မွန်ပြည်နယ်အတွက် ကိုယ်စားပြု အလံကို ဒေသခံ တိုင်းရင်းသားများ ဆန္ဒရှိသည့် ပုံစံအတိုင်း အသုံးပြုရန် ယနေ့ ကျင်းပသည့် ဒုတိအကြိမ် မွန်ပြည်နယ် လွှတ်တော် ဒသမ ပုံမှန် အစည်းအဝေး (သတ္တမနေ့) တွင် အတည်ပြု လိုက်ကြောင်း သိရသည်။
မွန်ပြည်နယ် ကိုယ်စားပြုအလံတော်အား အနီရောင်အောက်ခံနှင့် ရွှေရောင်ဟင်္သာ (အဖို) ပါသည့် အလံကို ကိုယ်စားလှယ် အားလုံးက အသိအမှတ်ပြု ထောက်ခံပေးကြရန် မွန်ပြည်နယ် လွှတ်တော်အစည်းအဝေး၌ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ က တိုက်တွန်းပြောဆိုခဲ့သည်။
“ဒါနဲ့ ပတ်သက်ပြီးတော့ အချိန်ရွှေ့ဆိုင်းဖို့အတွက် မလိုအပ်ဘူး။ ကောင်းကျိုး၊ ဆိုးကျိုး အားလုံးကို ကျနော် တာဝန်ယူ၊ တာဝန်ခံ ပါတယ်” ဟု ဒေါက်တာအေးဇံက လွှတ်တော် အစည်းအဝေး တွင်ပြောသည်။
မွန်ပြည်နယ် အစိုးရအဖွဲ့တွင် တရားဝင် အသုံးပြုမည့် မွန်ပြည်နယ်ကိုယ်စားပြု အလံ ကိစ္စနှင့် ပတ်သက်၍ ဇွန်လ ၅ ရက်နှင့် ၆ ရက်တို့၌ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တို့က ဆွေးနွေးမှုများ ပြုလုပ်ပြီး ရွှေဟင်္သာ (အဖို) ပါသည့် အလံတော်၏ နောက်ခံရောင်ကို အနီနှင့် အပြာ နှစ်မျိုး ရွေးချယ်ကာ ဇွန် ၇ ရက်က အတည်ပြုနိုင်ရန် ပြည်နယ် လွှတ်တော် အစည်းအဝေးသို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။
ယင်းအလံ သတ်မှတ်မည့် ကိစ္စနှင့် ပတ်သက်၍ ဇွန် ၇ ရက်က ပြည်နယ် လွှတ်တော်တွင် ဆွေးနွေးမှုများအပြီး လူမှုကွန်ရက် စာမျက်နှာများတွင် မွန်ပြည်နယ် ကိုယ်စားပြု အလံ အောက်ခံအရောင်ကို အနီရောင် သတ်မှတ်ပေးဖို့ တိုက်တွန်းမှုများရှိခဲ့ပြီး မွန်တိုင်းရင်းသားများကလည်း အလံတော်၏ အောက်ခံရောင်ကို အနီရောင်ထားပေးရန် ဆန္ဒရှိနေကြခဲ့ကြ ကြောင်း ဒေသခံ များက ပြောသည်။
ယခင်အစိုးရများ လက်ထက်က မွန်ပြည်နယ် ကိုယ်စားပြုအလံသည် ရွှေဟင်္သာ (အဖို) နှင့် နောက်ခံအပြာရောင်ဖြစ်ပြီး ရွှေဟင်္သာ (အဖို) ၏ အောက်ခြေ၌ မွန်ပြည်နယ် ဟု စာတမ်းပါရှိသည့် အလံကို အသုံးပြုနေခြင်း ဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ် ကိုယ်စားပြုအလံတော် သတ်မှတ်ရေးနိုင်ရေး အတွက် ဇွန် ၇ ရက်က ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ် ရယူခဲ့ သော်လည်း အငြင်းပွားမှုတချို့ ရှိနေခြင်းကြောင့် ဇွန် ၈ ရက်မှသာ အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။