ရခိုင်ပြည်နယ်ရှိ ရမ်းဗြဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးက လူမှုကွန်ရက်ပေါ် ရေးသားမှုတခုနှင့် ပတ်သက်၍ အစိုးရက ဆက်သွယ်ရေး ဥပဒေ ပုဒ်မနှင့် အမှုဖွင့်ထားသည့်အပေါ် ကိုယ်တိုင် သွားရောက် အဖမ်းခံသွားမည် ဖြစ်ကြောင်း သိရသည်။
ဇွန်လ ၇ ရက်က ကျင်းပသော ရခိုင်ပြည်နယ် လွှတ်တော် အရေးပေါ် အစည်းအဝေး အပြီးတွင် အမှုဖွင့်ခံထားရသည့် ကိစ္စနှင့် ပတ်သက်ပြီး သတင်းမီဒီယာများ၏ မေးမြန်းရာ၌ ရမ်းဗြဲ လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦး က အထက် ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
အမှုဖွင့်ခံထားရသူ ရမ်းဗြဲ အမတ် ဦးသန်းမောင်ဦးက “သူတို့ (အစိုးရ) ဘက်က စွဲတယ်ဆိုတော့ ကိုယ်က ဖြေရှင်းရုံမှ အပ မရှိဘူးလေ။ မနက်ဖြန် ရဲစခန်းကို သွားပြီးတော့ အဖမ်းခံမယ်။ အာဏာရှင်စနစ်ကို မုန်းတီးလို့ ပြည်သူတွေက မဲပေးခဲ့ တယ်။ ကျနော်တို့ကလည်း ဒီစနစ် ပပျောက်အောင်ကြိုးစားဖို့ တာဝန်ရှိတယ်။ ဒီလို အာဏာရှင်ဆန်ဆန် လုပ်လိမ့်မယ် လို့ လုံးဝ မမျှော်လင့်ထားဘူး။ ဘာကြောင့်လဲဆိုတော့ ပြည်သူရွေးချယ်ထားတဲ့ အစိုးရမို့လို့လေ” ဟု ပြောသည်။
ရခိုင်ပြည်နယ် အတွင်း ဆယ်တန်းစာမေးပွဲ အောင်ချက် ရာခိုင်နှုန်း ကျဆင်းခြင်း အပါအဝင် ဒေသတွင်း လူမှုစီးပွား ဖွံ့ဖြိုးမှု နိမ့်ကျနေမှုများ ရှိနေသည် အပါအဝင် ၎င်း၏ ဖေ့ဘုတ်စာမျက်နှာပေါ်တွင် ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ ဝေဖန် ရေးသားခဲ့ သည့်အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဇွန်လ ၃ ရက်နေ့က ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) နှင့် အမှုဖွင့်ထားခြင်း ဖြစ်သည်။
ဆက်သွယ်ရေး ဥပဒေ ပုဒ် ၆၆ (ဃ) မှာ ဆက်သွယ်ရေး ကွန်ရက် တခုခုကို အသုံးပြူ၍ ပုဂ္ဂိုလ်တဦးဦးအား ခြောက်လှန့် တောင်းယူခြင်း၊ အသရေဖျက်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း ဟု ပြဋ္ဌာန်းထားပြီး ယင်း အတွက် ပြစ်ဒဏ်မှာ ထောင်ဒဏ် ၃ နှစ်သို့ ငွေဒဏ် သို့မဟုတ် နှစ်ရပ်စလုံး ကျခံရမည်ဟု ဖော်ပြထားသည်။
ဦးသန်းမောင်ဦးအား အမှုဖွင့်ထားခြင်းနှင့် ပတ်သက်ပြီး ဇွန်လ ၃ ရက်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သည် လွှတ်တော် ဥက္ကဌထံသို့ ဖမ်းဆီး စစ်ဆေးနိုင်ရန် ခွင့်ပြုချက် တောင်းခံခဲ့သော်လည်း လွှတ်တော် ကျင်းပနေသည့် အချိန် ကာလ ဖြစ်၍ ခွင့်ပြုချက် မပေးခဲ့ကြောင်း လွှတ်တော် ဒု ဥက္ကဌ ဦးမြသန်း က ဆိုသည်။
ကျင်းပပြုလုပ်ခဲ့သည့် ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေးသည် ယနေ့ ဇွန်လ ၇ ရက်တွင် ပြီးဆုံးပြီ ဖြစ် သည့်အတွက် ပြည်နယ်အစိုးရအဖွဲ့တောင်းခံထားသည့် ဦးသန်းမောင်ဦးအား ဖမ်းဆီးစစ်ဆေးရန်မှာ လွှတ်တော် ဥက္ကဋ္ဌက ခွင့်ပြုချက်ပေးရန် မလိုတော့ကြောင်း သိရသည်။
“လွှတ်တော်ကျင်းပနေအချိန် ဖမ်းဆီးမယ်ဆိုရင် ကျနော့် ခွင့်ပြုချက်လိုတယ်။ လွှတ်တော် ကျင်းပချိန်မဟုတ်ရင်တော့ ကျနော့်ခွင်ပြုချက် မလိုဘူး ။ အဲဒီတော့ ဒီနေ့က လွှတ်တော် ပြီးဆုံးသွားပြီဆိုတော့ ဦးသန်းမောင်ဦး ကိစ္စဟာ ဥပဒေ ကြောင်းအရပဲ ဖြေရှင်းရပါမယ်” ဟု လွှတ်တော် ဥက္ကဌ ဦးစံကျော်လှ က ဧရာဝတီ သို့ ပြောသည်။
ဦးသန်းမောင်ဦးသည် ရခိုင်ပြည်သူ အကြားတွင် ရခိုင့်နိုင်ငံရေးကိစ္စများ၌ တက်တက်ကြွကြွ လှုပ်ရှားဆောင်ရွက်ကာ ပျော်ပျော်နေထိုင်တတ်သူ တဦး အဖြစ် လူသိများသော နိုင်ငံရေးသမား တဦးလည်း ဖြစ်သည်။
၎င်းမှာ ၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီ (ANP)၏ ရမ်းဗြဲ မဲဆန္ဒနယ် အမှတ် ၂ မှ ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရရှိခဲ့သော လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်ပြီး ပါတီတွင်း သဘောထား မတိုက်ဆိုင်မှုကြောင့် ANP ပါတီ က နုတ်ထွက်ခွင့် တောင်းခံထားသူ တဦးလည်း ဖြစ်သည်။
ရခိုင်အမျိုးသားပါတီ (ANP) ၏ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က “သူ့ထွက်စာကို အွင်လိုင်းမှာ တင် တယ်။ ကျနော်တို့ဆီကို မရောက်ဘူး။ အဲဒါကြောင့် ဦးသန်းမောင်ဦးဟာ ကျနော်တို့ ပါတီဝင်အဖြစ် ရှိနေပါသေးတယ်။ အခြေအနေ တရပ်ရပ် ပေါ်ပေါက်လာရင်တော့ ကျနော်တို့ လိုအပ်သလို ကူညီပေးမယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သော ရက်ပိုင်းအတွင်း ရမ်းဗြဲမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦးသည် မိမိတို့ ရခိုင်ပြည်နယ်သည် တိုင်းနှင့်ပြည်နယ် ၁၄ ခုထဲတွင် ပညာရေး အနိမ့်ကျဆုံး၊ စီးပွားရေး အနိမ့်ကျဆုံး၊ ကျန်းမာရေး ဝန်ဆောင်မှု အနိမ့်ကျဆုံး ၊လှုမှုရေး နယ်ပယ်ကြီး အပျက်စီးဆုံး၊ အုပ်ချုပ်ရေး ယန္တရား ဖရိုဖရဲ အဖြစ်ဆုံး၊ ပြည်နယ် အစိုးရအဖွဲ့ကို ပြည်သူများ မကြိုက်ဆုံး (ကျန်တိုင်းနှင့် ပြည်နယ်များမှာ လူထုနှင့် အစိုးရဟာ ရခိုင်မှာထက် သဟဇာတ ဖြစ်တယ်)၊ လူငယ်များ နေရပ် စွန့်ခွာမှု အများဆုံး စသည့်တို့ အပါအဝင် ပြည်နယ်၏ ဆယ်တန်းအောင်မြင်မှု ရာခိုင်နှုန်းများကို ဖော်ပြခဲ့ရာ၌ အချက်အလက် လွဲမှားမှု ဖြစ်ပွားခဲ့သည့် အတွက် နောက်ပိုင်းတွင် ပြန်လည် ပြင်ဆင်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ဦးသန်းမောင်ဦး၏ လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သော ကိစ္စနှင့် ပတ်သက်၍ ပြည်နယ် ပညာရေးဌာနသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ညွန်ကြားချက်ဖြင့် ဇွန်လ ၃ ရက်က စစ်တွေ အမှတ် (၁) စခန်းတွင် သွားရောက် အမှုဖွင့် ခဲ့ပြီး ယင်းနေ့မှာပင် ပြည်နယ်အစိုးရအဖွဲ့ကလည်း ဦးသန်းမောင်ဦးအား ဖမ်းဆီး စစ်ဆေးနိုင်ရန် လွှတ်တော်ဥက္ကဌထံ ခွင်ပြုချက် တောင်းခံခဲ့ကြောင်း သိရသည်။