ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ကာ ကလေးငယ် တဦး ရေစီးနှင့်အတူ မျောပါသွားပြီး သေဆုံးခဲ့ကြောင်း နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရ သည်။
ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးမှူး ဦးသန်းကျော်ဌေး က“ဇွန် ၅ ရက်မှာ တောင်ကြီးမြို့ ကျောင်းကြီး ဈေး ရပ်ကွက် မိုးသည်းထန်စွာ ရွာတဲ့အတွက် ရေမြောင်းတွေ ရေလျှံတယ်။ အသက် ၁၀ နှစ်အရွယ် မောင်ဇင်ဖြိုး ရေမြောင်းထဲကို ခြေထောက် ရေဆင်းဆေးတာ ရေစီးသန်တဲ့အတွက် ရေစီးနဲ့အတူ မျောပါပြီး သေဆုံးသွားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုနေ့တွင်ပင် တောင်ကြီးမြို့နယ် စိန်ပန်းရပ်ကွက်၌ ရေကြီးရေလျှံမှုကြောင့် အိမ်ထောင်စု ၁၄ စု၊ လူဦးရေ ၆၀ ခန့် ရေဘေးဒုက္ခ ကြုံတွေ့ခဲ့ရကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ပြောသည်။
ရှမ်းပြည်နယ် တောင်ပိုင်းသာမက မြောက်ပိုင်း လားရှိုး ခရိုင်တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အိမ် ထောင် စု ၁၄ စု လူဦးရေ ၅၈ ဦး ရေဘေး ဒုက္ခကြုံတွေ့နေရပြီး အိမ်ထောင်စု ၁၀ စုမှာ မေတ္တာဂုဏ်ရည် ဘုန်းတော်ကြီး ကျောင်း သို့ ပြောင်းရွှေ့ နေထိုင်နေရကြောင်းလည်း သိရသည်။
ထို့ပြင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများကြောင့် သီပေါမြို့နယ် နမ့်လန် ကျေးရွာအုပ်စုရှိ ရပ်ကွက်တချို့ တွင် ဇွန်လ ၁ ရက်နေ့မှ စတင်ကာ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ယနေ့တွင် ရပ်ကွက်တွင်း ရေဝင်ရောက်မှု ပိုများ လာကြောင်းနှင့် တောင်ကျရေစီး သန်လာကြောင်း ဒေသခံများထံက ပြောသည်။
ယင်းသို့ ရေကြီးရေလျှံ ဖြစ်ပွားမှုကြောင့် နမ့်လန် ကျေးရွာအုပ်စု၌ လူ၂ ဦး သေဆုံးသည် ဆိုသည့် သတင်းများ လူမှု ကွန်ရက် ပေါ်၌ ပျံ့နှံ့ခဲ့သော်လည်း ရှမ်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ပြည်နယ်မှူး ဦးစိုးနိုင် က လူသေဆုံးမှု မရှိကြောင်း ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။
“လူသေဆုံးမှု ဒဏ်ရာရမှုရော လုံးဝမရှိဘူးဆိုတာ စာဝင်လာပါပြီ။ လူနဲ့ တိရစ္ဆာန် ပျက်စီးမှု လုံးဝမရှိဘူး။ အခု နောက် ဆုံး အခြေအနေကတော့ ရေအကုန်ကျသွားပြီ။ အနည်းငယ် ထိခိုက်လို့ ပြောင်းရွှေ့ရတဲ့ အိမ်က ၁၁ အိမ်ရှိတယ်။ အဲဒါ က အေးချမ်းသာ ရပ်ကွက်ကပါ။ လက်ရှိမှာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှု မရှိဘူး။ မနက်ပိုင်းမှာ ရေတက် ပြီး ရေဝင်တယ်။ ညနေပိုင်းမှာ ရေပြန်ကျသွားတယ်”ဟုလည်း ၎င်းက ပြောပြသည်။
နေရာအနှံ့ မိုးသည်းထန်စွာ သွန်းမှုများရှိနေသဖြင့် မြစ်ရေများ မြင့်တက်နေသော်လည်း ဇွန်လအတွင်း စိုးရိမ်ရေမှတ်သို့ မရောက်နိုင်သဖြင့် မြစ်ရေကြီးမည့် အခြေအနေကို စိုးရိမ်ရန် မလိုသေးကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီး ဌာန (မိုး/ဇလ) ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။
“မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ ရှမ်းပြည်နယ်ဘက်ကို အထွက် ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်း ရပ်ဝန်းရှိနေတဲ့ အတွက် အဲဒီ ဒေသတွေမှာ တောက်လျှောက် မိုးများနေတဲ့ အနေအထား တွေ့တယ်။ ကမ်းရိုးတန်း ဒေသတွေမှာ မိုးလိုက် လာတဲ့ အနေအထား တွေ့တယ်။ တနင်္သာရီ၊ ပဲခူး၊ ဧရာဝတီ၊ ရခိုင်တွေမှာလည်း မိုးများနိုင်မယ်” ဟု ဦးကျော်မိုးဦး က ပြောပြသည်။
ဇွန်လ ၈ ရက်၌ နေပြည်တော်နှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ မန္တလေးတိုင်းဒေသကြီးနှင့် ကယား ပြည် နယ် တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ရန်ကုန် တိုင်း ဒေသကြီး၊ ရခိုင်၊ ကရင် နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် တနင်္သာရီတိုင်း ဒေသကြီး တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ခန့်မှန်းထားသည်။