ဥပဒေပြုမဏ္ဍိုင်ရှိ လွှတ်တော် ကိုယ်စားလှယ်များသည် ဥပဒေ ချိုးဖောက်သူများ မဖြစ်ရန် လိုအပ်ပြီး ကိုယ်တိုင် ဥပဒေ မချိုးဖောက်မှ သာ ကျန်သူများကို Check and Balance (စောင့်ကြည့်ထိန်းကျောင်း) လုပ်နိုင်မည် ဖြစ်ကြောင်း တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးဇင်လင်းက ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော်အပြီးတွင် သတင်းထောက်များကို ပြောသည်။
ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC) ဖွဲ့ စည်းခြင်းနှင့် ပတ်သက်ပြီး လွှတ်တော်သို့ အသိပေး တင်ပြခဲ့ခြင်း မရှိသည့်အပေါ် JCC ၏ ၂၀၁၆-၁၇ အစီရင်ခံစာကို ဆွေးနွေးစဉ် တပ်မတော်မှ ကန့်ကွက်မှုများ ပြုလုပ်ခဲ့သည်။
“ဒီနေ့ ဗိုလ်မှူးတို့သည် ဥပဒေပြဌာန်းတဲ့ မဏ္ဍိုင်မှာ ရှိတယ်။ ဥပဒေပြဌာန်းတဲ့ မဏ္ဍိုင်မှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးက ဥပဒေ ချိုးဖောက်တဲ့ လူတွေ မဖြစ်ဖို့ လိုတယ်။ ကိုယ်တိုင်က ချိုးဖောက်တဲ့လူ မဖြစ်မှ ကျန်တဲ့လူတွေကို Check and Balance လုပ်လို့ ရမယ်။ သူများကို ထိန်းကြောင်းလို့ ရမယ်”ဟု ဗိုလ်မှူးဇင်လင်းက ပြောသည်။
၎င်းတို့ တပ်မတော်က ကန့်ကွက်နေသည်မှာ လွှတ်တော် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခြင်းကို ကန့်ကွက်ခြင်း မဟုတ်ဘဲ လွှတ်တော် ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နေသည့် JCC ၏ ရည်ရွယ်ချက်ကို ကြိုဆိုကြောင်း၊ သို့သော် JCC ဖွဲ့စည်းထားမှုသည် လွှတ်တော် ဥပဒေ၊ နည်းဥပဒေများနှင့် မညီညွှတ်၍ ကန့်ကွက်ရခြင်း ဖြစ်ကြောင်း သိရသည်။
ယင်း JCC အဖွဲ့ကို ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ ၃၂ အရ ဖွဲ့စည်းခဲ့သည် ဆိုသော်လည်း မည်သည့် ဥပဒေနှင့်အညီ ဖွဲ့စည်းသည် ဟု ကြေညာမှု မရှိခြင်း၊ မကြေညာသည့်အပြင် လွှတ်တော် ကိုယ်စားလှယ်များကို အသိမပေးဘဲ ပြည်သူ့လွှတ်တော်မှ ပြည်ထောင်စု လွှတ်တော်သို့ ပြောင်းဖွဲ့မှသာ ဖျက်သိမ်းသည်ကို ကြေညာခဲ့ကြောင်း တပ်မတော်သား ကိုယ်စားလှယ်များက ပြောသည်။
ယင်း JCC အစီရင်ခံစာကို ဝင်ရောက်ဆွေးနွေးသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ကိုယ်စားလှယ် ဒေါ်ဝင့်ဝါထွန်းက JCC ကို ရုံးအဖွဲ့အဖြစ် ရေရှည် ဖွဲ့စည်းနိုင်ရန် လိုအပ်ကြောင်း၊ လွှတ်တော်၏ ဖွံ့ဖြိုးရေး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးမည့် JCC အဖွဲ့ သည် အမှန်တကယ် လိုအပ်ကြောင်း၊ JCC ကို UNDP၊ IPU တို့က ၂၀၁၃ မှ ၂၀၁၇ အထိ အမေရိကန်ဒေါ်လာ ၁၃၇ သိန်း ကူညီခဲ့ကြောင်း ပြောသည်။
ရှားတောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ၎င်းက “တချို့သော လုပ်ထုံး၊ လုပ်နည်းတွေကို ဖြေလျော့ပေးဖို့ လိုပါတယ်။ ဒါမှသာ ပြည်သူလူထုနဲ့ လွှတ်တော်ကြီးရဲ့ ကူးလူးဆက်ဆံမှုဟာ ပိုမို လျှင်မြန်လာမှာ ဖြစ်ပါတယ်”ဟု ဆွေးနွေးခဲ့သည်။
JCC ဒုတိယ ဥက္ကဌ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်ကမူ ၎င်းသည် အခြား အစည်းအဝေးရှိနေ၍ ယနေ့ ကျင်း ပသည့် လွှတ်တော် အစည်းအဝေးသို့ မတက်ရောက်နိုင်ခြင်းကြောင်း တစုံတရာ မှတ်ချက် မပြုနိုင်ကြောင်း၊ JCC အဖွဲ့ဝင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်ကလည်း လာမည့် တပတ်တွင် JCC အကြောင်း သက်ဆိုင်ရာ လွှတ်တော် တာဝန်ရှိသူက ရှင်းလင်းမည် ဖြစ်ရာ သီးသန့် မှတ်ချက် ပြုစရာ မရှိကြောင်း ပြောသည်။
လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှု ပူးပေါင်းအဖွဲ့ကို ပထမအကြိမ် လွှတ်တော် သက်တမ်း ဖြစ်သည့် ၂၀၁၄ ခုနှစ်၊ ဇွန်လတွင် စတင် ဖွဲ့စည်းခဲ့ပြီး ၂၀၁၆ ခုနှစ်၊ မတ်လတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး JCC ကို ဖွဲ့စည်းခဲ့ကြောင်း၊ ထို့ နောက် ၂၀၁၆ ခုနှစ်၊ မေလတွင် ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဌကို ဦးဆောင်စေပြီး ပြည်ထောင်စု လွှတ်တော်တွင် ထပ်မံဖွဲ့စည်းခဲ့သည်ဟု JCC ၏ ၂၀၁၆-၁၇ အစီရင်ခံစာတွင် ဖော်ပြထားသည်။
JCC အဖွဲ့၏ လုပ်ငန်းတာဝန်များမှာ လွှတ်တော် အသီးသီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာ မိတ်ဖက် အဖွဲ့အစည်းများနှင့် ပါလီ မာန်များ၊ ကုလသမဂ္ဂ ဖွဲ့ဖြိုးမှု အစီအစဉ် (UNDP)၊ နိုင်ငံတကာ ပါလီမာန်များအဖွဲ့ (IPU)တို့နှင့် စနစ်တကျ အကောင်အထည်ဖော် နိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်ဟု သိရသည်။
JCC အဖွဲ့သည် မိတ်ဖက်အဖွဲ့ ၁၃ ခုနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု ဖော်ပြထားရာ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၇၉(စ)အရ လျို့ဝှက်စွာ ထိန်းသိမ်းရမည့် လွှတ်တော်ဆိုင်ရာ စာရွက်စာတမ်းများ၊ အကြောင်းအရာများ၊ အချက်အလက်များကို ပြင်ပ သို့ ပေါက်ကြားစေရန် ပြောဆိုခြင်း၊ ရေးသားခြင်း၊ ဖြန့်ဝေခြင်းနှင့် တနည်းနည်းဖြင့် ဆက်သွယ်ခြင်း မပြုရဆိုသည့်အချက်နှင့် နိုင်ငံတော် လျို့ဝှက်ချက် ဥပဒေတို့ိကို လိုက်နာရန် တပ်မတော်သား ကိုယ်စားလှယ်က လွှတ်တော်တွင် သတိပေးခဲ့သည်။
ထို့ပြင် ပြည်ထောင်စုလွှတ်တော်ရှိ အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင်ကိုပင် လွှတ်တော်သို့ တင်ပြ၍ သဘောတူညီမှု ရ ယူခြင်း၊ တနှစ်တခါ သက်တမ်းတိုးခြင်း ပြုလုပ်ကြောင်း၊ သို့သော် JCC အဖွဲ့ကိုမူ ထိုကဲ့သို့ ဆောင်ရွက်ခြင်း တကြိမ်မှ မရှိဘဲ ဖွဲ့စည်းသည့် အမိန့်ကြေညာစာကိုလည်း ကိုယ်စားလှယ်များထံသို့ ဖြန့်ချီခြင်း မရှိကြောင်း တပ်မတော်သား ကိုယ်စားလှယ်များက ပြောသည်။
“ကော်မတီ အဖွဲ့ဝင်တွေ လဲလှယ်တာတွေကိုလည်း လွှတ်တော်ကို အသိမပေးခဲ့ဘူး။ အသိမပေးတဲ့အပြင် ပြည်ထောင်စုလွှတ်တော် We bsite မှာလည်း လိုက်ရှာတာ မတွေ့ဘူး။ မတွေ့တော့ ဒီဟာကိုဖွဲ့တာ ကိုယ်စားလှယ်တွေအနေနဲ့ နံပါတ် ၁ ဖွဲ့စည်းတာကို မသိရဘူး။ နံ ပါတ် ၂ ပြောင်းလဲဖွဲ့စည်းတာကို မသိခဲ့ရဘူး။ အခု အစီရင်ခံစာတင်မှသာ သိရတာ ဖြစ်တယ်။ ဥပဒေ၊ နည်းဥပဒေနဲ့ မညီလို့ကန့်ကွက် တာ ဖြစ်တယ်”ဟု ဗိုလ်မှူးဇင်လင်းက ပြောသည်။
လက်ရှိတွင် JCC အဖွဲ့ကို ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဌက ဦးဆောင်သူ အဖြစ် တာဝန်ယူထားပြီး ဒုတိယ ဥက္ကဌအဖြစ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်၊ အဖွဲ့ဝင်များအဖြစ် အမျိုးသားနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့မှ ညွှန်ကြားရေးမှူးချုပ်များဖြင့် ဖွဲ့စည်းထားသည်။