ရေကြီးရေလျှံမှု ထပ်ဖြစ်မှာကို နမ့်လန်ဒေသခံများ စိုးရိမ်နေ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာအုပ်စုတွင် တောင်ကျရေများကြောင့် ရေကြီး ရေလျှံမှု ထပ်မံဖြစ်ပွားမည်ကို နမ့်လန်ဒေသခံများ စိုးရိမ်လျက်ရှိကြောင်း သိရသည်။
ဇွန် ၆ ရက်နှင့် ၇ ရက်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် နမ့်လန်ကျေးရွာ၏ ၃ ပုံ ၂ ပုံခန့် အဆိုးရွားဆုံး ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
နမ့်လန်ကျေးရွာအုပ်စုတွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဇွန် ၁ ရက်တွင် ပထမဆုံးအကြိမ်၊ ဇွန် ၃ ရက်တွင် ဒုတိ ယအကြိမ်၊ ဇွန် ၆ ရက်တွင် တတိယအကြိမ် ဖြစ်ပွားခဲ့ပြီးနောက် ဇွန် ၇ ရက်တွင် ဖြစ်ပွားခဲ့သည့် စတုတ္ထအကြိမ်မြောက် ရေ ကြီးရေလျှံမှုသည် အကြီးမားဆုံးဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
ယမန်နေ့ ညနေပိုင်းကစ၍ မိုးရွာသွန်းမှု လျော့နည်းသွားပြီးနောက် ရေများတဖြည်းဖြည်း ပြန်ကျကာ ယနေ့နေ့လယ်ပိုင်းတွင် အားလုံးနီးပါး ပြန်ကျသွားပြီသော်လည်း ခန့်မှန်း မိုးလေဝသအခြေအနေ အရ အလားတူဖြစ်ရပ်မျိုး ထပ်မံပေါ်ပေါက်လာနိုင်သေးကြောင်း ဒေသခံဖြစ်သူ စိုင်းဆမ်လှိုင်းက ဧရာဝတီကို ပြောသည်။
“ရေကတော့ အကုန်ပြန်ကျသွားပြီ။ အနိမ့်ပိုင်းတချို့ပဲ ချောင်းရေပုံစံမျိုး စီးဆင်းနေတာ။ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လည်း အဆက်မပြတ် လုပ်ဆောင်နေတုန်းပါ” ဟု နမ့်လန်၏ လက်ရှိအခြေအနေနှင့်ပတ်သက်၍ ၎င်းက ရှင်းပြသည်။
ဆက်လက်၍ ၎င်းက နမ့်လန်တွင် ရပ်ကွက်ကျေးရွာအုပ်စုပေါင်း ၁၆ ခုရှိ အိမ်ခြေ ၄၀၀၀ ကျော်အနက် စုစုပေါင်း ရပ်ကွက် ၉ ခုမှ အိမ်ခြေ ၃၀၀၀ ဝန်းကျင်ခန့် ရေကြီးရေလျှံမှု ခံစားခဲ့ရကြောင်း၊ စာရင်းအတိအကျရရှိရန် သက်ဆိုင်ရာတာဝန်ရှိသူ များက စာရင်းကောက်ယူလျက်ရှိကြောင်း ပြောဆိုသည်။
ယခုဖြစ်စဉ်ကြောင့် အများဆုံးပျက်စီးမှုသည် လူနေအိမ်ခြေများဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး အနည်းငယ် ပျက်စီးသွား ကြောင်း၊ ယခုကဲ့သို့သော ဖြစ်ရပ်မျိုးအတွက် ကြိုတင်ကာကွယ်ရန် ရေတို၊ ရေရှည်စီမံကိန်းများဖြင့် ဆောင်ရွက်သွားရရန် ဒေသခံများက ဆန္ဒရှိနေကြသည်။
“လောလောဆယ် ဒီနှစ်ရက်သုံးရက်အတွင်းမှာ အလားတူဖြစ်ရပ်မျိုး ထပ်ဖြစ်လာမယ်ဆိုရင် ထိခိုက်ပျက်စီးဆုံးရှုံးမှု အနည်း ဆုံးဖြစ်အောင် ဘယ်လိုစီမံမလဲဆိုတာ အရေးကြီးတယ်။ ရေရှည်အနေနဲ့လည်း မြို့ထဲ ရေမဝင်နိုင်အောင် ရေလွှဲနိုင်တဲ့လမ်း ကြောင်းတွေလိုက်ရှာနေတယ်” ဟု သီပေါမြို့နယ်မဲဆန္ဒနယ်အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် စိုင်းခမ်းအောင်က ပြော သည်။
ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ခရိုင်အုပ်ချုပ်ရေး၊ မြို့နယ်အုပ်ချုပ်ရေး၊ လမ်းဦးစီးအထူးအဖွဲ့၊ စည်ပင်၊ မြေစာရင်း၊ ဆည်မြောင်း၊ မီးသတ်၊ လွှတ်တော်ကိုယ်စားလှယ် စသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များက ကွင်းဆင်း လေ့လာမှုများပြုလုပ်ခဲ့ပြီး ပြန်လည်ထူထောင်ရေးကော်မတီတရပ်ဖွဲ့စည်းကာ ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။
နမ့်လန်ဒေသရှိ ရေဘေးသင့်ပြည်သူများကို ကျောက်မဲ၊ သီပေါ၊ လားရှိုးမှ လူမှုကူညီရေး အသင်းအဖွဲ့များကလည်း အစား အသောက်၊ ဆေးဝါးနှင့် လူအင်အား စသည်ဖြင့် လာရောက်ဝိုင်းဝန်းကူညီလျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေကြီးရေလျှံမှုဖြစ်စဉ်ကြောင့် အိမ်များအတွင်း ရေဝင်မှုများ၊ လမ်းမပေါ်ရေကျော်မှုများ ဖြစ်ပွားခဲ့ပြီး အနည်းငယ်ထိ ခိုက်၍ ပြောင်းရွှေ့ရသည့် အိမ်ခြေ ၁၁ အိမ် ရှိကြောင်း၊ လူနှင့်တိရစ္ဆာန် သေကြေပျက်စီးမှု လုံးဝမရှိကြောင်း ရှမ်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ဧရာဝတီကို ပြောသည်။
“ထိခိုက်တဲ့ အိမ် ၁၁ လုံးအတွက် ထောက်ပံ့မှုတွေ လုပ်နေတယ်။ ကယ်ဆယ်ရေးစခန်း ဖွင့်ထားတာမျိုးတော့ မရှိဘူး။ နီး စပ်ရာ ဆွေမျိုးသားချင်းအိမ်မှာပဲ နေကြတယ်။ ရေကျတဲ့နောက်ပိုင်းမှာ ပြန်ပြင်ဆင်ပြီး နေလို့ရနေပါပြီ” ဟု ၎င်းက ဆိုသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ မနက်ဖြန် နံနက်အထိ ခန့်မှန်းချက်အရ မန္တလေးတိုင်းဒေသကြီးတွင် နေရာ စိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာ ရီတိုင်းဒေသကြီး၊ ရခိုင်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ကရင်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ရွာ ရန် ရာနှုန်းပြည့်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။