သတင်း

ရခိုင် စုံစမ်းရေး ကော်မရှင်ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ရန် ကြံ့ခိုင်ရေး တိုက်တွန်း

Want create site? Find Free WordPress Themes and plugins.

ရခိုင်အရေး ဖြေရှင်းဆောင်ရွက်မည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်တခုကို ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်သင့်ကြောင်း အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ က ယနေ့ ပြည်သူ့ လွှတ်တော်၌ တိုက်တွန်းလိုက်သည်။

ရခိုင်ပြည်နယ်အတွင်း ပြန်လည် သင့်မြတ်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ ဆောင်ရွက်ရာတွင် အမျိုး သား အစီအစဉ် တရပ်အနေဖြင့် အစိုးရက လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းရန် ဆုံးဖြတ်လိုက် ပြီး ယင်းကော်မရှင်တွင် နိုင်ငံတကာမှ ပုဂ္ဂိုလ်ကြီးတဦး အပါအဝင် အဖွဲ့ဝင် ၃ ဦးဖြင့် ဖွဲ့စည်းမည်ဟု မေလ ၃၁ ရက်၌ သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့သည်။

“အထူးသဖြင့် နိုင်ငံတကာမှ ပုဂ္ဂိုလ်ကြီး ဆိုသူထက် အဆင့်မနိမ့်တဲ့ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးစီးပြီး ပြည်တွင်း ဥပဒေ ပညာရှင်တွေ အပါအဝင် ထင်ပေါ်ကျော်ကြားတဲ့ Eminent Person တွေနဲ့ ဖွဲ့စည်းဖို့ အကြံပြု တင်ပြလိုပါတယ်” ဟု ကြံ့ခိုင်ရေး ပါတီမှ မင်းကင်း ကိုယ်စားလှယ် ဦးမောင်မြင့်က လွှတ်တော် တွင် ပြောသည်။

ထို့ကြောင့် အစိုးရ၏ ထုတ်ပြန်ချက်ကို ပြန်လည် စဉ်းစားဆုံးဖြတ်ပေးရန်နှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နိုင်ငံ သားများ၏ ဂုဏ်သိက္ခာကို လေးစား ယုံကြည်သောအားဖြင့် ပြည်တွင်းမှ ကျွမ်းကျင်ပညာရှင်များနှင့်သာ ယင်းကော်မရှင်ကို ဖွဲ့စည်းရန် အရေးကြီး အဆိုတခုကိုလည်း ကြံ့ခိုင်ရေးပါတီက မိုင်းပန်မြို့နယ် ကိုယ်စားလှယ် ဦးစိုင်းကျော်မိုးက တင်သွင်း ခဲ့သည်။

ယင်းအဆိုကို ထောက်ခံဆွေးနွေးသူ ဦးမောင်မြင့်က ယခု ကော်မရှင် အသစ်ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်သင့်ပြီး ၎င်းအနေဖြင့် အစိုးရ တာဝန်များရှိ၍ မအားလပ်ပါက ယခင် လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ပြီး ယနေ့ အချိန်အထိ လွှတ်တော် အဝန်းအဝိုင်း အတွင်း ရှိနေသေးသည့် ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်း၊ ဗိုလ်ချုပ်ဟောင်း ဦးခင်အောင်မြင့်တို့ကို တာဝန်ပေး၍ ရကြောင်း ဆိုသည်။

ဦးမောင်မြင့်က “ကိုယ့်ရဲ့ ပြည်တွင်းရေးကိစ္စကို ပြည်ပက ခဏခဏ ဝင်ရောက် စွက်ဖက်ခံတာသည် ကိုယ့်နိုင်ငံရဲ့ အချုပ် အခြာ အာဏာကို Partially (တပိုင်းတစ) ထိပါးရင်းနဲ့ စွက်ဖက်မှုက ပိုပိုပြင်းထန်လာလိမ့်မယ်။ အဲဒီလို မဖြစ်စေချင်လို့ အမျိုးသား အကျိုးစီးပွား အလို့ငှာ တင်ပြရတာ ဖြစ်ပါတယ်” ဟု လွှတ်တော် အပြီးတွင် သတင်းထောက်များကို ပြောသည်။

အဆိုရှင် ဦးစိုင်းကျော်မိုး ကလည်း စုံးစမ်းရေး ကေ်ာမရှင်သည် ARSA အကြမ်းဖက်သမားများ တိုက်ခိုက်ခံရမှုပြီး နောက် ပိုင်း ကိစ္စရပ်များကိုသာ စုံစမ်း စစ်ဆေးရမည် ဖြစ်ရာ မျှတမှု မရှိဘဲ ARSA များ စတင် အကြမ်းဖက် တိုက်ခိုက်သည့် အချိန် မှ စ၍ စစ်ဆေးသင့်ကြောင်း ပြည်ပမှ ပုဂ္ဂိုလ်များကို အားကိုးခြင်းသည် ပြဿနာကို ပိုမို ရှုပ်ထွေးစေကြောင်း ကိုဖီအာနန် ဖြစ်စဉ်ဖြင့် ထောက်ပြခဲ့သည်။

“ARSA တိုက်ခိုက်မှု နောက်ပိုင်းမှာ တည်ငြိမ်မှု ရရှိစေဖို့ ဆောင်ရွက်တဲ့ အစိုးရရဲ့ အုပ်ချုပ်ရေး ယန္တရားဖြစ်တဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေကို စုံစမ်းစစ်ဆေးရမှာ ဖြစ်တဲ့အတွက် မိမိတို့ အစိုးရကို စုံစမ်း စစ်ဆေးသလို ဖြစ်နေပါတယ်” ဟု ဦးစိုင်းကျော်မိုးက ပြောသည်။

အစိုးရသည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံများ၏ မေလ ၉ ရက် ထုတ်ပြန်ချက်တွင် ပါဝင်သော မြန်မာနိုင်ငံ၏ ဥပဒေနှင့်အညီ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပွင့်လင်းမြင်သာမှု ရှိသော စုံစမ်းရေး ကိစ္စရပ်များကို တိုက်တွန်းသည် ဆိုသော အချက်ကို လိုက်လုပ်ရခြင်း ဖြစ်ကြောင်း ကြံ့ခိုင်ရေး ကိုယ်စားလှယ် များက ပြောသည်။

ရခိုင်အရေး လေ့လာစောင့်ကြည့်သူ ဦးမောင်မောင်စိုး ကမူ အစိုးရသည် ရခိုင်အရေးတွင် နိုင်ငံတကာ၏ ပါဝင်မှုကို ငြင်းဆို ခဲ့သော်လည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ အိုင်စီစီတို့ အထိပါ ရောက်ရှိနေ၍ နိုင်ငံတကာ ဖိအားတိုးလာခြင်းကို တုံ့ပြန် ရန်အတွက် ယခု ကော်မရှင်တွင် နိုင်ငံတကာမှ လက်ခံနိုင်ဖွယ်ရှိသည့် လူတယောက်ကို ထည့်သွင်း ဖွဲ့စည်းနိုင်ရေး စဉ်းစားပုံရကြောင်း ဧရာဝတီသို့ ပြောသည်။

“အခုချိန်မှာ နိုင်ငံတကာနဲ့ ပတ်သက်လာရင်တော့ အကဲဆတ်နေတဲ့အချိန်ဖြစ်လို့ သတိထားပြီး ဆောင်ရွက်ရမယ့် ကာလလို့ပဲ ထင်ပါတယ်။ အဓိကကတော့ ရခိုင်ကိစ္စနဲ့ပတ်သက်ရင် နိုင်ငံခြားသား ပါတာ၊ မပါတာထက် ပိုအရေးကြီးတာက နိုင်ငံတကာက လက်ခံတဲ့ အခြေအနေတခုကို ဖန်တီးပေးဖို့ကတော့ လိုအပ်နေပြီဆိုတာကို ကျနော်တို့ ဖော်ပြရမယ်” ဟု ၎င်းက ပြောသည်။

ယနေ့ ကျင်းပမည့် ပြည်သူ့လွှတ်တော်က ကြံ့ခိုင်ရေးပါတီ တင်သွင်းသည့် အထက်ပါ အရေးကြီးအဆိုကို လက်ခံ ဆွေးနွေးရန် သဘောတူခဲ့ရာ လာမည့် လာမည့် ဇွန်လ ၈ ရက်၌ ဆွေးနွေးဆုံးဖြတ်မည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading