မွန်ပြည်နယ်အစိုးရအနေဖြင့် ရပ်ကျေးအုပ်ချုပ်ရေးမှူး အချို့ကို အရေးယူရာတွင် ညီမျှမှုမရှိဘဲ ကွဲလွဲမှုအချို့ ရှိနေကြောင်း သထုံမဲဆန္ဒနယ်အမှတ် ၂ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက
ဇွန် ၇ ရက်နေ့ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့) အစည်းအဝေးတွင် ပြောသည်။
ကျိုက်မရောမြို့နယ်၊ တရနာကျေးရွာအုပ်စုတွင် အမေရိကန်နိုင်ငံသား ခံယူလိုက်သည့် တရနာကျေးရွာမှ ရွာသားတစ်ဦးသည် ယင်းကျေးရွာတွင် Social ဗီဇာဖြင့် တရားဝင် လာရောက်နေထိုင်ခြင်းကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးထံ သတင်းမပို့ဟုဆိုကာ တရနာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မိသန်းဌေးကို မွန်ပြည်နယ်အစိုးရအဖွဲ့က ဧပြီ ၂၆ ရက်နေ့က တာဝန်မှ ရပ်စဲလိုက်ကြောင်း သိရသည်။
သို့သော်လည်း ၂၀၁၆-၁၇ ခုနှစ်က ပေါင်မြို့နယ်၊ ကျုံကကျောက်မိုင်းတွင် အလုပ်လာလုပ်နေသည့် တရုတ်နိုင်ငံသားများသည် Visit ဗီဇာ၊ Business ဗီဇာတို့ဖြင့် ကျေးရွာအတွင်း တရားမဝင် အိမ်ငှားနေထိုင်မှုများ ရှိခဲ့သည်ကို ယင်းကျေးရွာအုပ်ချုပ်ရေးမှူးကို တာဝန်မှရပ်စဲမှု မလုပ်ခဲ့သည့်အပြင် သက်ဆိုင်ရာမြို့နယ်မှ နိုင်ငံခြားသားများအပေါ် ကူညီဆောင်ရွက်ပေးခဲ့သော ဖြစ်စဉ်များရှိခဲ့သည်ကို မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာကော်မတီမှ တွေ့ရှိခဲ့ရခြင်းကြောင့် ထိုဖြစ်စဉ်နှစ်ခု ကွဲလွဲနေကြောင်း ဦးအောင်ကျော်သူက နှိုင်းယှဉ်ပြောဆိုခဲ့သည်။
ထို့အပြင် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်တွင် သထုံမှတ်ပုံတင်နှင့် မော်လမြိုင်မှတ်ပုံတင်တို့ဖြင့် အုပ်ချုပ်ရေးမှူး အရွေးခံခဲ့သည့် လက်ရှိအုပ်ချုပ်ရေးမှူး ဦးဝင်လွင်ဦးသည် မှတ်ပုံတင်နှစ်ခု ကိုင်ဆောင်ခဲ့ခြင်းကြောင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ သက်ဆိုင်ရာဝန်ကြီးဌာနမှ ညွှန်ကြားချက်ထုတ်၍ တရားစွဲဆိုခံရခြင်းအပေါ် ပြည်နယ်အစိုးရမှ တာဝန်မှ ရပ်နားခိုင်းခြင်း မပြုလုပ်ခဲ့သည်ကိုလည်း ၎င်းက ဝေဖန်ထောက်ပြ ပြောဆိုခဲ့သည်။
ထိုကိစ္စများနှင့် ပတ်သက်၍ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက “တရနာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနဲ့ ပတ်သက်ပြီးတော့ ညှိနှိုင်းအစည်းအဝေးမှာ အဲ့ဒီကိစ္စ နောက်ဆုံးအခြေနေကို ပြန်လည်သုံးသပ်ပြီးတော့မှ ဥပဒေနဲ့အညီ ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ လှိုင်လည်း အလားတူပါပဲ အရေးယူဆောင်ရွက်ဖို့ စီစဉ်ဆောင်ရွက်ဖို့ရှိပါတယ်”ဟု ပြောဆိုခဲ့သည်။
မှတ်ပုံတင်နှစ်ခုဖြင့် ရွေးချယ်ခံခဲ့သည့် လှိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူးကို ပြည်နယ်အဆင့် လဝက အရာရှိများ၊ ဥပဒေဆိုင်ရာနှင့် ဌာနဆိုင်ရာ အကြီးအကဲများက ဥပဒေနှင့်မညီကြောင်း မွန်ပြည်နယ်လွှတ်တော်ရေးရာ ကော်မတီတွင် မှတ်ချက်ပေးခဲ့သည့်အပေါ် အရည်အချင်းပျက်ယွင်း၍ ဦးဝင်းလွင်ဦးသည် အုပ်ချုပ်ရေးမှူးအဖြစ် အရွေးချယ်မခံသင့်ကြောင်း မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဒေါ်တင်အိက မွန်ပြည်နယ်အစိုးရထံသို့ ညှိနှိုင်းအကြောင်းကြားစာ ပေးပို့ထားမှုရှိကြောင်း ၎င်းက ဆိုသည်။
“ဒီဟာတွေကို ကျနော်တို့ ကွဲကွဲပြားပြားသိချင်တာက ဘာကြောင့် ဒီလိုဖြစ်တာလဲ၊ ဒီလိုကိစ္စရပ်မျိုးကို နောက်နောင် ဖြစ်ပေါ်လာရင် ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ဆက်လက် ဘယ်လိုဆောင်ရွက်မလဲဆိုတာကို သိချင်ပါတယ်”ဟု ဦးအောင်ကျော်သူက ပြောသည်။
မွန်ပြည်နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၄၇၀ ခုတွင် အုပ်ချုပ်ရေးမှူး ရွေးချယ်ရန် ကျန်ရှိနေသေးသည့် ၁၂ ဦးမှာ ရွေးချယ်ချိန်တွင် တိုင်ကြားမှုများ ကန့်ကွက်မှုများ ရှိနေခြင်းကြောင့် စိစစ်ဆောင်ရွက် နေသည်ဟုလည်း သိရသည်။