အဂတိလိုက်စားကြောင်းခိုင်လုံသည့် အထောက်အထားတွေ့ရှိပါက မည်သူ့ကိုမှ ငဲ့ညှာမည် မဟုတ်ကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် က နေပြည်တော် ကော်မရှင်ရုံး၌ ဇွန်လ ၉ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
ဦးအောင်ကြည် က “ ဒီဥပဒေ အာဏာတည်တဲ့ ရက်နောက်ပိုင်း အဂတိလိုက်စားမှု ရှိကြောင်း ခိုင်လုံသော အထောက် အထား တွေ့ရှိရင် မည်သူ့ကိုမဆို ဥပဒေနှင့် အညီထိရောက်စွာ အသေအချာ အရေးယူရမှာ ဖြစ်တဲ့ အတွက် နစ်နာသူများ (သို့မဟုတ်) ကိုယ်တိုင် မြင်တွေ့ သိရှိ သူများအနေနဲ့ တိကျ ခိုင်လုံသော အထောက်အထား ဖြင့် တိုင်ကြားကြစေလိုပါတယ်” ဟု မီဒီယာများကိုပြောသည်။
ဆက်လက်၍ ထိုကဲ့သို့ ကော်မရှင်ရုံးသို့ တိုင်ကြားရာတွင် တာဝန်ခံမှု ကင်းမဲ့ သောပြောကြားချက်များဖြင့် ပုဂ္ဂိုလ် တဦးတယောက်အား ဂုဏ်သရေပျက်စေရန် ၊ နစ်နာစေရန် ရည်ရွယ်၍ တိုင်ကြားမည်ဆိုပါကပုဒ်မ ၅၉ အရ၊ မမှန် မကန် တိုင်တန်းမှု ဖြင့် တိုက်တန်းသူအား ပြန်လည် အရေးယူသွားမည် ဖြစ်ကြောင်းအသိပေးလိုက်သည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုဖြင့် သတင်းထွက်ပေါ်သည့် ပြည်ထောင်စု ဝန်ကြီး၊ ညွှန်မှူး စသည့် ပုဂ္ဂိုလ်များ အပါအဝင် တိုင်းကြားခံထားရသူများကို စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်လျှက်ရှိပြီး အဂတိလိုက်စားကြောင်း ထင်ရှားသူများကို အရေးယူရန်လည်း ဆောင်ရွက်နေသည်ကို တွေ့ရသည်။
ယခုအချိန်မှာ ပြည်သူလူထုသည် အဂတိဆိုသည့် ရောဂါဆိုးကြီးကို ခံစားနေရသည်မှာ အတော်အတန် သက်သာ မည်ဟု ယုံကြည်ကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်မှာ လမ်းကြောင်းမှန်အပေါ်တွင် တိတိကျကျ ရောက်နေပြီဖြစ်သဖြင့် ကော်မရှင် အနေဖြင့် တိုင်တန်းချက်များကို တည်ဆဲဥပဒေအပေါ် အခြေခံ၍ စစ်ဆေးဖော်ထုတ် သွားမည်ဟုလည်း ကော်မရှင် ဥက္ကဋ္ဌ ကဆိုသည်။
ယင်းဥပဒေစတင် အသက်ဝင်ခဲ့သည့် ၂၁၀၇ ခုနှစ် နိုဝင်ဘာလမှ စပြီးကော်မရှင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ ၁၀ ဦးတို့ဖြင့် စုစုပေါင်း ၁၂ ဦးတို့ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး၊ လုပ်ငန်းကော်မတီအဖွဲ့ ၆ ဖွဲ့ ထပ်မံဖွဲ့စည်းခဲ့သည်ဟု သိရသည်။
ထိုသို့ ဖွဲ့စည်းခဲ့ပြီးနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ ၂၀၁၇ ခုနှစ်ဒီဇင်ဘာလတွင် တိုင်ကြားစာပေါင်း ၃၅၃ စောင်ရောက်ရှိခဲ့သည်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် တိုင်ကြားစာ ၅၈၁ စောင်၊ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် တိုင်ကြားစာ ၅၉၃ စောင်နှင့် ၂၀၁၈ ခုနှစ်မတ်လတွင် တိုင်ကြားစာ ၆၀၇ စောင် ရောက်ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင်၂၀၁၈ ခုနှစ်ဧပြီလတွင် တိုင်ကြားစာ ၆၄၀ စောင်နှင့် ၂၀၁၈ ခုနှစ်မေလတွင် တိုင်ကြားစာ ၁၀၅၇ စောင်အထိ ရောက်ရှိခဲ့ပြီး မေလတွင်တိုင်ကြားစာအရေအတွက် ၂ ဆခန့်တိုးလာကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အတွင်းရေးမှူး ဦးစန်းဝင်းက ပြောသည်။
ထို့ကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ ရောက်ရှိလာသော တိုင်ကြားစာ ၃၈၀၀ ကျော်တွင် အစည်းအဝေး ဆုံးဖြတ်ချက်အရ ဆောင်ရွက်ပြီးစီးခဲ့သည့် တိုင်ကြားစာ ၃၀၄၅ စောင်ရှိကြောင်းသိရသည်။
ယင်းကော်မရှင်သည် တိုင်တန်းချက်အပေါ်တွင် အခြေခံ၍ စစ်ဆေးရခြင်းဖြစ်ခြင်းကြောင့် အဂတိလိုက်စားမှု ဥပဒေ တရပ်ထဲကို ကိုင်စွဲရသည့် အဖွဲ့ အစည်းဖြစ်သည့် အတွက် အခြားပြစ်မှုများနှင့် ပတ်သက်သည့် တရားစွဲဆိုချက်များကို ယင်းကော်မရှင်၏ တာဝန် မဟုတ်ကြောင်း ကော်မရှင် ဥက္ကဋ္ဌ က ဆိုသည်။