ဂျာမန်စီးပွားရေးလုပ်ငန်းတခုက ရခိုင်ပြည်နယ် ငပလီတွင်တည်ရှိသော အမရာ Amara Ocean Resort (AOR) ဟိုတယ်လုပ်ငန်း၏ လက်ရှိပိုင်ရှင်အား ယုံကြည်အပ်နှံဖေါက်ဖျက်မှုဖြင့် အမှုဖွင့်ထားခြင်းကို မင်္ဂလာဒုံမြို့နယ် ရဲတပ်ဖွဲ့က လက်ခံစစ်ဆေးတော့မည်ဖြစ်သည်။
ထိုအမှုကို ရာဇဝတ်မှု ဥပဒေပုဒ်မ ၄၀၈ ဖြင့် စွဲဆိုခြင်းဖြစ်ပြီး ပြစ်မှုကျူးလွန်ကြောင်း ခိုင်လုံပါက ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်ပြီး ငွေဒဏ်လည်း ချမှတ် ခံရနိုင်သည်။
မင်္ဂလာဒုံမြို့နယ် ရဲတပ်ဖွဲ့ရုံးက ထိုအမှုကို စုံစမ်းစစ်ဆေးနေကြောင်း ဧရာဝတီသတင်းဌာနကို ဇွန်လ ၄ ရက်နေ့တွင် အတည်ပြုပြောကြားပါသည်။ အသေးစိတ် အချက်အလက်များကို ရဲစခန်းတွင် မေးမြန်းနိုင်ကြောင်း လမ်းညွှန်သည်။
ပြီးခဲ့သည် ဧပြီလတွင် ဂျာမန်နိုင်ငံအခြေစိုက် DJE Kapital ၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာ ယန်စ်ယားဟာ့၏ ကိုယ်စား တရားလို အဖြစ်ဆောင်ရွက်သူ ဂျာမန်နိုင်ငံသား ဖိလစ်ကွက်က မြို့မ ရဲစခန်းတွင် ကနဦးတိုင်တန်းမှု ပြုလုပ်ခဲ့သည်။ ရဲတပ်ဖွဲ့သည် ထိုရင်းနှီးမြှုပ်နှံသူထံမှ ပထမ သတင်းပေးတိုင်ကြားချက်ကို ထိုစဉ်ကပင် ရရှိခဲ့သည်။
၂၀၀၉ ခုနှစ်က ဒေါ်ကလျာမိုးနှင့် သူ၏ (၂၀၁၂ တွင် တရားဝင် ကွာရှင်းပြတ်စဲခဲ့သော) ခင်ပွန်း ဂျာမန်နိုင်ငံသား ဂျရတ် ရှရိုင်ဘာ တို့သည် ငပလီကမ်းခြေရှိ ၁၇ ဧက ကျယ်သောမြေကွက်တွင် ဒေါ်လာသန်းချီကုန်ကျသည့် စီမံကိန်းတခုကို ဂျာမန်ရင်းနှီးမြှုပ်နှံသူ အီဗာ ဖက်လ်တန်နှင့် အကျိုးတူလုပ်ငန်းအဖြစ် အကောင်အထည် ဖေါ်ခဲ့သည်။
ထိုအပမ်းဖြေစခန်းသည် သံတွဲလေဆိပ်မှ မိုင်အနည်းငယ်ဝေးသော ဂေါကျေးရွာတွင် တည်ရှိသည်။ ထိုစီမံကိန်းတွင် ဖက်လ်တန်က ၅၀ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး ဒေါ်ကလျာမိုးနှင့် ရှရိုင်ဘာ တို့က ၂၅ ရာခိုင်နှုန်းစီ ပိုင်ဆိုင်ကြသည်။ ထိုစဉ်က မြန်မာနိုင်ငံသည် စစ်အုပ်ချုပ်ရေးအောက်တွင်သာ ရှိနေသေးပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းကို အားမပေးသော ကာလဖြစ်၏။ ထို့ကြောင့် ကုမ္ပဏီကို ဒေါ်ကလျာမိုး အမည်ဖြင့် မှတ်ပုံတင်ရန် ၎င်းတို့သုံးဦး သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။
၂ နှစ်ခန့်ကြာသောအခါ ဖက်လ်တန်က သူ၏ ၅၀ ရာခိုင်နှုန်းပိုင်ဆိုင်မှုကို မစ္စတာ ယန်စ်ယားဟာ့အား ရောင်းချခဲ့သည်။ ရှရိုင်ဘာ၏ အဆိုအရ ယန်စ်ယားဟာ့သည် ထိုအပမ်းဖြေစခန်း တည်ဆောက်ရာတွင် အမေရိကန်ဒေါ်လာ ၄.၃၂ သန်း ရင်းနှီးမြှုပ်နှံခဲ့ပြီး ထိုငွေကို ၎င်းတို့ ဇနီးမောင်နှံ၏ စင်္ကာပူ ဘဏ်တခုရှိ ပူးတွဲ ဘဏ်စာရင်းသို့ လွှဲပြောင်းပေးခဲ့သည်ဟု ရှရိုင်ဗာ၏ အဆိုအရ သိရသည်။ ယခုအခါ သူ၏ဇနီးဟောင်းသည် စီမံကိန်းနှင့်ပတ်သက်ပြီး လုပ်ကြံဖန်တီးထားသည့် ငွေကြေးကုန်ကျစရိတ် အချက်အလက်များကိုပေးပြီး ယန်စ်ယားဟာ့ ထံမှ အနည်းဆုံး အမေရိကန် ဒေါ်လာ တသန်း လိမ်သည်ဟု ရှရိုင်ဘာက စွပ်စွဲသည်။
ဒေါ်ကလျာမိုးသည် ရှရိုင်ဘာကို ၂၀၁၂ ခုနှစ်က ဂျာမဏီတွင် တရားဝင်ကွာရှင်းပြီးနောက် ကုမ္ပဏီရှိ သူ၏ရှယ်ယာကို ပူးတွဲရင်းနှီး မြှုပ်နှံသူများအား ပြန်လည်ပေးချေရန် သို့မဟုတ် သူမ၏ ရှယ်ယာကို ရောင်းချရန် ငြင်းဆန်ခဲ့သည်။ လင်မယား ကွာရှင်းမှု လုပ်ထုံး လုပ်နည်းအရ သူမသည် ပိုင်ဆိုင်မှုများကို ထုတ်ဖေါ်ကြေညာရမည်ဖြစ်သော်လည်း ထိုသို့လုပ်ဆောင်ခဲ့ခြင်း မရှိပေ။
ယန်စ် ယားဟာ့ က စွဲဆိုခဲ့သော အခြားအမှုတခုတွင်မူ ဒေါ်ကလျာမိုးသည် ဒဏ်ငွေ ယူရို ၁၅၀၀၀ ပေးဆောင်ရပြီး DJE အုပ်စုသို့ အမေရိကန် ဒေါ်လာ ၄၃၇၅၀၀ ပေးချေရန် ဂျာမနီနိုင်ငံတရားရုံးက အမိန့်ချမှတ်ခံခဲ့ရသည်။ သို့သော် ထိုသို့ လုပ်ဆောင်ခဲ့ခြင်းလည်း မရှိပေ။
၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ အပမ်းဖြေစခန်းတွင် ကမ္ဘာလှည့်ခရီးသည် တည်းခိုသည့် အရေအတွက်နှင့် နှစ်စဉ် ဝင်ငွေစာရင်းကို ပေးပို့ရန် ပျက်ကွက်သောကြောင့် ၂၀၁၈ ခုနှစ်မေလတွင် မြူးနစ်ရှိ တရားရုံးတခုက ဒေါ်ကလျာမိုးကို ဥရောပတခွင်တွင် အချိန်မရွေး ဖမ်းဆီးပိုင်ခွင့် အမိန့်ချမှတ်ထားသည်။
အထက်ပါ ဒဏ်ငွေကို ဒေါ်ကလျာမိုး အယူခံဝင် လျှောက်ထားခြင်းရှိ မရှိ မသိရပေ။ ယင်းအကြောင်းအရာများကို မှတ်ချက်ပေးရန် ဒေါ်ကလျာမိုးကို ဇွန်လ ၅ ရက်နေ့က ဆက်သွယ်ခဲ့သော်လည်း အောင်မြင်ခဲ့ခြင်း မရှိပေ။
မစ္စတာ ဖိလစ်ကွက်က ၎င်း၏ ဗီဇာသက်တမ်းကို ပြသရန်၊ အခြားသက်သေများနှင့် AOR နှင့်ပတ်သက်သည့် မူရင်းစာရွက် စာတမ်းများကို တင်ပြရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ဆင့်ခေါ်ခြင်းခံရကြောင်း ပြောပါသည်။ ရဲစခန်းတွင် သူ့ အတွက် ထွက်ဆိုပေးမည့် သက်သေ ၇ ဦးမှ ၁၀ ဦးအထိ ရှိသည်ဟုလည်း ပြောသည်။ ၎င်းတို့အနက် အများစုမှာ အမရာ (AOR) အပမ်းဖြေစခန်း ဝန်ထမ်းဟောင်းများဖြစ်ပြီး မြန်မာနိုင်ငံသားများသာမက နိုင်ငံခြားသားများလည်း ပါဝင်သည်ဟု ဆိုသည်။
“အမှုက အခုမှ အစပဲရှိပါသေးတယ်” ဟု ဖိလစ်ကွက်က ပြောသည်။
ဖိလစ်ကွက်၏ ရှေ့နေ ဦးနေဝင်း ပြောပြချက်အရ အမှုကို တရားရုံးသို့ မတင်မီ ခရိုင်ရဲတပ်ဖွဲ၏ ခွင့်ပြုချက် ကြိုတင်ရယူပြီးနောက် ရှေ့နေချုပ်ရုံး၏ အတည်ပြုချက်လည်း ရယူရန် လိုသည်။ ရာဇဝတ်မှု ဥပဒေပုဒ်မ ၄၀၈ အရ အာမခံပေးပိုင်ခွင့် မရှိသောကြောင့် စုံစမ်းစစ်ဆေးစဉ်ကာလတွင် ရဲတပ်ဖွဲ့သည် သံသယရှိသူူကို ဖမ်းဆီးထိန်းသိမ်းထားနိုင်သည်။
လွန်ခဲ့သည့် နှစ်အတန်ကြာက ယန်စ်ယားဟာ့သည် ယခင် သမ္မတ ဦးသိန်းစိန်၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရကိုသာမက လက်ရှိအာဏာရပါတီ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရကိုပါ အကူအညီတောင်းခံခဲ့သော်လည်း အောင်မြင်ခြင်း မရှိခဲ့ပေ။
မေလ အစောပိုင်းတွင်မူ သမ္မတရုံး ဒု-ဝန်ကြီး ဦးမင်းသူက ရန်ကုန်ရှိ ဂျာမန်သံရုံးမှ တဆင့် ရှရိုင်ဘာထံသို့ စာတစောင်ပေးပို့ပြီး အကြောင်းပြန်ကြားခဲ့သည်။ ထိုစာအရ အမှုကို စုံစမ်းစစ်ဆေးနေကြောင်းနှင့် မတ်လ ၅ ရက်နေ့က ပြီးဆုံးခဲ့သည့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဌာန၏ စုံစမ်းစစ်ဆေးတွေ့ရှိချက်ကို အခြေခံပြီး စနစ်တကျ အရေးယူဆောင်ရွက်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့အား ညွှန်ကြားထားကြောင်း ထိုစာတွင် ဖေါ်ပြထားသည်။ စုံစမ်းစစ်ဆေးတွေ့ရှိချက်များကို အများပြည်သူသို့ ထုတ်ပြန်ခြင်း မရှိပေ။
AOR ဟိုတယ်၏ လုပ်ငန်းလိုင်စင်ကို ဟိုတယ်နှင့် ခရီးသွားလားရေးဝန်ကြီးဌာနက ၂၀၁၇ ခုနှစ် မေလတွင် ရုတ်သိမ်းခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲချုပ် ပါတီထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်သည် အမရာ (AOR) ဟိုတယ်တွင် ၂ ရက်ခန့် သွားရောက် တည်းခိုပြီးနောက် ၂၀၁၈ ခုနှစ်တွင် ယာယီလုပ်ငန်းလိုင်စင် ပြန်လည်ရရှိခဲ့သည်။
(အင်္ဂလိပ်ဘာသာဖြင့် Police Open Probe into Owner of Disputed Ngapali Beach Resort တွင် ဖတ်ရှုပါ။)