ကချင်ဒေသ တကျော့ပြန် စစ် ၇ နှစ်ပြည့် အခမ်းအနားတွင် စစ်ပွဲအနိဋ္ဌာရုံနှင့်ပတ်သက်ပြီး သရုပ်ပြမှု ပြုလုပ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ပွဲကျင်းပရေး တာဝန်ခံ ကိုငြိမ်းချမ်း အား ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့် လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ -၁၉ ဖြင့် အရေးယူရန်ပြင်ထားကြောင်း မြစ်ကြီးနားမြို့နယ် ရဲမှူး မြင့်မိုး က ပြောသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ မနောကွင်းတွင် ဇွန်လ ၉ ရက်နေ့က လူဦးရေ ထောင်နှင့်ချီ တက်ရောက် ခဲ့သော တကျော့ပြန် စစ် ၇ နှစ်ပြည့် အခမ်းအနားနှင့် ဆုတောင်းခြင်း အစီအစဉ်ကျင်းပရာ၌ ခွင့်ပြုချက် တောင်းခံမထားသော အစီအစဉ်များ ထည့်သွင်း လုပ်ဆောင်ခြင်းကြောင့် ယင်းသို့ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
ရဲမှူး မြင့်မိုး က “ခွင့်မပြုရခြင်းအကြောင်းအရင်းက ကျနော်တို့ဆီ တင်ပြထားခြင်းမရှိတဲ့ အစီအစဉ်ထဲမှာ ပြဇာတ်ကတဲ့ ပုံစံမျိုးလုပ်တယ်။ ပြဇာတ် တင်ဆက်တဲ့ အပိုင်းကလည်း ကျနော်တို့ ခွင့်ပြုထားတာ မရှိပါဘူး။ အချိန်ကလည်း ၁၂ နာရီအထိပဲ။ ဒီအချက် ၂ ချက်နဲ့ ကန့်ကွက်ထားတာ ဖြစ်တယ်။ အဲဒီအချက်၂ချက်နဲ့ ကျနော်တို့ အရေးယူဖို့ ပြင်ထားပါတယ်” ဟု ပြောသည်။
တာဝန်ခံ ကိုငြိမ်းချမ်း အနေဖြင့် ခွင့်ပြုချက် ပေးမထားသော သရုပ်ပြခြင်းကို ထည့်သွင်းဆောင်ရွက်ခြင်းပြုမည်မဟုတ်ကြောင်း ရဲစခန်းတွင် သဘောတူ လက်မှတ်ထိုးထားကြောင်း ရဲမှူး မြင့်မိုးက ဆိုသည်။
ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဆရာတော် ခလမ်ဆမ်ဆွမ် က “ဒီမှာပြသွားတဲ့ဟာက စစ်ရဲ့အနိဋ္ဌာရုံတွေ ပြတာဖြစ်တယ်။ စစ်ဆိုတာ နှစ်ဘက်စလုံးကို ပြောတာ။ တစ်ဘက်ထဲ တိုက်ရိုက်ပြောတာမျိုးမရှိပါဘူး။ တိုက်ပွဲဆိုတာ နှစ်ဘက်ဖြစ်မှ ဖြစ်တာလေ။ အထူးသဖြင့် ပါဖော့မန့်မှာပါတဲ့ လူငယ်တွေအားလုံးက ၇ နှစ်ခံစားနေရတာဖြစ်တယ် သူတို့ရဲ့ဆန္ဒကို ဖော်ထုတ်နေတာကိုတော့ အားလုံး နားလည်ပေးဖို့ကောင်းပါတယ်” ဟု ပြောသည်။
တချိန်တည်းမှာပင် ရန်ကုန်မြို့တွင် လျှောက်ထားသော တကျော့ပြန် ကချင်စစ်ပွဲ ၇ ပြည့် အခမ်းအနားများ ကျင်းပခွင့်မှာလည်း ပိတ်ပင်ခံခဲ့ရကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ရက် က ဇွန်လ ၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။ လုံလောက်သည့် အကြောင်းပြချက်မရှိဘဲ တားမြစ်ပိတ်ပင်ခြင်းကိုလည်း ရှုတ်ချသည်ဟု ဆိုသည်။
နိုင်ငံတော် အစိုးရနှင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ တာဝန်ရှိသူများအနေဖြင့် နိုင်ငံသားများ၏ မူလ အခွင့်အရေးကို ကာကွယ်စောင့်လျှောက်ပေးရန် အထူးသဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပဋိပက္ခဒေသမှ အရပ်သားပြည်သူများ၏ အသံနှင့် ထုတ်ဖော် ပြောဆိုမှုများအား ကန့်သတ်ထိန်းချုပ်မှုများကို ဖယ်ရှားပေးရန်ကိုလည်း ကချင်ငြိမ်းချမ်းရေးကွန်ရက်က တောင်းဆိုထားသည်။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် တပ်မတော် အစိုးရတို့အကြား ၁၉၉၄ ခုနှစ်က အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် ချုပ်ဆိုခဲ့ကြသော်လည်း ၁၇ နှစ်အကြာ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ၇က်နေ့တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး ၂၀၁၈ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် တကျော့ပြန် စစ်ပွဲ ၇ နှစ် ပြည့်ခဲ့သည်။
တပ်မတော်နှင့် KIA တို့အကြား ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့က တာပိန်ရေအားလျှပ်စစ်စီမံကိန်း လုံခြုံရေး အကြောင်း ပြချက်ဖြင့် ပစ်ခတ်မှု ပြန်လည်ဖြစ်ပွားခဲ့ပြီး ၂၀၁၈ ခုနှစ်ထဲအထိ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သည်။
အဆိုပါ တိုက်ပွဲများကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စစ်ဘေးရှောင်စခန်း ၁၆၇ ခု၌ စစ်ဘေးရှောင် ပြည်သူများ ၁၂၀,၀၀၀ ကျော် နေရပ်စွန့်ခွာ၍ စစ်ဘေးရှောင်နေကြရကြောင်း စစ်ဘေးရှောင် ပြည်သူများအား ထောက်ပံ့ ကူညီပေးနေသော Joint Strategy Team (JST) ၏ ထုတ်ပြန်ကြေငြာချက်အရ သိရှိရသည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) သည် အစိုးရနှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ချုပ်ဆိုနိုင်ခြင်း မရှိသေးသော အဖွဲ့ဖြစ်ပြီး တရုတ်-မြန်မာ နယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး အစိုးရနှင့် ဆွေးနွေးနိုင်ရန် ကြိုးစားနေလျှက် ရှိသည်။