ပြီးခဲ့သည့် သောကြာနေ့ ညပိုင်းက ကြယ်ကြွေခဲ့ပြီးနောက် တရုတ်နိုင်ငံအနောက်တောင်ပိုင်းတွင် အာကာသမှ လွင့်စဉ်လာသည့် ဥက္ကာခဲ ၂၀၀ ဝန်းကျင်ကို ကောက်ယူစုဆောင်းပြီး ထိန်းသိမ်းထားကြောင်း South China Morming Post သတင်းစာ၏ ဖော်ပြချက်အရသိရသည်။
ဥက္ကာခဲဆိုသည်မှာ တွေ့ရန်လွန်စွာခဲယဉ်းပြီး ရောင်းချရန်လည်း လွန်စွာရှားပါးကြောင်း တရုတ်ပြည်မမှ လာသော သတင်းများကလည်း ဆိုသည်။
မြန်မာနှင့်လာအိုနယ်စပ်၊ ယူနန်ပြည်နယ် ကိုယ်ပိုင်စီရင်စုဖြစ်သည့် စစ်ဆောင်ပနားဒေသ ကောင်းကင်ယံမှ ကြယ်ကြွေသည်ကို မြင်ရပြီးနောက် ကြယ်ကြွေစ (သို့မဟုတ်) ဥက္ကာခဲများကို ထိုည ၉ နာရီ ၄၀ မိနစ်က တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း ဒေသတွင်းမီဒီယာ Yunnan.cn သတင်းတပုဒ်က ဆိုသည်။
အဆိုပါဥက္ကာခဲအပိုင်းအစများကို စစ်ဆောင်ပနား၊ မန်ဟိုင်းခရိုင်ရှိ ကျေးရွာတရွာတွင် ကြယ်ကြွေပြီးနောက် တွေ့ရပြီး ရှားပါးရတနာများအဖြစ် ရွာသားများ၊ သိပ္ပံပညာရှင်များနှင့် နက္ခတ္တသုတေသီများတို့က တောနင်းရှာဖွေခဲ့ကြသည်။
တနင်္လာနေ့နံနက်အထိ ဥက္ကာခဲ ၂၀၀ ဝန်းကျင် တွေ့ရှိစုဆောင်းနိုင်ခဲ့ကြောင်းနှင့် ဥက္ကာခဲအပိုင်းအစများ၏ အလေးချိန်မှာ ဂရမ်ရာဂဏန်းအထိ ကြီးမားကြောင်း Thepaper.cn သတင်းဝက်ဘ်ဆိုက်၏အဆိုအရ သိရသည်။
ဥက္ကာခဲများကို အနီးကပ်ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်များကို အွန်လိုင်းပေါ်တွင် ဖြန့်ဝေခဲ့ကြပြီး ယင်းဗီဒီယိုဖိုင်များထဲတွင် ပျက်စီးသွားသော အဆောက်အဦများနှင့် ဥက္ကာခဲများ၏ပုံများကို တွေ့ရသည်။
ယင်းဥက္ကာခဲများသည် တဂရမ်လျှင် ယွမ်ငွေ ၅ သိန်း (အမေရိကန်ဒေါ်လာ ၇၈၀၀) အထိပေါက်ဈေးရှိ သွားသဖြင့် သာမန်ပေါက်ဈေး ယွမ် ၁၀၀ ထက်ကျော်လွန်သွားခဲ့ကြောင်း ယူနန်ပြည်နယ်အစိုးရ၏အဆိုအရ သိရသည်။
ဥက္ကာခဲများသည် ရှာဖွေစုဆောင်းသူများ ပေးသည့်ဈေးထက် သိပ္ပံဆိုင်ရာတန်ဖိုးက ပိုမိုမြင့်မားကြောင်း ရွာသားများကို အာဏာပိုင်များက တနင်္လာနေ့တွင် သတိပေးထားသည်။
“ကျေးဇူးပြုပြီး ဒီဖြစ်စဉ်ကို ဆင်ခြင်တုံတရားထားကြပါ။ ဥက္ကာခဲတွေရှာပြီး တညတည်းနဲ့ ချမ်းသာလာမယ်လို့ မျက်လုံးစုံမှိတ်ပြီး မယုံကြပါနဲ့။ ခင်ဗျားတို့ ကိုယ်ပိုင်အားထုတ်မှုကနေပဲ သာယာတဲ့ဘဝတခု ဖန်တီးနိုင်မှာပါ” ဟု အာဏာပိုင်များက ပြောသည်။
အောက်တိုဘာလ ဆောင်းဦးရာသီ အလယ်ကာလကလည်း အလားတူ ကြယ်ကြွေခဲ့သည့်ဖြစ်စဉ်ကို ယူနန်ပြည်နယ်တွင် ကြုံခဲ့ရသည်။
ယူနန်ပြည်နယ်ရှိ လိုင်ဂျန်းမြို့မှ ၁၆၄ ကီလိုမီတာအကွာနေရာဟု နာဆာသိပ္ပံအဖွဲ့က မှတ်တမ်းတင်ထားသော ယင်းကြယ်ကြွေနေရာသို့ အာကာသမှ ဥက္ကာခဲများသည် တနာရီလျှင် ၅၂၀၀၀ ကီလိုမီတာနှုန်းဖြင့် ကမ္ဘာ့ လေထုကို ဖြတ်သန်း ကျဆင်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါပေါက်ကွဲမှုသည် တီအင်န်တီယမ်းအား တန်ချိန် ၅၄၀ နှင့်ညီမျှသည်ဟု သိရသည်။
တရုတ်နိုင်ငံတွင် အကြီးမားဆုံး ကြယ်ကြွေဖြစ်စဉ်အဖြစ် ၂၀၀၉ ခုနှစ်ကဖြစ်စဉ်ကို မှတ်တမ်းတင်ထားပြီး ထိုစဉ်က တီအင်န်တီယမ်းအား တန်ချိန် ၂၃၀၀ နှင့်ညီမျှသော ပေါက်ကွဲ စွမ်းအင်ဟု သတ်မှတ်ထားသည်။
ကိုးကား – South China Morming Post