ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ရှိ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများနှင့် ဘော်ဒါဆောင် စုစုပေါင်း ၂၁ ကျောင်းကို ကချင် လွတ်လပ်ရေး တပ်မတော် (KIO/KIA)က ငွေကြေး တောင်းခံစာများ ပို့သည်ဟု သတင်း ရရှိသည်။
ဇွန်လ ၃ရက်ဟု ရက်စွဲတပ်ထားသည့် စာရွက်တွင် KIO/KIA ရုံးတံဆိပ် ရိုက်နှိပ်ထားကာ အကောက်ခွန်ဌာနခွဲ ကွတ်ခိုင် ခရိုင် အမှတ်(၉) တပ်ရင်းဟု လိပ်စာ တပ်ထားပြီး အခွန်ပေးဆောင်ရန် ကိစ္စဟု ရေးသားထားသည့် စာများ အား လူတဦးက လာရောက် ပေးသွားခြင်း ဖြစ်သည်ဟု ကိုယ်ပိုင်ကျောင်းတချို့က ဧရာဝတီကို ပြောသည်။
ငွေကြေး တောင်းခံသည့် စာများကို ဇွန်လ ၅ရက် ညပိုင်းက လာပေးသွားခြင်း ဖြစ်သည်ဟု သိရသည်။
ကိုယ်ပိုင်ကျောင်း တကျောင်းမှ ဆရာမတဦးက “ကျမတို့ကျောင်းကို စာက တိုက်ရိုက်လာပေးတာ မဟုတ်ဘူး။ ကျောင်း တခုကို ၂၁စောင်လုံး ပို့သွားတာ။ အဲ့ဒီကနေ တဆင့် ဖြန့်ပေးဆိုပြီး လုပ်သွားတာလို့ ကျမတို့ သိတယ်။ ဒီလိုပဲ သိထားတယ်”ဟု ပြောသည်။
ဘော်ဒါဆောင်နှင့် ကျောင်းများကို ပေးပို့သည့် KIO ၏ စာထဲတွင် ကျောင်းလုပ်ငန်းရှင်များကို အကြောင်းကြား ကြောင်း၊ အမှတ် (၉) တပ်ရင်း ကွတ်ခိုင်ခရိုင် အုပ်ချုပ်ရေးရုံး အုပ်ချုပ်ရာ နေရာဒေသအတွင်း ကျောင်း လုပ်ငန်းရှင်များ အနေဖြင့် ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် အခွန် ငွေကြေးများကို ကွတ်ခိုင်ခရိုင် အုပ်ချုပ်ရေးရုံး အကောက် ခွန် ဌာနခွဲသို့ ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထား၍ လာပေးဆောင်ရန် အကြောင်းကြားသည်ဟု ရေးသား ထားသည်။
စာပို့ခံရသည့် ၂၁ ကျောင်းအနက် GALAXY အဆင့်မြင့်ကျောင်း၊ CMA အဆင့်မြင့်ကျောင်း၊ ICIT (1) အဆင့်မြင့် ကျောင်း၊ JELC ကျောင်း၊ အောင်ကိုယ်ပိုင် အထက်တန်းကျောင်း၊ ဇွဲကိုယ်ပိုင်ကျောင်း၊ ကျော်ကိုယ်ပိုင် အထက်တန်း ကျောင်း၊ အောင်သရဖူဘော်ဒါနှင့် ရွှေအောင်လံ ဘော်ဒါ တို့ကို တကျောင်းလျှင် ၁၅ သိန်းကျပ် စီ ပေးဆောင်ရန် စာထဲတွင် တောင်းထားသည်။
ICTC (2) အဆင့်မြင့်ကျောင်း၊ ချယ်ရီ ကိုယ်ပိုင်ကျောင်း၊ ဖောင်ဒေးရှင်း ကိုယ်ပိုင်ကျောင်း၊ မြတ်ထူးချွန် ဘော်ဒါ၊ စွမ်းရည်ဂုဏ် ဘော်ဒါ၊ အောင်မြတ်သစ် ဘော်ဒါ၊ ကောင်းစံ ဘော်ဒါ၊ ကြယ်စင်လင်း ဘော်ဒါ၊ ရိန်းတူး ဘော်ဒါ၊ အောင်နန်း တော် ဘော်ဒါနှင့် ရောင်နီဦး ဘော်ဒါ တို့ကို ကျပ် ၁၀ သိန်းစီ ပေးရန် တောင်းထားပြီး MEC မူလတန်း ကျောင်းကို ၉ သိန်းကျပ် ပေးရန် စာထဲတွင် ရေးထားသည်။
KIO ၏ စာထဲတွင် မှတ်ချက်အနေဖြင့် “မိမိတို့ KIO မှ ဆက်ကြေး ကောက်ခြင်း မဟုတ်ပါ။ နှစ်စဉ် နှစ်တိုင်း ပြုလုပ် လျက် ရှိသော အခွန်ကောက်ခြင် းဖြစ်ကြောင်း အသိပေးအပ်ပါသည်”ဟုလည်း ရေးသားထားသည်။
ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး စန်းဝင်းက မူဆယ်မြို့နယ်ရှိ ဘော်ဒါဆောင်နှင့် ကျောင်းများ KIO ငွေတောင်းခံလွှာ ရရှိကြောင်းကို သိရှိထားကြောင်း၊ ရဲတပ်ဖွဲ့ထံသို့ သတင်းတင်ပြလာသည်များ ရှိကြောင်း ပြောသည်။
ဒုရဲမှူးကြီး စန်းဝင်းက “သွားဆောင်တယ် ဆိုတာမျိုးတော့ ကျနော်တို့ မကြားမိဘူး။ ကျောင်းတွေကိုတောင် ဒီနှစ်မှ စတောင်းတယ်လို့ ကြားဖူးတာပါ။ တခြားမှာတော့ သူတို့ အဖွဲ့တွေကတော့ တောင်းနေတာပဲ။ စက်မှုဇုန်တွေ တောင်း၊ ကားဂိတ် တွေ တောင်းနဲ့ လှည့်တောင်း နေတာပဲ။ ဘဏ်တွေရော အရင်က သတင်းတွေလည်း ရှိပြီးသားပါပဲ။ ဆက်ကြေး တောင်းတာတွေက အကြိမ်ကြိမ် ခဏခဏ ဖြစ်နေတာပါပဲ”ဟု ပြောသည်။
ဇွန်လ ၇ ရက်နေ့က တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး ၏ သတင်း ထုတ်ပြန်ချက်တွင် ဇွန်လ ၅ ရက် ည ၉နာရီခွဲ ခန့်တွင် GALAXY အဆင့်မြင့်ကျောင်းသို့ ဆိုင်ကယ်ဖြင့် အမျိုးသားတဦး ရောက်လာပြီး ကျောင်းသားတဦးအား ကျောင်း လိပ်စာများ လိပ်မူထားသည့် စာအိတ် ၂၁ အိတ် ပေးခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
GALAXY အဆင့်မြင့်ကျောင်းကို ပေးသည့် စာအိတ်တွင် “လူကြီးမင်း ခင်ဗျာ ဤစာကို ညတွင်းခြင်း ဝေငှပေးစေ လိုပါ သည်”ဟုလည်း ရေးသားထားသည်။
စာတွင် ဆက်သွယ်ရန် ရေးသားထားသည့် ဖုန်းကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာ KIO ကွတ်ခိုင်ခရိုင် အမှတ် (၉) တပ်ရင်းရုံးမှ ဖြစ်ကြောင်း၊ ငွေကြေးလာရောက် ပေးဆောင်ရမည့်ရုံးမှာ တရုတ်နိုင်ငံ ရွှေလီမြို့တွင် ဖွင့်ထားကြောင်း ဖြေဆိုပြီး ငွေကြေး ကောက်ခံရခြင်းနှင့် ပတ်သက်၍ ထပ်မံ မေးမြန်းရာ ရုံးတာဝန်ခံများ မရှိသဖြင့် မဖြေကြားနိုင်သေးပါ ဟု ပြောသည်။
KIO/KIA မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို မေးမြန်းရာ ၎င်းက“ကျနော်တို့ကတော့ စာရင်း ဇယားနဲ့ သေချာကောက်ပြီးတော့ ဗဟိုချုပ်ကိုင်မှု ပုံစံနဲ့ လိုတဲ့ နေရာမှာ ခွဲဝေပြီးတော့မှ ပြန်သုံးတာ။ အမြဲတမ်း ကောက် နေတဲ့အလုပ် ဖြစ်ပါတယ်။ အခု မူဆယ်မှာ စာပို့တာကတော့ ကျနော် စာလည်း မတွေ့ဘူး။ ဘာမှ သတင်း အစအန တွေလည်း မသိတော့ ကျနော်တို့ ကောက်တယ် ဆိုတာ ဝန်ခံလို့လည်း မရဘူး။ မဟုတ်ဘူးလို့လည်း ငြင်းဆို လို့ မရပါဘူး။ ကျနော် Policy အရ ပြောရရင်တော့ အမြဲတမ်း လုပ်နေတဲ့ အလုပ်ဖြစ်ပါတယ်”ဟု ပြောဆိုသည်။
ဗိုလ်မှူးကြီး နော်ဘူက မူဆယ်မြို့မှာ KIO ၏ နယ်မြေတပ်ရင်း (၉) ၊ ကွတ်ခိုင်ခရိုင် အုပ်ချုပ်ရေး အောက်တွင် ကျရောက် သဖြင့် ကောက်ခံခြင်း ဖြစ်နိုင်ကြောင်း၊ ပုံမှန်ကောက်ခံနေပြီး စီးပွားရေး လုပ်ကိုင်သူများကို လုပ်ငန်း အကြီး အသေး အလိုက် ငွေကြေး သတ်မှတ်ကာ ကောက်ခံခြင်း ဖြစ်ကြောင်းလည်း ပြောသည်။
KIO က ပြည်သူလူထုအပေါ် နှစ်စဉ် ငွေကောက်ခံရာမှ ရရှိသည့် ငွေစုစုပေါင်း ခန့်မှန်းခြေနှင့် မည်ကဲ့သို့ နှုန်းထား သတ်မှတ် ကောက်ခံကြောင်း ဖြေဆိုပေးရန် ဧရာဝတီက မေးရာတွင် ဗိုလ်မှူးကြီးနော်ဘူက ၎င်းမသိကြောင်း၊ KIO အခွန် ဌာနကသာ သိမည်ဖြစ်ကြောင်း ပြောဆိုသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် KIO အပြင် အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကလည်း စီးပွားရေး လုပ်ကိုင် သည့် ဒေသခံများအပေါ် ငွေကြေးတောင်းခံမှုများ နှစ်စဉ် ပြုလုပ်လျက် ရှိသည်။
KIO သည် ရှမ်းပြည်နယ် မြောက်ပိုင်းအပြင် ကချင်ပြည်နယ်ရှိ မြို့နယ် အများစုတွင်လည်း တော်လှန်ရေး ရန်ပုံငွေဟု ဆိုကာ KIO ၏ သက်ဆိုင်ရာ တပ်ရင်းရုံး တံဆိပ် ဖြတ်ပိုင်းများဖြင့် ငွေကြေး ကောက်ခံမှုများ ရှိသည်။
ကချင်ပြည်နယ်တွင်းရှိ ဖားကန့်မြို့နယ်၊ တနိုင်းမြို့နယ်နှင့် အခြားမြို့နယ်များသို့ သွားရာ လမ်းများတွင်လည်း လမ်း အသုံးပြုခဟု ဆိုကာ ကားများ၊ ခရီးသည်များကို ရံဖန်ရံခါ ငွေကြေး တောင်းခံလျက် ရှိသည်။
စီးပွားရေးလုပ်ငန်း လုပ်ကိုင်ကြသူ အများစုသည် ပြောဆို တိုင်ကြားခြင်းနှင့် ရဲတပ်ဖွဲ့များ၊ အာဏာပိုင်များထံ အကြောင်း ကြားခြင်းမရှိဘဲ လက်နက်ကိုင် အဖွဲ့များထံမှ တောင်းဆိုသည့် ငွေကြေးပမာဏကို နှစ်စဉ် ပေးဆောင် နေကြသည်ဟုလည်း စုံစမ်း သိရှိရသည်။
KIO/KIA သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုထားခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ တဖွဲ့ဖြစ်သည်။
အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုပြီး နိုင်ငံရေး ဆွေးနွေးရန် အတွက် “ဝ”ပြည် သွေးစည်းညီညတ်ရေး တပ်မတော် (UWSA) ဦးဆောင် ပါဝင်ပြီး တရုတ်-မြန်မာနယ်စပ်နှင့် မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ ပါဝင် သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC) တွင် KIO က ပါဝင်ကာ အစိုးရနှင့် တွေ့ဆုံ ဆွေးနွေး ရန် တောင်းဆိုလျက် ရှိသည်။