ် သစ်တောဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့က ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ်၊ မေလ ၁၅ ရက်နေ့တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အသုံးပြုရန် ကချင်ပြည်နယ် သစ်တော ဦးစီးဌာနမှ လုပ်ထုံးလုပ်နည်း စည်းကမ်းချက်များ သတ်မှတ်၍ ကချင် အထူးဒေသ ၁ ပန်ဝါ ဗဟိုဌာနချုပ်၊ ပူတာအိုနဂါး ကုမ္ပဏီ၊ ဆော့လော်မြို့နယ် ပြည်သူ/ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တို့ကို ရောင်းချပေးရမည်ဟု ကချင်ပြည်နယ် အစိုးရအဖွဲ့က စာတစောင် ထုတ်ပြန်ပေးခဲ့သည်။
ယင်းစာထုတ်ပြန်ပြီး မကြာမီ မေလ ၂၁ ရက်နေ့မှ စတင်ကာ သစ်ကားများဖြင့် ယင်းသစ်များကို တရုတ်နိုင်ငံဘက်ခြမ်းသို့ စတင်သယ်ယူရန် ကြိုးစားသဖြင့် သမ္မတရုံးသို့ မေလ ၂၂ ရက်နေ့ ရက်စွဲဖြင့် သစ်ခိုးထုတ်နေသူများကို အမြန်ဆုံး ထိရောက်စွာ တားဆီးဆောင်ရွက်ပေးရန် တင်ပြခဲ့သော်လည်း တရားဝင် အကြောင်းပြန်ကြားမှု မရှိကြောင်း သိရသည်။
ယင်းဒေသတွင် အရပ်ဘက် အုပ်ချုပ်ရေးအားနည်းပြီး လက်နက်ကိုင်များ ထိန်းချုပ်ထားပြီး တပ်မတော်၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့် တပ်ဖွဲ့များသာ ရှိကြောင်း၊ တရုတ်နိုင်ငံဘက်သို့ ယင်းသစ်ကားများ ထွက်ခွာနိုင်ရန် ယင်းအဖွဲ့များ၏ စစ်ဆေးရေးဂိတ်များကို ဖြတ်သန်းရကြောင်း လီဆူးအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီဝင်လည်း ဖြစ်သူ ဦးလာမာလေးက ပြောသည်။
“ဒေသခံတွေက သတင်းတွေ ပေးနေတယ်။ ဘယ်ရောက်နေပြီ။ သွားနေပြီ။ တင်နေပြီ။ ပြောပေးပါ။ နောက်ဆုံး သမ္မတဆီတင်ဖို့ ဓာတ်ပုံတွေ တောင်းရတယ်။ ကျနော်လည်း တပ်ဘက်ဆိုင်ရာတွေကို ဖုန်းဆက်တယ်။ ပြည်နယ် အစိုးရကို ဆက်တယ်။ သစ်တောကိုလည်း ဖုန်းဆက်ပြောခဲ့တယ်”ဟု ဦးလာမာလေးက ရှင်းပြသည်။
ချီဖွေမြို့နယ်၊ ဆော့လော်မြို့နယ်တို့အတွင်း ပိုဖမ်းဆီးရမိသည့် ပိုင်ရှင်မဲ့သစ်များကို ဥပဒေမဲ့ နိုင်ထက်စီးနင်းပြုလုပ်ကာ ခိုးယူနေခြင်းမှာ မြန်မာနိုင်ငံရှိ အစိုးရ၊ တပ်မတော်၊ လွှတ်တော် ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများကို အထင်သေး ဂရုမစိုက်သည့် သဘော သက်ရောက်နေကြောင်း ယင်းလွှတ်တော်ကိုယ်စားလှယ်၏ သမ္မတရုံးသို့ တင်ပြစာတွင် ဖော်ပြထားသည်။
ထို့ကြောင့် ယခုဖြစ်စဉ်တွင် ပါဝင်သည့် အတင့်ရဲစွာ ခိုးယူနေကြသည့် သစ်မှောင်ခို တရုတ်များ၊ ထိုသို့ ပြုလုပ်နိုင်ရန် ဆက်သွယ်ခိုင်းစေနေသူများ၊ ပါဝင်ကူညီနေသော ပုဂ္ဂိုလ် အဖွဲ့အစည်းများကို အမြန်ဆုံး ဖမ်းဆီးခြင်း၊ စုံစမ်းဖော်ထုတ်ခြင်းများ ပြုလုပ်ကာ ပြင်းပြင်း ထန်ထန် အရေးယူပေးရန် ယင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က တောင်းဆိုထားသည်။