ဩစတြေးလျသား ရော့စ်ဒန်ကလေ မူးယစ်ဆေးဖြင့် အဖမ်းခံရ
မြန်မာတိုင်းမ် သတင်းစာကို စတင်တည်ထောင်သူ တဦးဖြစ်ခဲ့သည့် ဩစတြေးလျ နိုင်ငံသား ရော့စ်ဒန်ကလေသည် ၎င်း ငှားရမ်းနေထိုင်သည့် ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်၊ စမ်းရေတွင်းလမ်းရှိ အိမ်တွင် မူးယစ်ဆေးလက်ဝယ်တွေ့ရှိမှုဖြင့် အဖမ်းခံခဲ့ရကြောင်း သိရသည်။
ယမန်နေ့ ညပိုင်းတွင် အိမ်ကို ဝင်ရောက်ရှာဖွေခဲ့ပြီး ယနေ့ ဇွန်လ ၇ ရက်နေ့ မနက်ပိုင်းက အမှုဖွင့် ဖမ်းဆီးအရေးယူခဲ့ပြီဖြစ်ကြောင်း ဗဟန်းမြို့နယ်မှူး ရဲမှူးသိန်းဝင်းက ဧရာဝတီသို့ ပြောသည်။
မလေးရှားသို့ ကွန်တိန်နာမူးယစ်ဆေးဝါး တင်ပို့မှုဖြင့် စွပ်စွဲကာ ဖမ်းဆီးခံရသော မောင်မောင် ခေါ် ယာစင် ကို ရည်ညွှန်းပြီး ရဲမှူးသိန်းဝင်းက “ သူက မောင်မောင် အမှုနဲ့ မဆက်စပ်ပါဘူး။ သူတို့က သီးခြားလိုင်းပါ။ အကြိုက်သမားတွေပါ”ဟု ဧရာဝတီသို့ ပြောသည်။
ရော့စ် ဒန်ကလေထံမှ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၇၉၇ ပြားနှင့် ICE မူးယစ်ဆေး ၃၀၃ ဂရမ်ကို ဖမ်းဆီးရမိခဲ့ပြီး ဗဟန်းမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ (က)၊ ၂၀(က)၊ ၂၁(က) တို့ဖြင့် အမှုဖွင့်ထားပြီး ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ရော့စ်ဒန်ကလေသည် ၂၀၁၁ ခုနှစ်တုန်းကလည်း အမျိုးသမီးတဦးကို ကိုယ်ထိလက်ရောက်မှုဖြင့် ရဲက အမှုဖွင့် ဖမ်းဆီးခံရဖူးပြီး တရားရုံးက ငွေဒဏ်ရိုက်ခဲ့သည်။ တချိန်တည်းတွင်ပင် ၎င်း ပူးတွဲတည်ထောင်ခဲ့သော မြန်မာတိုင်းမ်သတင်းစာအား ပိုင်ဆိုင်ခွင့် လက်လွှတ်ခဲ့ရသည်။