မွန်ပြည်နယ်၊ မော်လမြိုင်အကျဉ်းထောင်နှင့် သထုံအကျဉ်းထောင်တို့တွင် သတ်မှတ်အကျဉ်းသားဦးရေထက် များစွာကျော်လွန်၍ အကျဉ်းသားပမဏ မဆန့်လောက်အောင်ထိ ဖြစ်နေရခြင်းမှာ မူးယစ်ဆေးဝါးများကို နေ့စဉ် ဖမ်းဆီးခဲ့ခြင်းကြောင့်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။
“အကျဉ်းကျနေရသူတွေရဲ့ ၆၅ ရာခိုင်နှုန်းဟာ မူးယစ်ဆေးဝါးအမှုနဲ့ အကျဉ်းထောင်မှာ ရှိပါတယ်၊ နေရတာကလည်း ထောင်ထဲမှာနှစ်ထပ် ဝါးစင်ထိုးပြီးအိပ်နေရပါတယ်၊ အဲဒီလောက်ထိ ဖမ်းခဲ့ပါတယ်၊ အဲဒီလောက်ထိ နှိမ်နင်းခဲ့ပါတယ်၊ ရဲတပ်ဖွဲ့က မဖမ်းတဲ့နေ့ တနေ့မှ မရှိပါဘူး။ ဒါထက်ပိုဖမ်းရင် ထောင်ထဲမှာ ထားစရာနေရာ မရှိပါဘူး”ဟု ၎င်းက ပြောသည်။
ဇွန် ၅ ရက်နေ့ကျင်းပသော ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (စတုတ္ထနေ့) တွင် ချောင်းဆုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက မူးယစ်ဆေးဝါး ကာကွယ်နှိမ်နင်းရေးနှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်သို့ မေးခွန်းမေးမြန်းခြင်းအပေါ် ဝန်ကြီးချုပ်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ဥပမာတခုပြောရလျှင် မော်လမြိုင်ထောင်ဟာ လူ ၁၀၀၀ ဆန့်ပါတယ်၊ တကယ်နေရတာ ၁၉၀၀ ပါ။ သထုံ ထောင်ဟာ ၁၅၀ ဆန့်ပါတယ်၊ တကယ်နေရတာ ၁၀၀၀ ပါ။ အဲဒီဟာတွေအားလုံးရဲ့ ၆၅ ရာခိုင်နှုန်းဟာ မူးယစ်ဆေးဝါးအမှုပါ။” ဟု ဒေါက်တာအေးဇံက ဆက်လက်ပြောဆိုသည်။
ဒေါက်တာအေးဇံသည် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရစဉ်က မွန်ပြည်နယ်လွှတ်တော်၌ ကျမ်းသစ္စာဆိုပြီးနောက် ၎င်းပြောဆိုခဲ့သော မိန့်ခွန်းထဲတွင်ပါရှိသည့် မူးယစ်ဆေးဝါးပြသနာ၊ ရာဇဝတ်မှုနှင့် လောင်းကစားတို့ကို ထိထိ ရောက်ရောက် နှိမ်နင်းမည်ဟု ကတိပေးထားချက်ကို မည်သို့ ဆောင်ရွက်ထားကြောင်း ဒေါက်တာအောင်နိုင်ဦးက မေးမြန်းခဲ့ခြင်းဖြစ်သည်။
“ဝန်ကြီးချုပ်ရဲ့ မိန့်ခွန်းထဲမှာ မူးယစ်ဆေးဝါးပြဿနာ၊ ရာဇဝတ်မှုများ၊ လောင်းကစားမှုများကို ဥပဒေနဲ့အညီ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းမည်ဖြစ်ကြောင်း ဒီနေရာကနေ အသိပေးပြောကြားပါတယ်လို့ ဝန်ကြီးချုပ် ပြောခဲ့ပါတယ်၊ နောက်တချက်ရှိပါတယ်၊ မူးယစ်ဆေးဝါးသုံးစွဲသူများနဲ့ လက်လီ၊ လက်ကား ဖြန့်ဖြူနေသူများကို ရပ်တန်းကရပ်ရန်နှင့် ထိထိရောက်ရောက် နှိမ်နင်းမယ်ဆိုပြီး ဒီနေရာကနေ ကတိပေးပါတယ်လို့ ဝန်ကြီးချုပ်က မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောဆိုသွားတာ အားရစရာကောင်းပါတယ်”
“ ဝန်ကြီးချုပ်ဟာ ပြည်နယ်အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်၊ ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဦးဆောင်သူ ဖြစ်ပါတယ်၊ ဝန်ကြီးချုပ်ရဲ့ ဖွင့်ဟပြောကြားသွားတဲ့ မိန့်ခွန်းဟာ ပြည်နယ်အစိုးရအဖွဲ့က ရှေ့ဆက်လုပ်ရမယ့် လုပ်ငန်းစဉ် အနာဂတ်စီမံကိန်းလို့ ကျနော်တို့ နားလည်ပါတယ်၊ ဝန်ကြီးချုပ်ရဲ့ မိန့်ခွန်းအတိုင်း မည်ကဲ့သို့ ဆောင်ရွက်သလဲ”ဟု ဒေါက်တာအောင်နိုင်ဦးက လွှတ်တော်တွင် မေးမြန်းခဲ့သည်။
“အလုပ်အကိုင်ရှားပါးမှု၊ ဆင်းရဲမွဲတေမှုကနေ ပေါက်ဖွားလာတဲ့ လောင်းကစားမှု ကိုင်တွယ်တဲ့နေရာမှာ တခုတည်းကို လက်ညှိုးထိုး ပြောကြားနေတာထက် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့ ပြောကြပါ၊ ပြည်နယ်ဖွံ့ဖြိုး တိုးတက်မှသာလျှင် လောင်းကစားမှုတွေ တဖြည်းဖြည်းနဲ့ ပပျောက်သွားမှာပါ။ အဲဒီလိုပဲ ရာဇဝတ်မှုတွေ၊ မူးယစ်ဆေးဝါး ပြသနာတွေ ပပျောက်သွားမှာပါ”ဟု ၎င်းက ပြောဆိုသည်။
မူးယစ်ဆေးဝါးပြဿနာသည် မွန်ပြည်နယ်တခုတည်း မဟုတ်ဘဲ တနိုင်ငံလုံး ဖြစ်ပျက်နေသည့် ပြဿနာ တရပ်ဖြစ်ကြောင်း၊ လောင်းကစားနှင့် ပတ်သက်၍ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် ကာစီနိုရုံများ များစွာရှိသော်လည်း မွန်ပြည်နယ်တွင် မရှိကြောင်း ဝန်ကြီးချုပ်က ပြောသည်။
ထို့အပြင် ဒေါက်တာအေးဇံက “အဲဒီတော့ အဲဒီပြဿနာကို ရဲတပ်ဖွဲ့ဝင်မှာ တာဝန်ရှိသလား၊ အစိုးရအဖွဲ့ဝင်မှာ တာဝန်ရှိသလား၊ လွှတ်တော်မှာပဲ တာဝန်ရှိသလား၊ ဘယ်သူအပေါ်မှာ တာဝန်ရှိပါသလဲ၊ မွန်ပြည်နယ်မှာရှိတဲ့ ပြည်သူပြည်သားအားလုံး၊ မြန်မာနိုင်ငံသားအားလုံးမှာ တာဝန်ရှိပါတယ်”ဟု ပြောသည်။
အစိုးရသည် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ဥပဒေများကို ပြင်ဆင်ရန် ဆောင်ရွက်နေပြီး ဘိန်းစိုက်ပျိုးထုတ်လုပ်မှု လျော့ကျရေးကိုလည်း နှစ်ရှည် စီမံကိန်းများဖြင့် ဆောင်ရွက်လျက်ရှိသည်။