ဒေါ်လာ သန်း ၅၀၀ တန် အထပ်မြင့် အဆောက်အဦး စီမံကိန်းတခု အတွက် ဖြိုဖျက်ခဲ့သော သမိုင်းအမွေအနှစ် အဆောက်အဦးတခုကို မူလပုံစံ အတိုင်း ပြန်လည်တည်ဆောက်ရန် ဇေကမ္ဘာ ဦးခင်ရွှေ ကို တပ်မတော်က ညွှန်ကြားလိုက်သည်။
ရန်ကုန်မြို့တော် အမွေအနှစ် စာရင်းဝင် ကိုလိုနီခေတ်လက်ရာ အဆောက်အဦးတခု ဖြစ်သော မြို့တော်ဝန် အိမ်ကို ဖြိုချခဲ့ခြင်းနှင့် ပတ်သက်၍ စစ်ထောက်ချုပ်ရုံးက ဦးခင်ရွှေထံသို့ ပြီးခဲ့သည့် အပတ်အတွင်းက စာတစောင်ပေးပို့ခဲ့သည်။
ဇေကမ္ဘာ ကုမ္မဏီမှ ထို အဆောက်အဦးကို စီမံကိန်းအတွက် ဖြိုချခဲ့ကြောင်း ဧပြီလ အတွင်းတွင် ဧရာဝတီက သတင်းဖော်ပြခဲ့ပြီး နောက် ယခုကဲ့သို့ စာပေးပို့ခဲ့ခြင်း ဖြစ်သည်။
ယခု ရပ်ဆိုင်းထားသည့် မြရိပ်ညိုဟိုတယ် အပါအဝင် တပ်မတော်ပိုင် ၁၃ ဧကကျယ်ဝန်းသည့် မြေပေါ်တွင် တည်ရှိသော ထို ရှေးဟောင်းအဆောက်အဦးကို ဖေဖော်ဝါရီလ အတွင်းတွင် ဇေကမ္ဘာကုမ္ပဏီက ဖြိုဖျက်ခဲ့သည်။ ကန်ထရိုက် အဖြစ် China State Construction Engineering Corporation Ltd က ဆောင်ရွက်သည့် ကုမ္ပဏီ၏ အစီအစဉ်မှာ ထိုမြေနေရာတွင် အမြင့် ၃၈၂ ပေမှ ၄၁၂ပေ အတွင်းရှိ အဆောက်အဦး ၁၂ ခုတည်ဆောက်ရန် ဖြစ်သည်။
စစ်ထောက်ချုပ်ရုံးစာနှင့် ပတ်သက်၍ ကုမ္ပဏီ ဥက္ကဌ ဦးခင်ရွှေက ဧရာဝတီသို့ ဇွန်လ ၅ ရက်နေ့တွင် အတည်ပြုပြောကြားခဲ့သည်။
“သူတို့က အဆောက်အဦးကို ပြန်ဆောက်ပေးဖို့ ကျနော်ကို ပြောတယ်။ ကျနော် သူတို့ပြောတဲ့ အတိုင်း လုပ်ရမှာပေါ့” ဟု သူကပြောသည်။
ထို မြို့တော်ဝန်အိမ်သည် တချိန်က ရန်ကုန် မြို့တော်ဝန်များ နေထိုင်ခဲ့သော နေရာ ဖြစ်ပြီး နောက်ဆုံးနေထိုင်ခဲ့သူမှာ ဦးအောင်သိန်းလင်း ဖြစ်ကာ ၂၀၀၀ ခုနှစ်များ အစောပိုင်းက ဖြစ်သည်။
၁၉၉၆ ခုနှစ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက သမိုင်းအမွေအနှစ် တန်ဖိုးရှိသော အဆောက်အဦး စာရင်း တခုပြုစုနိုင်ရန် အတွက် ရန်ကုန်မြို့တော်မှ အဆောက်အဦး ဟောင်းများကို စတင်၍ စစ်တမ်းကောက်ယူခဲ့သည်။ ၂၀၀၁ ခုနှစ် အထိ အဆိုပါ စာရင်းတွင် အဆောက်အဦး ၁၈၈ ခုပါဝင်ခဲ့ပြီး အများစုမှာ ဘာသာရေး နှင့် ကိုလိုနီခေတ် အ ဆောက်အဦးများ ဖြစ်ကြသည်။ အဆိုပါ စာရင်းပါ အဆောက်အဦးများသည် ဗိသုကာ လက်ရာအရ ထူး ခြားထင်ရှားမှု ရှိပြီး သက်တမ်း နှစ် ၅၀ အထက်ဖြစ်သည်။ ထို အဆောက်အဦးများသည် ပုဂ္ဂလိက ပိုင် မဟုတ်ကြချေ။
ဖြိုဖျက်ခံခဲ့ရသော မြို့တော်ဝန် အိမ်သည် အဆိုပါခြံဝန်း အတွင်းတွင်ပင်ရှိသော နောက်ထပ် ကိုလိုနီခေတ် လက်ရာ တခု ဖြစ်သည့် မြို့တော်ဝန် ဧည့်ဂေဟာ နှင့် အတူ စာရင်းတွင် ပါဝင်ခဲ့သည်။
အမွေအနှစ် ကာကွယ်စောင့်ရှောက်ရေးများ ဆောင်ရွက်နေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းတခု ဖြစ်သည့် ရန်ကုန် မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Yangon Heritage Trust) ၏ အဆိုအရ စီမံကိန်း ဧရိယာကို ဗြိတိ သျှ အုပ်ချုပ်ရေး ခေတ်က Mount Pleasant ဟု သိကြသည်။ မြို့တော်ဝန် အိမ်၊ မြို့တော်ဝန်၏ ဧည့်ဂေဟာ နှင့် Chartered ဘဏ်မန်နေဂျာ၏ နေအိမ်တို့ အပါအဝင် အဆင့်မြင့် အရာရှိကြီးများ၏ အိမ်ကြီး အိမ်ကောင်းများ ထိုနေရာတွင် တည်ရှိခဲ့ သည်။ တည်ဆောက်ပုံ လက်ရာ နှင့် ဒီဇိုင်းများအရ မြို့တော်ဝန် အိမ်တော် နှင့် မြို့တော်ဝန်၏ ဧည့်ဂေဟာ တို့သည် ၁၉၂၀ မ တိုင်မီက တည်ဆောက်ခဲ့ခြင်း ဖြစ်မည်ဟု Yangon Heritage Trust က ခန့်မှန်းထားသည်။
သို့သော်လည်း မြို့တော်ဝန် အိမ်သည် ကြီးမားသော ပြင်ဆင် မွမ်းမံမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည့် အတွက် အမွေအနှစ် အဆောက်အဦးတခု မဟုတ်တော့ကြောင်း ဦးခင်ရွှေက အခိုင်အမာ ထပ်တလဲလဲ ပြောဆိုခဲ့သည်။
“အမိုးနဲ့ ကြမ်းပြင်တွေက ၂၀၀၀ ခုနှစ်တွေ အစောပိုင်းမှာ ပြန်အစားထိုးခဲ့တယ်။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းမှာလည်း အကြီးအကျယ် ပျက်စီးခဲ့ပါတယ်။ ကျနော်တို့ အဆောက်အဦးတခုလုံးကို ပြန်လည်ပြုပြင်ခဲ့ရပါတယ်။ ဒါကြောင့် အဲဒါက သမိုင်း အမွေအနှစ် အဆောက်အဦး တခု မဟုတ်တော့ပါဘူး” ဟု သူကပြောသည်။
မြို့တော်ဝန် နေအိမ်နှင့် ပတ်သက်သည့် စောဒကတက်မှုများ အပြင် အဆိုပါ မြရိပ်ညို စီမံကိန်း၏ တည်ဆောက်ရေး လုပ်ငန်း များကြောင့် အနီးတွင် ရှိသော သက်တမ်း ၉၂ နှစ်ရှိ ရေလှောင်ကန် ပျက်စီးသွားမည်ကို စီမံကိန်း လုပ်ငန်းခွင် အနီး နေထိုင်သူများ က စိုးရိမ်ကြသည်။ အကယ်၍ ရေလှောင်ကန် ပျက်စီးသွားခဲ့လျှင် အနိမ့်ပိုင်းတွင် ရှိသော ကုက္ကိုင်းရိပ်သာ ဧရိယာကို ရေလွှမ်းမိုးသွားနိုင်သလို မြို့နယ် အများအပြားတွင်လည်း ရေပြတ်လပ်မှု ကို ခံစားရမည် ဖြစ်သည်။
ထို စိုးရိမ်မှုများကြောင့် ရေလှောင်ကန် ထိခိုက်ပျက်စီးခြင်းမှ ကာကွယ်ရန် တိကျသေချာ သော ဘေးကင်းလုံခြုံရေး ဆောင်ရွက်မှုများ ပြုလုပ်ရန် ကုမ္ပဏီကို မြို့တော် စည်ပင်သာယာရေး ကော်မတီက ညွှန်ကြားထားသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော ကျော်ဖြိုးသာ၏ Military Orders Tycoon to Rebuild Yangon Heritage Building ကို ဘာသာပြန်သည်။)