ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ဒုတိယအကြိမ် လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်အချို့က မေးခွန်းထုတ်ဝေဖန်ခဲ့ကြသည်။
တိုက်ကြီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန် တင်သွင်းထားသည့် “ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဥပဒေချိုးဖောက်ပြီး တရားမဝင်လုပ်ကိုင်နေသော လုပ်ငန်းများကို ယခင်ကထက် ပိုမိုထိရောက် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ပေးနိုင်ပါရန် တိုက်တွန်းကြောင်း” အဆိုနှင့် စပ်လျဉ်း၍ ဇွန်လ ၈ ရက်နေ့က တိုင်းလွှတ်တော်တွင် ကိုယ်စားလှယ်များက ထောက်ပြ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
လှိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်း က “ဥပဒေမဲ့ တရားမဝင်လုပ်ကိုင်နေတာတွေ၊ တရားဥပဒေစိုးမိုးမှု လျော့ရဲလာတာတွေကို ပြည်သူများ ကိုယ်စားလွှတ်တော်ကနေ မေးခွန်းများမေးမြန်းခြင်း၊ ဌာနများနှင့် ဆက်သွယ် ဆွေးနွေးခြင်းများ လုပ်ကိုင်နေကြပေမယ့် တာဝန်ရှိသူများဘက်မှ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်တာ အားရစရာမရှိတာ တွေ့ရပါတယ်။ လွှတ်တော်မေးခွန်းကျလာမှ အသည်းအသန် ထလိုက်လုပ်ကြပြီး မေးခွန်းလည်း ဖြေပြီးရော ဒုံရင်းဘဝပြန် ရောက်သွားတာ ရှိနေပါတယ်” ဟု ပြောသည်။
NLD အစိုးရအနေဖြင့် ပြည်သူများကို ပေးထားသည့် ရွေးကောက်ပွဲကတိ တည်နိုင်ရန်အတွက် ဥပဒေချိုးဖောက်ကာတရားမဝင် လုပ်ကိုင်နေသည့် လုပ်ငန်းများကို ထိရောက်စွာ အရေးယူပြီး တရားဥပဒေစိုးမိုးမှု တည်ဆောက်ရန် လိုအပ်နေသော်လည်း ဌာနဆိုင်ရာများ၏ လုပ်ဆောင်ချက်မှာ အားရဖွယ်ရာမရှိကြောင်း ဦးကျော်ကျော်ထွန်း က ထောက်ပြဝေဖန်ခဲ့သည်။
လယ်ယာမြေပေါ်တွင် တရားမဝင် ငါးကန်များတူးဖော်ခြင်း၊ အုတ်ဖုတ်လုပ်ငန်းများလုပ်ကိုင်ခြင်း၊ တောင်မြေများကို ဖြိုပြီး ရောင်းစား နေခြင်း၊ ထန်းတပင်၊ တိုက်ကြီး၊ ရွှေပြည်သာ မြို့နယ်များတွင် တရားမဝင် ကျောက်၊ သဲစုပ် လုပ်ငန်းများ လုပ်ကိုင်ခြင်း၊ လယ်ယာမြေများပေါ်တွင် ကျောက်တိုင်များ စိုက်ပြီး အိမ်ကွက်များ ရောင်းချခြင်းစသည့် တရားမဝင် လုပ်ငန်းများ လုပ်ကိုင်နေကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားခဲ့သည်။
အဆိုပါ တရားမဝင်လုပ်ငန်းများကို ဥပဒေမျက်ကွက်ပြုပြီး ပြောင်ပြောင်တင်းတင်း လုပ်ကိုင်ခြင်းကို လွှတ်တော်တွင် ကြိမ်ဖန်များစွာ ဆွေးနွေးပြီး ဖြစ်သော်လည်း ဆက်လက် လုပ်ကိုင်နေမှုများကြောင့် တရားဥပဒေ စိုးမိုးရေးကို သာမက ရန်ကုန်တိုင်း ဒေသကြီးအစိုးရ၏ ပုံရိပ်ကိုလည်း ထိခိုက်စေနိုင်ကြောင်း တာမွေမြို့နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းက ပြောသည်။
တရားမဝင် လုပ်ရပ်များနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် သက်ဆိုင်ရာလွှတ်တော်သို့ တင်ပြပြီး ဝန်ကြီးကလည်း ပြန်လည် ဆွေးနွေးထားကာ ကတိကဝတ်မှာလည်း မှတ်တမ်းများရှိပြီး ဖြစ်ကြောင်း၊ ယင်းသို့ ရှိပြီးသား ဖြစ်ပါလျှက်နှင့် ချိုးဖောက်လုပ်ဆောင်နေမှုများ ဆက်ဖြစ်နေခြင်းမှာ လွှတ်တော်ကိုယ်စားလှယ်များ၏ တင်ပြချက်ကို လျစ်လျူရှု ခံနေရသကဲ့သို့ ဖြစ်နေသည်ဟု ဆိုသည်။
ဦးလှသိန်း က “လွှတ်တော် ကိုယ်စားလှယ်များရဲ့ တင်ပြချက်ကို လျစ်လျူရှူ၊ ပြည်သူ့အစိုးရကို မလေးထားခြင်းမှာ များစွာမှ မသင့်တော်ပါ။ လက်ခံ၍လည်းမဖြစ်နိုင်ပါ။ ဥပဒေချိုးဖောက်နေသူကပဲ အစွမ်းထက်နေသလား။ ဒေသခံအာဏာပိုင်တွေကပဲ လျစ်လျူရှုနေသလားလို့ တွေးစရာတွေ ဖြစ်နေပါတယ်” ဟု ပြောသည်။
သာကေတမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်ဝင်း ကလည်း “တရားမဝင်လုပ်ငန်း လုပ်ကိုင်သူများက သက်ဆိုင်ရာ တာဝန်ခံများကို လိုင်းကြေးပေးပြီး ပြည်သူများရှေ့မှာ ပြောင်ပြောင်တင်းတင်း လုပ်ကိုင်နေကြတာပဲ ဖြစ်ပါတယ်။ အဲဒီလို တရားမဝင် လုပ်ကိုင်နေသူတွေက လူမိုက် သု့ိမဟုတ် အုပ်စုဖွဲ့ ရမ်းကားနေသူတွေကိုလည်း တပည့်မွေး၊ ဆရာမွေး လုပ်ထားကြတဲ့ အတွက် ရပ်ကွက်နေသူတွေက နောက်ဆက်တွဲ ပြဿနာတွေကို ရင်မဆိုင်ချင်ကြလို့ တိုင်တာတောင် မတိုင်ရဲတဲ့ အခြေအနေကို ရင်ဆိုင် နေရပါတယ်” ဟု ပြောသည်။
တရားမဝင်လုပ်ငန်းများက တရားဥပဒေကို မျက်ကွယ်ပြုပြီး ပြောင်ပြောင် တင်းတင်း လုပ်ကိုင်နေခြင်း၊ ဌာနဆိုင်ရာများက အရေးယူရန် ပျက်ကွက်နေခြင်းများနှင့် ပတ်သက်ပြီး သုံးခွမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်း၊ ခရမ်းမြို့နယ် ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်၊ ဒဂုံမြို့သစ်တောင်မြို့နယ် ကိုယ်စားလှယ် ဦးသိန်းနိုင်၊ တောင်ဥက္ကလာပမြို့နယ် ကိုယ်စားလှယ် ဦးမိုးမြင့်၊ အင်းစိန်မြို့နယ် ကိုယ်စားလှယ် ဦးသာအောင်၊ ဒဂုံမြို့နယ် ကိုယ်စားလှယ် ဦးကျော်ဇေယျ တို့ကလည်း ဆွေးနွေးခဲ့ကြသည်။