နိုင်ငံရေး ပယောဂနှင့် သတင်းအမှားများကြောင့် မြန်မာ့ ခရီးသွားကဏ္ဍမှာ တဖြည်းဖြည်း ကျဆင်းလျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ညွှန်ကြားရေးမှုးချုပ် ဦးတင့်သွင် က ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့၌ ဇွန်လ ၆ ရက်မှ ၈ ရက်အထိ ၃ ရက်ကြာကျင်းပမည့် တတိယ အကြိမ်မြောက် အမျိုးသားအဆင့် လူထုနှင့် ခရီးသွားလုပ်ငန်း ညီလာခံတွင် အဖွင့်မိန့်ခွန်းတွင် ဦးတင့်သွင်က “ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ငြိမ်းချမ်းရေး လိုအပ်ပါတယ်။ ငြိမ်းချမ်းရေးရှိမှသာ ခရီး သွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုရှိမှာ ဖြစ်တဲ့အတွက် ဒီလိုအပြန်အလှန် မဖြစ်သေးသရွေ့ အဟန့်အတား ဖြစ်နေမှာပါပဲ။ ဒါကြောင့် ဒေသတိုင်း ငြိမ်းချမ်းရေးရဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။
ထို့အတွက် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး မြှင့်တင်ရန် လိုအပ်ပြီး မြန်မာနိုင်ငံအား ကမ္ဘာလှည့်ခရီးသွားများ လာချင်စဖွယ် ဆွဲဆောင်မှုရှိသည့် နိုင်ငံဖြစ်ရန်အတွက် ယခုညီလာခံတွင် တက်ရောက်လာသည့် ခရီးသွား ကဏ္ဍ ပေါင်းစုံမှ သက်ဆိုင်သူများ၏ ဆွေးနွေးချက်များမှ တဆင့် ဝန်ကြီးဌာန၏ မူဝါဒ၊ မဟာဗျုဟာ ချမှတ်ရေး၌ အထောက် အကူပြုနိုင်ရန် မျှော်လင့်ကြောင်း ညွှန်ကြားရေးမှုးချုပ် ဦးတင့်သွင် က ပြောသည်။
မြန်မာနိုင်ငံ၏ လှပသည့်တောတောင်ရှုခင်း၊ ဒေသခံများ၏ ရင်းနှီးပျုငှာမှု တို့သည် ခရီးသွားလုပ်ငန်းအတွက် ဆွဲဆောင် မှုတခုဖြစ်သော်လည်း အဟန့်အတားများရှိနေဆဲ ဖြစ်သည် ဟု ၎င်းက ဆိုသည်။
“လုံခြုံမှုအားနည်းတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေရင် ဘယ်ခရီးသွားမှ လာချင်မှာ မဟုတ်သလို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှု အားနည်းတဲ့ အချက်တွေကလည်း ခရီးသွားလုပ်ငန်းကို အနှောင့်အယှက် ဖြစ် စေပါတယ်” ဟု ညီလာခံ ဖြစ်မြောက်ရေး ပူးပေါင်းပါဝင်သည့် ဂျာမနီနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး H.E Dorothee Janetzke-Wenzel က ပြောသည်။
ခရီးသွား လုပ်ငန်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု အတွက် အထောက်အပံ့ဖြစ်စေပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်သည်လည်း ခရီး သွားလုပ်ငန်းနှင့် တိုက်ရိုက်ဆက်နွယ်နေသဖြင့် ဒေသအသီးသီးရှိ ခရီးသွားကဏ္ဍတွင် တွေ့ကြုံနေရသည့် အခက်အခဲ များ စိန်ခေါ်မှုများအား ညီလာခံတွင် ဆွေးနွေးကြရန်၊ တကြိမ်တည်း ဖြေရှင်းလို့မရသည့် အရာများအား အချိန်အပိုင်း အခြား (သို့မဟုတ်) ရေရှည်စီမံချက်နှင့် ဆောင်ရွက်သွားဖို့ လိုအပ်ကြောင်း ၂၀၁၂ ခုနှစ်မှ စတင်ကာ မြန်မာ့ ခရီးသွား လုပ်ငန်းကို အကူအညီပေးခဲ့သည့် ဂျာမနီ အခြေစိုက် Hanns Seidel Foundation ၏ ဌာနေ ကိုယ်စားလှယ် Mr. Achim Munz က ပြောသည်။
ရခိုင်အရေးနှင့်ပတ်သက်သည့် ကိစ္စရပ်ကြောင့် အနောက်နိုင်ငံမှ ခရီးသွားများက မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိသည်ဟု ယူဆကာ ယခုနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် ခရီးစဉ်များ ဖျက်သိမ်းမှုများ ရှိနေကြောင်း ခရီးသွား အေဂျင်စီများ ထံမှ သိရသည်။
ကလောမြို့နယ် ကိုယ်စားပြု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင် က “ကျမတို့ တိုင်းပြည်ရဲ့ခရီးသွား လုပ်ငန်း အတွက် ဆွဲဆောင်မှုဖြစ်နေတာ Diversity (ကွဲပြား) ဖြစ်တာ တိုင်းရင်းသား လူမျိုးတွေ အများကြီးနဲ့ နေ တယ်။ ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း စဉ်လာတွေက တနေရာနဲ့ တနေရာ မတူကြဘူး။ အဲဒါကြောင့် လည်း တိုင်းရင်းသား လူနည်းစုတွေဆိုရင် လူနည်းစုအခွင့်အရေး ဘယ်တော့ပျောက် သွားမလဲ ဆိုပြီး စိတ်ပူပန်နေ တာလေးတွေ ရှိတယ်။ ဒါကြောင့် အခုချိန်ထိ တိုင်းပြည်မှာ ငြိမ်းချမ်းရေးအတွက် အများကြီး အလုပ် လုပ်နေရတယ်” ဟု ပြောသည်။
ယင်း ညီလာခံအား ဟိုတယ်နှင့် ခရီးသွားလာရေးဝန် ကြီးဌာန၊ ဂျာမနီအခြေစိုက် Hanns Seidel Foundation၊ Myanmar CBT Network၊ Myanmar Center for Responsible Business၊ မြန်မာ့ တာဝန်သိ ခရီးသွားလုပ်ငန်း အဖွဲ့တို့က ပူးပေါင်း စီစဉ်ခြင်းဖြစ်ပြီး လူထုအခြေပြု ခရီးသွားလုပ်ငန်းများ၊ တာဝန်သိ ခရီးသွားလုပ်ငန်း အကြောင်း တို့အား သက်ဆိုင်ရာပညာရှင်များ တာဝန်ရှိသူများက တက်ရောက် ဆွေးနွေးမည် ဖြစ်သည်။
လူထုနှင့် ခရီးသွားလုပ်ငန်း ညီလာခံကို ၂၀၁၆ ခုနှစ်က စတင်ကာ နှစ်စဉ် နေပြည်တော်၌ ကျင်းပခဲ့ပြီး ယခု တတိယ အကြိမ် ညီလာခံကို ကလောမြို့၌ ပထမဆုံး အကြိမ် ကျင်းပခြင်း ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာနက သိရသည်။