တက္ကသိုလ်ဝင် ဆယ်တန်း စာမေးပွဲကို ဂုဏ်ထူးနဲ့ အောင်တဲ့ အကျဉ်းသား၊ အကျဉ်းသူတွေကို လွတ်ငြိမ်းခွင့်ပေးတဲ့ အလေ့ အထကို ၂၀၁၈ ခုနှစ်က ပြုလုပ်ခဲ့ဖူးတာကြောင့် ဒီနှစ် ဂုဏ်ထူးနဲ့ အောင်မြင်ထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ သမ္မတရဲ့ လွတ်ငြိမ်းမိန့်ကို မျှော်လင့်ကြတယ်လို့ ထောင်ထဲ ထောင်တွင်း သတင်းရင်းမြစ်တွေကဆိုပါတယ်။
ဒီနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့တဲ့ အကျဉ်းသား/သူ၊ အချုပ်သား စုစုပေါင်း ၁၀၄ ဦးမှာအောင်မြင်သူ ၄၇ ဦးရှိတဲ့အနက် ၂၈ ဦးက ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။
အကျဉ်းဦးစီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ ဦးမင်းထွန်းစိုး က “ဒီနှစ်စာရင်းကို အထက်ကို တင်ထားပြီးပြီ၊ ပြည်ထဲရေးက တဆင့် အစိုးရအဖွဲ့ကို တင်ပေးမှာပါ၊ ဂုဏ်ထူးရသူတွေကို မနှစ်က လွတ်ငြိမ်းခွင့် ပေးထားတော့ ဒီနှစ်လည်း ပေးဖို့က ၇၅ ရာခိုင်နှုန်း လောက်ရှိမယ်၊ သေချာတော့ မပြောနိုင်ဘူး၊ သမ္မတက ဆုံးဖြတ်ရမှာပါ” လို့ ပြောပါတယ်။
သမ္မတဟောင်း ဦးထင်ကျော်လက်ထက် ၂၀၁၆-၁၇ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူးနဲ့ အောင် မြင်ခဲ့တဲ့ အကျဉ်းသား/သူ ၇ ဦးအား တက္ကသိုလ် ဆက်လက် တက်ရောက်နိုင်ရေးအတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။
လွတ်ငြိမ်းချမ်းသာရသူတွေအထဲ မန္တလေးအိုးဘိုထောင်မှ ၅ ဦးနဲ့ အင်းစိန်ဗဟိုအကျဉ်းထောင်က ၂ ဦးတို့ ပါဝင်ပါတယ်။
ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ နဲ့အညီပေးအပ်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ လွတ်မြောက်သူတွေ အနေနဲ့ ပြစ်မှုထပ်မံ ကျူးလွန်ပါက ကျန်ရှိနေသေးတဲ့ ပြစ်ဒဏ်နဲ့ ပေါင်းပြီး ပြစ်ဒဏ်ကျခံရမယ်လို့လည်း စည်းကမ်းချက် သတ်မှတ်ထားပါတယ်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) မှ ဦးဘိုကြည် က “ထောင်ကျနေပေမယ့် ပညာရေးကို ဆက်ကြိုးစားတာ အသိအမှတ်ပြု ဂုဏ်ယူပါတယ်၊ လွတ်ငြိမ်းအတွက်တော့ သူတို့ရဲ့ ပြစ်မှုကို ကြည့်ရမယ်၊ လူ့အဖွဲ့အစည်းကို သိပ်ဒုက္ခမပေးတဲ့ အခြေအနေဆို လွတ်ငြိမ်းခွင့်အတွက် စဉ်းစားသင့်တယ်” လို့ ဆိုပါတယ်။
ယခုနှစ် အင်းစိန်ထောင်တွင်း အောင်မြင်သူ ၁၉ ဦးအနက် သုံးဘာသာဂုဏ် ထူးရှင် ၁ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁ ဦးနဲ့ တစ်ဘာသာဂုဏ်ထူးရှင် ၄ ဦးထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
အင်းစိန်ထောင်ပိုင်ကြီး ဦးမျိုးဦး က “သူတို့တွေ ဘယ်လိုပြစ်မှုမျိုးတွေနဲ့ပဲ ရောက်လာလာ၊ အကျဉ်းထောင်ထဲမှာ အတန်းပညာကို စိတ်ပါဝင်စားစွာ ပြန်သင်ယူကြတယ်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ မြင့်မားလားပြီးသူတို့ရဲ့ အတွေးအခေါ်လေးတွေကို ပြုပြင် ပြောင်းလဲသွားတဲ့ သဘောပါပဲ” ဟု ပြောသည်။
မန္တလေး အိုးဘိုထောင်မှာလည်း အောင်မြင်သူ ၂၇ ဦးရှိတဲ့အနက် သုံးဘာသာဂုဏ်ထူးရှင် ၄ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၄ ဦးနဲ့ တစ်ဘာသာ ဂုဏ်ထူးရှင် ၁၃ ဦးရှိခဲ့ကာ ဘားအံထောင်မှာတော့ တစ်ဘာသာဂုဏ်ထူးနဲ့ အောင်မြင်သူတဦး ရှိခဲ့ပါတယ်။

ယခုနှစ်အောင်မြင်သူ ၄၇ ဦးအနက် မူးယစ်ဆေးဝါးမှုနဲ့ ကျခံနေရသူ ၃၂ ဦးပါဝင်ပြီးခိုးမှု၊ လုယက်မှုနဲ့ လူသတ်မှု စတာတွေလည်း ပါဝင်တယ်လို့ အကျဉ်းဦးစီးကနေ သိရပါတယ်။
အကျဉ်းထောင် အသီးသီးက တက္ကသိုလ်ဝင်တန်း ဖြေဆိုမယ့်သူတွေကို အင်းစိန် အကျဉ်းထောင်နဲ့ မန္တလေး အကျဉ်းထောင်ကို လွဲပြောာင်းစေကာ ပြင်ပမှစေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမတွေက ပိတ်ရက်တွေမှာ လာရောက် သင်ကြားပေးနေကြတာ ဖြစ်ပါတယ်။
အကျဉ်းဦးစီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ ဦးမင်းထွန်းစိုး က“ သူတို့က ကျောင်းအိပ် ကျောင်းစား၊ အပြင်မှာ ဘော်ဒါနေရသလိုပဲ၊ နောက်နှစ်ကျရင် ကျောင်းတက်မယ့် သူများလာမယ် ထင်တယ်” လို့ ဆိုပါတယ်။
အကျဉ်းထောင်တွင်းမှ အောင်မြင်ခဲ့တဲ့ အကျဉ်းသား/သူတွေ တက္ကသိုလ် တက်ရောက်နိုင်ရေး အတွက်လည်း အကျဉ်းဦးစီးဌာန အနေနဲ့ ဆက်လက်ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။
၂၀၁၇-၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ မန္တလေး ဗဟို အကျဉ်းထောင်(အိုးဘို)မှ အောင်မြင်ခဲ့သူတွေကို လာမယ့် ဇူလိုင်လအတွင်းမှာ အကျဉ်းဦးစီးဌာနနဲ့ ပြင်ပအလှူရှင်များက ထောက်ပံ့ ဂုဏ်ပြုပွဲ ပြုလုပ်ပေးသွားမယ်လို့ မန္တလေး ဗဟို အကျဉ်းထောင်(အိုးဘို) တာဝန်ရှိသူတွေကတော့ ဧရာဝတီကို ထုတ်ပြောထားပါတယ်။
အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်နေသူတွေကတော့ ထောင်များအတွင်းမူးယစ်မှုနဲ့ ကျခံနေသူတွေ များပြားနေခြင်း အပေါ် ပြန်လည်လျော့ချနိုင်ရေးအတွက် အကျဉ်းသားစိစစ်ရေး ကော်မတီတရပ်ဖွဲ့စည်းကာ ဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ ထောက်ပြကြပါတယ်။
လတ်တလော အကျဉ်းထောင် အသီးသီးမှာ အကျဉ်းကျနေသူတွေထဲ မူးယစ်ဆေးဝါးမှုနဲ့ အကျဉ်းကျနေသူတွေက ရာခိုင်နှုန်းအများဆုံး ဖြစ်နေတယ်လို့လည်း အကျဉ်းဦးစီးဌာနက ဆိုပါတယ်။
အခုလို မူးယစ်ဆေးဝါးမှုနဲ့ ထောင်ထဲရောက်နေတဲ့ လူငယ်တွေ များပြားနေခြင်းကို အစိုရအနေနဲ့ အရေးတကြီး စိစစ် ဆောင်ရွက်သင့်သလို ကျယ်ပြန်တဲ့ မူးယစ်ဆေးဝါး အန္တရာယ်ကို တားဆီးနိုင်ရေး အတွက်လည်း ထိထိရောက်ရောက် လုပ်ဆောင်သင့်တယ်လို့ အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်သူများက ပြောကြပါတယ်။
ထောင်အများစုမှာ လက်ခံနိုင်တဲ့ အရေအတွက်ထက် ကျော်လွန်ပြီး ပြည့်ကြပ်နေတဲ့ အကျဉ်းသားတွေနဲ့ ပတ်သက်လို့လည်း မမျှတတဲ့ တရားစီရင်မှုတွေနဲ့ ပြစ်ဒဏ်ကျခံရသူတွေ ရှိမရှိ ပြန်လည်စိစစ်ကာ ဆောင်ရွက်သင့်တယ်လို့ ကိုဘိုကြည်က ပြောပါတယ်။
နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကတော့ အကြောင်းအမျိုးမျိုးနဲ့ အကျဉ်းထောင်ထဲကနေ တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမယ့်သူတွေ အတွက် လွတ်မြောက်ဖို့ မျှော်လင့်ချက်ဖြစ်သလို ပြုပြင်ပြောင်းလဲချင်းတဲ့ လူငယ်တွေအတွက် မက်လုံးတခုလည်း ဖြစ်ပါတယ်။
ဆက်စပ်ဖတ်ရှုရန် – အိုးဘိုထောင်မှ တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအတွက် ဂုဏ်ပြုပွဲ လုပ်မည်
ဆယ်တန်းအောင် အကျဉ်းသား ၄၇ ဦးတွင် ဂုဏ်ထူးရှင် ၂၈ ဦးပါဝင်