မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာရှိ ကန်တော်ဆည်ကျိုးပေါက်မှုဖြစ်ပွားခဲ့ခြင်းကြောင့် ယင်းဆယ်ရေကို မှီခိုအသုံးပြုနေကြရသော ဒေသခံတောင်သူများမှာ စိုက်ပျိုးရေ အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့ရတော့မည်ဖြစ်၍ စိတ်ပျက် နေကြကြောင်း သိရသည်။
ကန်တော်ဆည်သည် ဇွန်လ ၅ ရက်နေ့ ညပိုင်းနှင့် ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းက ရွာသွန်းခဲ့သည့် မိုးကြောင့် ဆည်၏ ရေပိုလွှဲနေရာမှ တစ်ဆင့် ကျိုးပေါက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကန်တော်ဆည်ကြီး ရှိနေခြင်းကြောင့် ၎င်းတို့ဒေသ မိုးပိုခဲ့ပြီး စိုးပျိုးရေးကဏ္ဍတွင်လည်း ကောင်းမွန်စေခဲ့ကြောင်း မိုးခေါင်ရေရှား ဒေသဖြစ်သဖြင့် မိုးရွာချိန် ရေစုထားသည့် ကန်တော်ဆည်မှ ရေဖြင့် ပတ်ဝန်းကျင် ကျေးရွာရှိ လယ်ယာ စိုက်ခင်းများကို ရေပေးဝေခဲ့ကြောင်း ကန်တော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆန်းလွင် က ပြောသည်။
ဦးဆန်းလွင် က “မူလကတည်းက မိုးခေါင်ရေရှားဒေသ ဖြစ်တာကြောင့် အခုလိုဖြစ်သွားတော့ မိုးရရှိမှုအား နည်းသွားနိုင်ပါတယ်။ မိုးနည်းရင် ရေမရတော့ စိုက်ပျိုးဖို့အတွက် အခက်အခဲတွေရှိလာနိုင်တာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ကန်တော်ဆည်၏ ဧရိယာမှ တောင်မြောက်အရှည် ပေ ၄ ထောင်ကျော်၊ အရှေ့အနောက်အရှည် ပေ ၆ထောင် ကျော်ရှိပြီး ဆည်ကျိုးပေါက်ခဲ့မှုကြောင့် ကန်တော်ဆည်အတွင်းရှိ ရေများအကုန်ထွက်ခဲ့ကာ ရေများခမ်းခဲ့ရာ မိုးခေါင်ရေရှားဒေသဖြစ် သည့်အတွက် နွေရာသီတွင် ရေရရှိရန် ပိုမိုအခက်အခဲဖြစ်နိုင်ကြောင်း သိရသည်။
ဒေသခံတောင်သူ ဦးမျိုးအောင် က “မိုးနှောင်းပိုင်းမှာ ရေပြတ်သွားမှာ စိုးလို့ မိုးနှောင်းပိုင်းမှာ ရေလိုရင် စက်တွေနဲ့ တင်ပြီး သုံးကြရတာ၊ ဒီနှစ်ကန်မှာ ရေရှိတယ်ဆိုပြီး လယ်တွေလည်း စိုက်ထား ကြတယ်၊ ငှက်ပျောတွေလည်း စိုက်ထားကြတယ်၊ ကန်ကျိုးပေါက်သွားတော့ ရေမရနိုင်တော့ဘူး၊ စိုက်ပျိုးသီးနှံတွေအတွက် ရေအခက်အခဲဖြစ်လာနိုင်ပါတယ်” ဟု ပြောသည်။
ကန်တော်ဆည်သည် အနော်ရထားမင်း တည်ဆောက်ခဲ့သည့် ရှေးဟောင်းဆည်တခုဖြစ်ကာ ၁၉၆၃ ခုနှစ်၊ ၁၉၉၉ ခုနှစ်၊ ၂၀၁၅ ခုနှစ်များက ကန်ပြုပြင်မှုများကို ပြုလုပ်ပေးခဲ့ပြီး ၁၉၆၀ ဝန်းကျင်၊ ၂၀၀၂ ခုနှစ်များကလည်း ကျိုးပေါက်မှုဖြစ်ခဲ့ကြောင်း သိရသည်။
၁၃၁၅ ခု ဝန်ကြီးချုပ် ဦးနုလက်ထက်တွင် ကန်တော်ဆည်ကို တိုးချဲ့ခဲ့ပြီး ၁၃၂၄ ခုနှစ် တော်လှန်ရေးကောင်စီ လက်ထက် တွင်လည်း ထပ်မံပြုပြင်ခဲ့ကြောင်းနှင့် ၁၉၉၉ ခုနှစ်နှင့် ၂၀၀၂ ခုနှစ်တို့တွင် ကျိုးပေါက်ခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့တွင် ထပ်မံပြုပြင်ခဲ့သော်လည်း ယခု ၂၀၁၈ ခုနှစ်တွင် ဆိုးဆိုးဝါးဝါး ကျိုးပေါက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ကန်တော်ဆည်ပြုပြင်မှုများအနက် ဝန်ကြီးချုပ်ဦးနုလက်ထက် ပြုပြင်မှုသည် ပြည်တော်သာစီမံကိန်းတွင်လည်း ပါဝင်ခဲ့ ကြောင်း အငြိမ်းစာမြို့နယ် ပညာရေးမှူး ဦးရဲညွှန့်က ပြောသည်။
ဦးရဲညွှန့်က “ဒီကန်ကြီးကို ဆည်ဖို့အတွက်ဆိုပြီး ဝန်ကြီးချုပ် ဦးနုလက်ထက်မှာ နိုင်ငံခြားသားပညာရှင်တွေနဲ့ လာဘူးတယ်၊ အဲဒီအချိန်က သူပုန်တွေက နိုင်ငံခြားသားပညာရှင်တွေကို ပြန်ပေးဆွဲသွားလို့ အဲဒီစီမံကိန်းက ရပ်သွားခဲ့ရတယ်၊ ပြည်တော်သာ စီမံကိန်း ထဲမှာလည်း တခုအပါအဝင်ဖြစ်ခဲ့တဲ့ ကန်ကြီးပါ၊ အဲဒီအချိန် အခါတုန်းကတော့ ဒီကန်ကြီးကို အမှီပြုပြီးတော့ အနီး အနားဝန်း ကျင်ကရွာတွေအားလုံး သောက်ရေ၊ သုံးရေ၊ စိုက်ပျိုးရေအဖြစ် အသုံးပြုခဲ့ကြရတဲ့ ကန်ကြီးပါ၊ လက်ရှိမှာတော့ ရွာတွေမှာ စက်ရေတွင်းတူးထားလို့ သောက်ရေ၊ သုံးရေက အရင်ကလောက်တော့ မရှားပါးတော့ဘူးပေါ့၊ အခုတော့ စိုက်ပျိုးရေး အတွက်ပဲ အဓိကထားသုံးနေတာ” ဟု ပြောသည်။
မိုးများရွာသွန်းမှုကြောင့် ရေကြီးနိုင်ကြောင်းနှင့်အတူ ဆည်ကျိုးပေါက်မှုကို ကြိုတင်သတိပေးချက်များ ပြုလုပ်ထားသည့် အတွက် ကန်တော်ဆည် ကျိုးပေါက်မှုတွင် ထိခိုက်ဆုံးရံှုးမှုမရှိဟု ပခုက္ကူမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဟန်ဇော်ဝင်း က ပြောသည်။
ဦးဟန်ဇော်ဝင်းက “ခုဟာက တဖြည်းဖြည်းနဲ့ မနက်ပိုင်းကစပြီး ပေါက်တာ၊ ညနေပိုင်းမှာ အကုန်ပေါက်ကျသွားတယ်၊ မနက်ပိုင်းကတည်းက ဆည်အောက်က ရွာတွေကို ကြိုတင်ပြောထားတော့ ဘာမှမထိခိုက်ခဲ့ဘူး၊ နောက်ပြီး ရေကျော်ကိုလည်း စနစ်တကျပြင် ထားတဲ့အတွက် ရေက ချောင်းရိုးအတိုင်း ဆင်းသွားတယ်” ဟု ပြောသည်။
ကန်တော်ဆည် ရေပိုလွှဲကျိုးပေါက်ခြင်းကြောင့် အောက်ပိုင်းရှိ ကျေးရွာများ ထိခိုက်ပျက်ဆီးမှုမရှိသော်လည်း ဇွန်လ ၆ ရက် နေ့က ပခုက္ကူ-ကမ္မလမ်း မိုင်တိုင်အမှတ် ၁၁/၂ ကန်တော်အရှေ့ရေကျော်တွင် ၂ ပေခန့်ရေကျော်မှုဖြစ်ပွားခဲ့ရာ သွားရေး လာရေး အခက်အခဲ ဖြစ်ခဲ့ကြောင်း သိရသည်။
ကန်တော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆန်းလွင် က “ကန်ကို အမြန်ဆုံးပြန်လည်ပြုပြင်ပေးစေချင်ပါတယ်၊ လုပ်ပေးဖြစ်မယ် ဆိုရင်တော့ ရှေရှည်သဖြင့်ခိုင်ခန့်အောင် စနစ်တကျ ပြုပြင် ပေးစေချင်ပါတယ်” ဟု ဆက်လက်ပြောသည်။
ယခုဆည်ကျိုးပေါက်ခဲ့သည့်နေရာသည် ၂၀၁၅ ခုနှစ်က ပြင်ဆင်ခဲ့သည့်နေရာဖြစ်ပြီး တည်ဆောက်မှုပုံစံ စနစ်မကျသည့် အတွက် အလွယ်တကူ ကျိုးပေါက်ရခြင်းဟု ဒေသခံများက သုံးသပ်ကြသည်။