ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး တာဝန်ယူခဲ့သူ ဗိုလ်ချုပ်အောင်စိုးသည် တပ်မတော် စစ်ဆေးရေးအရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်မည် ဖြစ်ကြောင်း သိရသည်။
နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက် စစ်ရာထူးခန့်ထားမှုနှင့် ပတ်သက်၍ ပြသသည့် ဇယားတွင်လည်းတပ်မ တော် စစ်ဆေးရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးဟု ဖော်ပြထားသော်လည်း၊ ၎င်း၏ ဓာတ်ပုံကိုမူ ထည့်သွင်းပြ သထားခြင်း မရှိသေးပေ။
တပ်မတော်အရာရှိ တဦးကလည်း “ပြည်ထဲရေး ဒုဝန်ကြီးက ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးနဲ့ တပ်မတော်စစ်ဆေးရေး အရာရှိချုပ် ဖြစ်သွားတာ မှန်ပါတယ်။ အခုမှ စဖြစ်တာပါ”ဟု ဧရာဝတီသို့ အတည်ပြုပြောသည်။
အစိုးရအဖွဲ့၌ ဝန်ကြီး၊ ဒုဝန်ကြီး တာဝန်ထမ်းဆောင်သူတဦး စစ်ဘက်သို့ ရာထူးတိုး၍ ပြန်လည် ရောက်ရှိခြင်းမှာ အလွန်ရှားပါးပြီး ဗိုလ်ချုပ်အောင်စိုးမှာ ပထမဆုံးဟု ဆိုနိုင်ကြောင်း၊ အစောပိုင်းက စစ်ဆင်ရေး အထူးအဖွဲ့(ကစထမှူး) ခန့်အပ်မည် ဆိုသော်လည်း ယခု တပ်မတော် စစ်ဆေးရေး အရာရှိ ချုပ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း နေရာ၌ အစားထိုးခန့် အပ် ခံရခြင်းဖြစ်ကြောင်း သိရသည်။
ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုးမှာ စစ်တက္ကသိုလ် အပတ်စဉ် ၂၆ ဆင်း၊ တပ်မ ၃၃ တပ်မမှူး၊ အရှေ့ မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်ယူခဲ့သူ တဦးဖြစ်ပြီး၊ သမ္မတဦးသိန်းစိန် အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ ၂ရပ်လုံး၏ လက်ထက်တွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး အဖြစ် တာဝန်ယူခဲ့သူဖြစ် သည်။
အလားတူ ရခိုင်မြောက်ပိုင်း၊ အင်းဒင်ကျေးရွာဖြစ်စဉ် အပါအဝင် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ စစ်ဆင်ရေးကာလ ဆောင်ရွက် ချက်များ စစ်ဆေးရာ၌ အဓိကဦးဆောင်သူ ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်းမှာ ယခုအခါ ကစထမှူး(၃) အဖြစ် ပြောင်း ရွေ့ တာဝန်ယူထားကြောင်း သိရသည်။
တခြားသော တပ်မတော်တွင်း အပြောင်းအရွေ့များမှာ တပ်မတော် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ရဲမင်းဦးမှာ အနောက် တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ်သို့လည်းကောင်း၊ ဗိုလ်မှူးချုပ် ညွှန့်ဝင်းဆွေမှာ တပ်မတော် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး အဖြစ်လည်းကောင်း၊ ဗိုလ်မှူးကြီး အောင်လင်းထွန်းအား တွဲဖက် စစ်ထောက်ချုပ် အဖြစ်လည်းကောင်း ခန့်အပ်တာဝန် ပေးခံရသည်။
ပြီးခဲ့သည့် မေလအတွင်းက အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညီညီဆွေနှင့် အမှတ် ၁၀၁ တပ်မမှူး ဗိုလ်မှူးချုပ် မောင်မောင်ဇံတို့ကိုလည်း ဖားကန့်ဒေသ ကျောက်စိမ်းတွင်း ငွေကြေး ကိစ္စရပ်များတွင် ပါဝင်ပတ်သက် သည်ဟုဆိုကာ တပ်မတော် အရန်အင်အားသို့ ပြောင်းရွေ့ခံခဲ့ရ သေးသည်။
၂၀၁၈ ခုနှစ်၊ ဧပြီလကလည်း တပ်မတော်က စစ်တိုင်းမှူးအဆင့် ရာထူးနေရာ ၉ နေရာကို ကာကွယ် ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ရာထူးခန့်ချုပ် ရုံး၏ ညွှန်ကြားချက်ဖြင့် နေရာ အပြောင်းအလဲများ တရားဝင် ပြုလုပ်ခဲ့သေးသည်။
ဆက်စပ်ဖတ်ရှု့ရန် – စစ်ဆင်ရေး အထူးအဖွဲ့မှူး အဖြစ် ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးအား ခန့်အပ်
တပ်မတော် စစ်တိုင်းမှူးများ အပြောင်းအရွှေ့ပြုလုပ်