မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ ဆေးရုံတွင် မွေးဖွားခဲ့သည့် ၃ ရက်သားအရွယ်ကလေးငယ်ကို ခိုးယူကာ ထွက်ပြေးသွားသည့် အမျိုးသမီးကို ယနေ့မနက်ပိုင်းက ဖမ်းမိခဲ့ကြောင်း အမြန်လမ်း ၁၁ မိုင် ရဲစခန်းမှ သိရသည်။
“အခိုးခံရတဲ့ ကလေးက ၃ ရက်သားပဲရှိသေးတယ်။ ဘာကြောင့်ခိုးတယ် ဆိုတာကိုတော့ အမှုစစ်တွေ လက်ထဲ ရောက်မှမေးရမှာ။ တနေ့က ခိုးလာတာ။ မြင်းခြံက နယ်ထိန်းတွေက စုံစမ်းတော့ ရန်ကုန်ကို ထွက်တဲ့ ရွှေမန်းသူ ကားနဲ့ ပါလာတယ်ပြောလို့ ကျနော်တို့ စောင့်ဖမ်းတာပါ” ဟု အမြန်လမ်း ၁၁ မိုင် ရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တဦးက ဧရာဝတီသို့ ပြောသည်။
ကလေးအား ခိုးယူခဲ့သည့် အမျိုးသမီးမှာ ဒေါ်မြင့်မြင့်မော် အမည်ရှိ အမျိုးသမီးဖြစ်ပြီး အသက် ၅၀ ဝန်းကျင်ရှိကြောင်း၊ ယင်းကို မြင်းခြံမှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် ရွှေမန်းသူယာဉ်ပေါ်မှ ဖမ်းဆီးခဲ့ကြောင်း၊ ခိုးယူသည့် ရည်ရွယ်ချက်ကို စိစစ်ဆဲဖြစ်ကြောင်း၊ ကလေးကို မိဘများလက်ထဲသို့ ပြန်လည် အပ်နှံပြီးဖြစ်ကြောင်း သိရသည်။
“ကလေးမိဘတွေက ချက်ချင်းလိုက်လာလို့ ဒီမနက်ပဲ ပြန်ပြီး အပ်နှံလိုက်ပြီ။ ခိုးယူတဲ့ အမျိုးသမီးကိုတော့ မြင်းခြံ အမှတ် ၁ စခန်းကို လွဲှလိုက်ပါပြီ” ဟု အထက်ပါ ရဲတပ်ဖွဲ့ဝင်က ရှင်းပြသည်။
ပြီးခဲ့သည့် မတ်လ ကလည်း ရန်ကုန်မြို့ မြောက်ဥက္ကလာပဆေးရုံတွင် ကလေးလာရောက်မွေးဖွားခဲ့သည့် အသက် ၃၆ နှစ်အရွယ်ရှိ မချောဖြူ ဆိုသူ၏ မွေးကင်းစ ကလေးငယ်အား အမျိုးသမီး တဦးက ခိုးယူသွားသည့် အတွက် မြောက်ဥက္ကလာပ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၆၃ (လူခိုးမှု) ဖြင့် အမှုဖွင့် စုံစမ်းခဲ့သည်။