အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရဟာ ရခိုင်အရေးမှာ နိုင်ငံတကာ ဖိအားတွေ လျော့ပါးအောင် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေး ရေး ကော်မရှင်တခုကို နိုင်ငံတကာ ပုဂ္ဂိုလ်တဦးနဲ့ ဖွဲ့စည်းဖို့ ကြိုးစားတဲ့အချိန်မှာ သဘောမတူတဲ့ အင်အားစုတွေရှိနေတာကြောင့် ဒီနေ့ ဇွန်လ ၈ ရက် ပြည်သူ့လွှတ်တော်မှာ အရေးကြီးအဆိုအဖြစ် ဆွေးနွေးမယ့် ကိစ္စကို ရုတ်တရက် ရပ်ဆိုင်းလိုက်ရပါတယ်။
အဲဒီ အရေးကြီးအဆိုရဲ့ ခေါင်းစဉ်က နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာနဲ့ ပြည်သူတွေကို လေးစားသောအားဖြင့် လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင်မှာ နိုင်ငံတကာ ပုဂ္ဂိုလ်တဦးပါဝင်ဖွဲ့စည်းဖို့ ဆိုတာကို ပြန်လည် သုံးသပ်ပေးဖို့ ဆိုတာ ဖြစ်ပြီး အတိုက်အခံ ကြံ့ခိုင်ရေးပါတီက ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့က တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီ အရေးကြီးအဆိုကို ဒီနေ့ လွှတ်တော်မှာ မလုပ်တော့ဘဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လုပ်ပိုင်ခွင့် အာဏာများစွာရှိတဲ့ တပ်မတော်နဲ့ အစိုးရ ခေါင်းဆောင်တွေဟာ ဒီနေ့ မနက်ပိုင်းက စပြီး သမ္မတအိမ်တော်မှာ ရခိုင်အရေး ဆွေးနွေးအဖြေရှာမှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ အာဏာရ NLD ပါတီ အသိုင်းအဝိုင်းက ပြောပါတယ်။
သမ္မတ၊ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့နှင့် နီးစပ်သူ မုံရွာအောင်ရှင်က “ကာ/လုံတော့ မဟုတ်ဘူး။ ကာ/လုံ ကဲ့သို့သော တွေ့ဆုံဆွေးနွေးမှု၊ ဒီ အစည်းအဝေးက သမ္မတရုံးရဲ့ ပြောဆိုချက်အရ ဒီနေ့မနက် ဆွေး နွေးနေကြပြီဆိုတာ သိရတယ်။ မနေ့က လွှတ်တော် ရုတ်တရက် နား လိုက်တာကလည်း ဒီကနေ့ အိမ်တော်မှာ ဆွေးနွေးမယ့် ကိစ္စတွေနဲ့ ပတ်သက်တယ်။ ကာလုံကဲ့သို့ ဆွေးနွေးပွဲဖြစ်လို့ တိုင်းပြည်အတွက် အရေးကြီးတယ်လို့ တွက်ရတယ်ပေါ့”လို့ ဧရာဝတီကို ပြောပါတယ်။
ဒီနေ့ သမ္မတရုံးရဲ့ ထုတ်ပြန်ချက်အရလည်း အစည်းအဝေးကို နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတများဖြစ်သည့် ဦးမြင့်ဆွေ၊ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထဲရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ နယ်စပ်ရေးရာဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဋ္ဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးနဲ့ သမ္မတရုံးဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး ဦးမင်းသူ တို့ တက်ရောက်ကြတယ်လို့ သိရပါတယ်။
ဒီနေ့ ဆွေးနွေးမယ့် အဓိက အကြောင်းအရာဟာ ရခိုင်အရေး အဓိကဖြစ်ပြီး ဆွေးနွေးပွဲမှာ အရပ်ဖက်နဲ့ စစ်ဖက် အချင်းအချင်း ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်နိုင်ရင် ကောင်းတဲ့ အလားအလာပဲ ဖြစ်လာနိုင် သလို NLD အစိုးရဟာ ရခိုင်အရေးမှာ နိုင်ငံတကာဖိအားတွေ လျော့ပါးအောင် ကြိုးစားနေတာကို နားလည်ပေးဖို့ လိုတယ်လို့ မုံရွာအောင်ရှင်က မြင်ပါတယ်။
“လက်ရှိ အခြေအနေတွေကို ပြည်သူတွေကလည်း စိုးရိမ်တယ်။ ကျနော်တို့လည်း စိုးရိမ်တယ်။ ဒီအဖွဲ့ထဲမှာလည်း နိုင်ငံတကာ ပုဂ္ဂိုလ်တဦးပဲ ထည့်မှာပါ။ ကျနော်တို့က ရခိုင်အရေးကို နိုင်ငံတကာဆန်ဆန် စဉ်းစားရတာကိုး။ အခုလည်း ကိုယ့်နိုင်ငံထဲက လူက အဓိက ပါမှာပဲ။ ပညာရှင်တွေနဲ့ လုပ်ကြရမှာပဲ။ သူတို့ စဉ်းစားသလို သိပ်တော့လည်း အန္တရာယ်လည်း မရှိပါဘူး။ ကိုယ့်ဆီကလူက ကော်မတီထဲမှာ အများစု ပါမှာပါ”လို့ မုံရွာအောင်ရှင်က ပြောပါတယ်။
ဇူလိုင်လ ၆ ရက်နေ့က လွှတ်တော် အစည်းအဝေးအပြီးမှာတော့ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ်ဟောင်း ဦးမောင်မြင့် ကတော့ ကော်မရှင်မှာ နိုင်ငံတက ပါဝင်ပတ်သက်ခွင့်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင် ပြောဆိုခဲ့ပြီး ပြည်တွင်းက အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့်တို့လို လူတွေပဲ ဦးဆောင်သင့်တယ်လို့ အကြံပြုခဲ့ပါတယ်။
ရခိုင်အရေး မြန်မာနိုင်ငံကို လာရောက်လေ့လာခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အကြံပြုချက်အတိုင်းသာ လိုက်လုပ်ပြီး တပ်မတော်နဲ့ ညှိနှိုင်းမှု မရှိခဲ့လို့ ဒီနေ့လို အခြေအနေမျိုး ပေါ်ပေါက်လာရတာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်နဲ့ မညှိနှိုင်းခဲ့ဘူးဆိုရင် ရခိုင်ကိစ္စသာမက အမျိုးသား ရင်ကြားစေ့ရေးပါ အောင်မြင်မှာ မဟုတ်ဘူးလို့ နိုင်ငံရေး လေ့လာ စောင့် ကြည့်သူ ဦးမောင်မောင်စိုးက ပြောပါတယ်။
ဦးမောင်မောင်စိုး “ဒါကြောင့်မို့လို့ ကာ/လုံ ခေါ်ရေး ကိစ္စမှာ ၂၀၀၈ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲက တက်လာတဲ့ အရပ်သား အစိုးရရယ်၊ ဖွဲ့စည်းပုံအရ အခွင့်အာဏာရှိတဲ့ တပ်ရယ် ညှိလို့ရတာ ကာ/လုံမှာပဲ ရှိတယ်။ အဲဒီဟာကို အပတ်စဉ်ခေါ်ပြီး ညှိနေမယ်ဆိုရင် ပြဿနာ နည်းမှာပေါ့။ အဲဒီလို ညှိနှိုင်းမှု မလုပ်နိုင်ရင် ပြဿနာတွေ ရှိမယ်။ ဘာပဲဖြစ်ဖြစ် တွေ့ဆုံ ညှိနှိုင်းနေဖို့ လိုတယ်”လို့ ပြောပါတယ်။
NLD အစိုးရ အနေနဲ့ ဘာကြောင့် အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ အစည်းအဝေးခေါ်ဖို့ တွန့်ဆုတ်နေရတာကို နားမလည်နိုင်ဖြစ်ရပြီး ကာ/လုံမှာ မဲခွဲမယ်ဆိုတဲ့ အယူအဆကြောင့်လား၊ ဒေါ်အောင်ဆန်းစုကြည်ဟာ အတိုင်ပင်ခံ ရာထူးနဲ့ မဟုတ်ဘဲ နိုင်ငံခြားရေး ဝန်ကြီးရာထူးနဲ့ပဲ ကာ/လုံ ဝင်ထိုင်ရမှာကို မနှစ်သက်လို့လားဆိုတာ မသဲကွဲဘူးလို့လည်း ဆိုပါတယ်။
ဒီနေ့ လွှတ်တော်မှာ ဆွေးနွေးရမယ့် ရခိုင်အရေး အရေးကြီးအဆိုကို တပ်မတော်က သိပ်သဘောကျပုံ မရတာ သိသာပြီး လွှတ်တော် ရပ်နားရလောက်အောင် ကိစ္စဖြစ်လာတာဟာ ဒီအရေးကိုပဲ တပ်မတော်နဲ့ ညှိနှိုင်းဖို့ ရှိတယ်လို့ ယူဆကြောင်း ရခိုင်အမျိုးသား ပါတီ အတွင်းရေးမှူး ဦးဦးလှစောကလည်း ပြောပါတယ်။
မြောက်ဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ဦးဦးလှစောက“ကိုဖီအာနန်မှာလည်း တခါ ပြဿနာ ဖြစ်ပြီးပြီ။ ၃ ယောက် ကော်မရှင်ဆိုတာက ဘယ်လိုမှ လက်မခံနိုင်ဘူး။ ဘယ်သူ ဘယ်ဝါ၊ မျက်နှာဖြူလား၊ မျက်နှာညိုလား၊ မျက်နှာမဲလား ဘယ်သူမှန်းလည်း မသိတဲ့ ကော်မရှင်တခုကို ဖွဲ့ပြီးတော့ ရခိုင်အရေးမှာ အာဏာကုန် လွှဲလိုက်တယ်ဆိုတော့ ဘယ်သူမှလည်း စိစစ်ခံချင်မှာ မဟုတ်ဘူး” လို့ ပြောပါတယ်။
NLD အစိုးရရဲ့ အခု လုပ်ရပ်ဟာ တပ်မတော်ကို တိတိလင်းလင်း အရေးယူလို့ရအောင် ဖန်တီးလာတဲ့ လုပ်ရပ်တခု ဖြစ်ပြီး နိုင်ငံတကာ ပုဂ္ဂိုလ် ပါဝင်စေမယ်ဆိုတဲ့ ဒီကြေညာ ထုတ်ပြန်ချက်ဟာ တိုင်းပြည်အတွက်ပါ အန္တရာယ် ရှိသလို တပ်မတော်ကို ကြိုးစင်တင်ဖို့ ကြိုးစားလာတာ ဖြစ်ကြောင်း အတိုက်အခံ ကြံ့ခိုင်ရေးပါတီရဲ့ ပြောခွင့်ရသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။
“အဲဒါကြောင့် ကျနော်တို့က ကော်မရှင်ကို လက်မခံဘူး။ ကန့်ကွက်တယ်ဆိုပြီး ကျနော်တို့လည်း ကြေညာချက် ထုတ်တယ်။ ကျနော်တို့ အရေးကြီးအဆို တင်သွင်းပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးကြတော့မယ်။ ကိုယ့်နိုင်ငံက တရားဝင်တည်ရှိနေတဲ့ နိုင်ငံကို ကာကွယ်နေတဲ့ တပ်မတော်ကို ပြန်ပြီးတော့ အကျပ်အတည်း ဖြစ်အောင် လုပ်တဲ့ ပုံစံမျိုး ဖြစ်နေတယ်”လို့ သူက ဆိုပါတယ်။
အဲဒါကြောင့်ပဲ ဒီနေ့ သမ္မတအိမ်တော်မှာ နိုင်ငံ ထိပ်သီး ခေါင်းဆောင်တွေ အရေးပေါ် အစည်းအဝေး ခေါ်တာဖြစ်ပြီး ရခိုင်အရေး လွှတ်တော်မှာ မဆွေးနွေးမီ ထိပ်ပိုင်းခေါင်းဆောင်တွေ အကြိတ်အနှယ် ဆွေးနွေးပြီး အဖြေထုတ်မယ်လို့ ထင်ကြောင်း၊ ဘယ်လိုပဲ ဖြစ်ဖြစ် ကောင်းမွန်တဲ့ ရလဒ် ထွက်လာမယ်လို့ မျှော်လင့်ကြောင်း ဒေါက်တာ နန္ဒာလှမြင့်က ဆိုပါတယ်။
၎င်းက ဆက်၍ “ဒီလို တွေ့ဆုံမှုမှာ တပ်မတော်ကလည်း တပ်မတော်ရဲ့ အခန်းကဏ္ဍ ဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ် ဘာကြောင့် ဘယ်လို ဆောင်ရွက်ရတာ တပ်မတော်ရဲ့ ရပ်တည်ချက်ကို ချပြလို့ရမယ်။ နိုင်ငံတော် အစိုးရကလည်း နိုင်ငံတကာ ဖိအားတွေ ရှိနေတယ်။ သူတို့ အနေနဲ့ ဘယ်လိုရှုထောင့်ကနေ ရပ်တည်နေတယ်ဆိုတာ ပွင့်ပွင့်လင်းလင်း အမြင်ချင်းဆွေးနွေးရမယ့် အနေအထား ဖြစ်သွားပြီ”လို့ ဆိုပါတယ်။
၁၉၈၈ နောက်ပိုင်း တပ်မတော် အစိုးရလက်ထက်ကတည်းက ရှိလာတဲ့ နိုင်ငံတကာဖိအားတွေဟာ ဒီနေ့အချိန်အထိ မပျောက်နိုင်သေးဘဲ အခု အစိုးရလက်ထက်အထိ ပိုကောင်းလာမယ် ဆိုတဲ့ ယုံကြည်မှုနဲ့ ကိုဖီအာနန် ကော်မရှင်ကို ဖွဲ့စည်းခဲ့ပေမယ့် နိုင်ငံတကာ ဖိအားကို ဆက်လက် ရင်ဆိုင်နေရကြောင်း သေနင်္ဂအင်စတီကျူက အမှုဆောင် ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောပါတယ်။
“အဓိက ကတော့ အစိုးရနဲ့ တပ်မတော်သည် သေချာကို ဦးတည်ချက်တခုအနေနဲ့၊ အထူးသဖြင့် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့အတွက်နဲ့ ပေါင်းစပ်ပြီး လုပ်ဆောင်နိုင်မယ်။ အထူးသဖြင့် နိုင်ငံတကာဖိအားကို စနစ်တကျပြန်လည်တုံ့ပြန်နိုင်မယ်ဆိုရင် ကျနော်တို့ဘက်က ဖိအားတွေကို အတိုင်းအတာတခုအထိ လျှော့ချနိုင်မှာဖြစ်ပါတယ်”လို့ ၎င်းက ပြောပါတယ်။
ဒါပေမယ့် ဥရောပသမဂ္ဂနဲ့ အမေရိကန်နိုင်ငံတို့က ထိပ်တန်းဗိုလ်ချုပ်ကြီးများကို ပစ်မှတ်ထားအရေးယူမှုများ ချမှတ်ဖို့ ရှိနေပြီး မြန်မာနိုင်ငံကို နိုင်ငံတကာရာဇဝတ်တရားရုံး – ICC ကို လွှဲပြောင်းပေးဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို တိုက်တွန်းနေကြတဲ့ နိုင်ငံတကာ ဖိအားတွေ ရှိနေခဲ့ပါတယ်။ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံကို ရောက်လာခဲ့ပြီး ICC က မစစ်ဆေးလိုဘူးဆိုရင် ကိုယ့်ဘာသာကိုယ် စုံစမ်းစစ်ဆေးရေး လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။
လတ်တလော ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် မွတ်စလင် ဒုက္ခသည်များ ပြန်လည် လက်ခံရာမှာ ပါဝင်ရေး မြန်မာ အစိုးရနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်း များ သဘောတူလက်မှတ် ရေးထိုးကြလို့ အမေရိကန်က ကြိုဆိုခဲ့ပြီး နိုင်ငံတကာ မီဒီယာတွေမှာ မြန်မာကို အကောင်းပြန်ရေးလာကြပါတယ်။
ဒါပေမယ့် အခုဖွဲ့မယ့် ရခိုင်အရေး လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင်ဟာ အရင်က ဖွဲ့စည်းဖူးပြီး ဘာပြစ်မှုမှ ကျူးလွန်ခြင်း မရှိကြောင်း အကြိမ်ကြိမ် ငြင်းဆိုခဲ့မှုကြောင့် နိုင်ငံတကာက မယုံကြည်ခဲ့သလို အဖြစ်မျိုးကို ရှောင်လွှဲနိုင်ဖို့ လိုအပ်ပါတယ်။ တချိန်တည်းမှာ ဒီအရေးကြောင့် အရပ်ဖက် စစ်ဖက် ဆက်ဆံရေး ပျက်ယွင်းသွားမှာကို စိုးရိမ်ကြသူတွေလည်း ရှိနေပါတယ်။
သီပေါမြို့နယ် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက “ကိုယ်ထင်တာကိုယ်လုပ်ပြီး ဒါက ဥပဒေနဲ့အညီပဲဆိုပြီး မတိုင်ပင်ဘဲလုပ်တဲ့အခါကျတော့ တဖက်က ဘယ်လိုခံစားရနိုင်မလဲဆိုတော့ သူက ကိုယ့်ကို ထားခဲ့ပြီး ချောက်တွန်းမလား၊ ဒုက္ခရောက်အောင် လုပ်မလားဆိုတဲ့ စိုးရိမ်မှုမျိုး တပ်မတော်ဘက်က ရှိလာနိုင်တယ်လေ။ နိုင်ငံတကာ စွက်ဖက်မှုတွေ ဝင်လာနိုင်သလား။ စသဖြင့် အဲဒါတွေမှာ တိုင်ပင်ဖို့လိုတယ်။ အဲလိုမတိုင်ပင်ဘဲ လုပ်ပြီးခါမှ ပြန်ပြီး ရင်ကြားစေ့ရတာမျိုးက မကောင်းဘူး”လို့ ဦးရဲထွန်းက ပြောပါတယ်။
(နေပြည်တော်ရှိ ဧရာဝတီ သတင်းအဖွဲ့က ပူးပေါင်းရေးသား ပေးပို့သည်။)
ဆက်စပ်ဖတ်ရှုရန် – အစိုးရနဲ့ တပ်မတော် ဆက်ဆံရေး ကောင်းမလား ဆိုးမလား