အမေရိကန်နှင့် မြောက်ကိုရီးယား ခေါင်းဆောင်များ ထိပ်သီး တွေ့ဆုံမှုကို ရည်ရွယ်လျက် စင်ကာပူ နိုင်ငံက အင်္ဂါနေ့တွင် အထိမ်းအမှတ် တံဆိပ်ဝိုင်းထုတ်ဝေလိုက်ပြီး ယင်းတံဆိပ်ဝိုင်း၏ တဘက်ခြမ်းတွင် “World Peace” (ကမ္ဘာ့ငြိမ်းချမ်းရေး) ဟူသော စာလုံးကြီးကို ရိုက်နှိပ် ထားသည်။ ယင်းတွေ့ဆုံမှု ပြုလုပ်ရန် လာမည့် ရက်သတ္တပတ်တွင် စီစဉ်ထားသည်။
ရွှေ၊ ငွေနှင့် ပလက်တီနမ် ၃ မျိုး ထုတ်ဝေမည့် စင်ကာပူ ဒင်္ဂါးနှင့် တံဆိပ်များကို အွန်လိုင်းအရောင်းဆိုင်တွင် တင်ထားပြီး ယင်းတံဆိပ်ဝိုင်းပါ စာသားများကို နှစ်ဖက် အပြန်အလှန်ငြိမ်းချမ်းရေး သင်္ကေတအဖြစ် ချိုးငှက်၊ သံလွင်ခက်တို့ဖြင့် ဝိုင်းပတ်ပုံဖော်ထားသည်။ ထို့အပြင် အဆိုပါနိုင်ငံများ၏ အမျိုးသားအထိမ်းအမှတ် ပန်းပွင့်များဖြစ်သည့် နှင်းဆီနှင့် တရုတ်စကားပန်း တို့ကိုလည်း ထည့်သွင်းထားသည်။
ရွှေရောင် အမျိုးအစား၊ ဒေါ်လာ ၁၀၀၀ ထောင်တန်သည့် တံဆိပ်ဝိုင်း၏ အခြားတဖက်ခြမ်းတွင် နှစ်နိုင်ငံ အလံများ နောက်ခံ၍ နှုတ်ဆက်နေသည့် လက်နှစ်ဘက်ကို ရေးဆွဲထားကာ တွေ့ဆုံရန်စီစဉ်ထားသော နေ့ဖြစ်သည့် ဇွန်လ ၁၂ ရက်နေ့ကို ခတ်နှိပ်ထားသည်။
ယခုတွေ့ဆုံမည့်အစီအစဉ်သည် အမေရိကန်သမ္မတနှင့် မြောက်ကိုရီးယား ခေါင်းဆောင်တို့အကြား ပထမဆုံး တွေ့ဆုံမှုဖြစ်သည်။ ယခင်လများက စစ်မက်လိုလားသည့် စကားလုံးများကို အပြန်အလှန် ပုတ်ခတ် ပြောဆို ခဲ့ကြပြီးနောက် မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် အဆုံးသတ်ရေးပေါ်တွင် အခြေခံသည့် ဆွေးနွေးမှုတခု စတင်ရန် ဦးတည်လာခဲ့ကာ သံခင်းတမန်ခင်းနှင့် စီးပွားရေးကဏ္ဍဘက် လှည့်လာခဲ့သည်။
ပြီးခဲ့သည့်လတွင် နှစ်ဖက် မသင့်မတင့်ဖြစ်ပြန်ကာ ပြုံယမ်းက ရန်လိုမုန်းတီးသည်ဆို၍ ထရမ့်က မေလ ၂၄ ရက်တွင် တွေ့ဆုံမည့်အစီအစဉ်ကို ဖျက်သိမ်းခဲ့သည်။ သို့ရာတွင် ထရမ့်က နှစ်ဘက်ညှိနှိုင်းမှုကို နောက်ပိုင်းတွင် ပြန်စခဲ့သည်။
စင်ကာပူအစိုးရက နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမေရိကန် သံံရုံးနှင့် ရှန်ဂရီလာကဲ့သို့ ဟိုတယ်ကြီးများကို အထူးလုံခြုံရေး တင်းကျပ်ထားသည့် ဇုန်များအဖြစ် ကြေညာထားသော်လည်း ထရမ့်-ကင်မ် ထိပ်သီး အစည်းအဝေး ကျင်းပမည့်နေရာကို တိတိကျကျ မသိရသေးပေ။
ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာမည့် ကိုယ်စားလှယ်များနှင့် သတင်းယူကြမည့် မီဒီယာသမားများ ထောင်နှင့်ချီ၍ ရောက်လာမည်ဖြစ်သဖြင့် အစားအသောက်နှင့် အဖျော်ယမကာများကို တည်ခင်းရောင်းချနိုင်ရန် စင်ကာပူနိုင်ငံရှိ လက်လီ ရောင်းချသူများကလည်း စုဆောင်း သိုလှောင်လျက် ရှိသည်။
ကိုးကား။ ။ Channel News Asia