ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် အတွင်း၌ နွားများ တင်ဆောင်လာသော ယာဉ်တန်းကို လက်နက်ကိုင် အဖွဲ့ တခုမှ ပစ်ခတ်သဖြင့် ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ (ဇွန် ၁၁)၌ ကျောက်မဲမြို့နယ်နှင့် နောင်ပိန်း ကျေးရွာကြားရှိ နားအိုက်ခန့် ကျေးရွာ ရင်ခွဲတောင် (တယ်လီနော တာဝါတိုင်) အနီးတွင် နွားများ တင်ဆောင်လာသည့် ၁၂ ဘီး မော်တော်ယာဉ် ၅ စီးအား လက်နက်ကိုင် တပ်ဖွဲ့ တခုက တောင်ကုန်းပေါ်မှ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းပစ်ခတ်မှုကြောင့် 4I/5417 နံပတ် အဖြူရောင် ၁၂ ဘီးတပ် မော်တော်ယာဉ်တစီး မှန်ကွဲကာ ယာဉ်မောင်း ဦးမျိုးမြင့်ဦး နှင့် နွားထိန်းဖြစ်သူ ဦးညီညီဇော်တို့ ခြေသလုံး၊ ခြေဖဝါးတို့၌ လက်နက်ငယ် ရှပ်ထိ ဒဏ်ရာများ အသီးသီး (မစိုးရိမ်ရ) ရရှိခဲ့ ကာ ကျောက်မဲမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း အဆိုပါ ဒေသရှိ လူမှုကူညီရေး အသင်းထံမှ သိရသည်။
ကျောက်မဲမြို့မှ ဇီဝိတဒါန လူမှုကူညီရေး အသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်း က “မနက် ၁ နာရီ ၄၅ မိနစ်လောက်က အပစ် ခံရတာ။ ရင်ခွဲတောင်ဘက်မှာ လက်နက်ကိုင်တွေ ကားလမ်းဖြတ်ပြီး ကူးသွားကူးလာ လုပ်ကြတာ ရှိတယ်။ ကျောက်မဲဒေ သမှာ တရားဥပဒေ စိုးမိုးမှု မရှိဘူး။ နယ်မြေ တည်ငြိမ်မှု မရှိဘူး။ အခု တရားဝင် နွားတင်ပို့ခွင့်ရှိတော့ အခွန်အခတွေ ပေး စရာ မလိုတော့ဘူး။ ဒါကြောင့် ပစ်ခတ်တာ ဖြစ်မယ်လို့ ထင်တယ်” ဟု ပြောသည်။
အဆိုပါ ပစ်ခတ်သည့် လက်နက်ကိုင် အဖွဲ့မှာ မည်သည့် အဖွဲ့ကမှန်း မသိရကြောင်း သို့သော် ကျောက်မဲမြို့နယ် အတွင်း ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS/SSA)၊ တအောင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ(SSPP/SSA) တို့ လှုပ်ရှားလျှက် ရှိကြောင်း ဒေသခံများက ဆိုသည်။
ကျောက်မဲမြို့နယ် ရဲစခန်း၏ တာဝန်ရှိသူ တဦးက “နွားတင်လာတဲ့ ၁၂ ဘီးယာဉ်ကို လက်နက်ကိုင် တဖွဲ့က ပစ်ခတ်ခဲ့တယ် ဆိုတာ ဟုတ်ပါတယ်။ ကျန်တာတော့ ကျနော်တို့ ဘာမှ ပြောခွင့် မရှိပါဘူး” ဟု ဧရာဝတီကို ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်းရှိ ဒေသများကို ဖြတ်သန်း၍ တရုတ်-မြန်မာ နယ်စပ်သို့ နွားများ တင်ပို့ ရောင်းချသည့် လုပ်ငန်းများမှာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ လက်ထက် ကတည်းက လုပ်ကိုင်ခဲ့ကြခြင်းဖြစ် ကြောင်း ကျောက်မဲဒေသခံ တချို့က ဆိုသည်။
ကျောက်မဲမြို့နယ်မှ ဒေသခံ တဦးက“ ဒီနွားတင်ပို့တဲ့ လုပ်ငန်းက ကောင်စီ လက်ထက် ကတည်းက ရှိတယ်။ ဒါပေမယ့် မှောင်ခိုလုပ်ငန်းဆိုတော့ ဖြတ်သန်းခတွေ ပေးလိုက်ရင် ဘာမှ မဖြစ်ဘူး။ ပစ်ခတ်ခံရတာ မကြားဖူးဘူး။ အခု အစိုးရက တရားဝင် ခွင့်ပြုလိုက်တော့ ဖြတ်သန်းခ ပေးစရာ မလိုတော့ဘူး။ ဒီတော့ သူတို့ မရတော့ ပစ်ခတ်တာတွေ ကြားလာရ တယ်။ ဒါကြောင့် ဥပဒေ စိုးမိုးရေးနဲ့ နယ်မြေတည်ငြိမ်ရေးအတွက် စိုးရိမ်ရတယ်။ နွားတင်ပို့မှုကိုလည်း ဘယ်လိုပုံစံနဲ့ သွား သင့်သလဲ စဉ်းစားသင့်တယ်လို့ မြင်တယ်” ဟု ပြောသည်။
ကျောက်မဲမြို့နယ် အတွင်း၌ လက်နက်ကိုင် အဖွဲ့များ စစ်ရေး လှုပ်ရှားမှုများ ရှိသကဲ့သို့ အခွန်အခ(ဆက်ကြေး) ကောက်ခံမှု များ ရှိခြင်းကြောင့် တပ်မတော်နှင့် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသလို RCSS နှင့် TNLA တို့ ကြားတွင်လည်း နယ်မြေ အငြင်းပွားမှု ဖြစ်သဖြင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ ရှိသည်။
၂၀၁၈ ခုနှစ် မတ် ၁၁ ရက်မှ ၂၀ ရက်ထိ ကျောက်မဲမြို့နယ်၊ ကွန်ကော်ကျေးရွာ၊ တော့ဖယ်(တော့ဖေ)ကျေးရွာအနီး RCSS နှင့် TNLA တို့ကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားကြရာ ဒေသခံ ၁ ထောင်ဝန်းကျင် ကျောက်မဲမြို့ပေါ်သို့ တိမ်းရှောင် ခဲ့ရကြောင်း သိရသည်။