ရခိုင်ပြည်နယ် ရသေ့တောင် မြို့နယ်ထဲရှိ ပင်လယ် ကမ်းခြေ တနေရာ၌ လှေစီးလာသည်ဟု ဆိုသော ဘင်္ဂါလီ ၁၀၀ ကျော် ကို ယနေ့ တွေ့ရှိရကြောင်း သတင်း ရရှိသည်။
အဆိုပါ ဘင်္ဂါလီများကို ရသေ့တောင်မြို့နယ် ဆင်ဗိုက်ကျေးရွာနှင့် အောင်ဗလ ကျေးရွာကြား ပင်လယ်ကမ်းခြေ၌ နံနက် ၆ နာရီခန့်တွင် ဒေသခံများက တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့သူ အငူမော် ကျေးရွာ နေ ဦးစံသိန်းက ဧရာဝတီသို့ ပြောသည်။
ဦစံသိန်းက “ပထမဆုံး တွေ့တာက ၆၅ ဦးတွေ့တယ်။ နောက်ဟိုမှာ တစု၊ ဒီမှာတစု တွေ့တာ အားလုံး ၁၀၀ ကျော် တွေ့ တယ်။ သူတို့ပြောတာတော့ ဘုတ် (စက်လှေ) တစီးထဲမှာ သူတို့ကို ထည့်ထားတာ ၅ ရက်၊ ၆ ရက်လောက် ရှိပြီ။ အခု မိုးရွာပြီး လှိုင်းလေနဲ့မို့လို့ ကမ်းမှာ ထိုးတင်ခဲ့တာလို့ ပြောတယ်”ဟု ပြောပြသည်။
ယခု တွေ့ရှိရသော ဘင်္ဂါလီများမှာ အမျိုးသား ၃၅ ဦး၊ အမျိုးသမီး ၅၆ ဦး၊ ကလေး ၁၁ ဦး စုစုပေါင်း ၁၀၂ ဦး ဖြစ်ပြီး စက်လှေအား ကမ်း၌ မတွေ့ရ၍ ဒေသခံများက မေးမြန်းကြည့်ရာတွင် ဘင်္ဂါလီများက ပင်လယ်ပြင်ကို လက်ညှိုး ထိုးကြ သည်ဟု ဆိုသည်။
“သူတို့ကို တိတိကျကျ မေးလို့ မရဘူး။ တယောက်ကိုမေးရင် တမျိုးပြောတယ်။ နောက်တဦးကို မေးတော့ နောက် တမျိုး ပြောတယ်။ စက်လှေ ဘယ်မှာလဲ ဆိုတော့ ပင်လယ်ဘက်ကို လက်ညှိုးထိုးပြကြတယ်”ဟု ဦးစံသိန်းက ပြော သည်။
ယင်း လှေစီး ဘင်္ဂါလီများအား ဒေသခံများက မေးမြန်းကြည့်ရာတွင် တချို့မှာ မလေးရှားနိုင်ငံသို့ သွားရောက်မည် ဖြစ် ကြောင်း၊ တချို့မှာမူ ဘူးသီးတောင် မြို့နယ် အတွင်းမှ လာသူများဖြစ်ကြောင်းနှင့် တချို့ဘဂါၤလီများက တဖက်နိုင်ငံက လာသည် ဟု ဆိုသူများလည်း ပါဝင်ပြီး တိတိကျကျ မေးမြန်း၍ မရရှိကြောင်း သိရသည်။
ရသေ့တောင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်အောင်အား ဧရာဝတီ က ဆက်သွယ်မေးမြန်းရာတွင် ဘင်္ဂါလီ ၁၀၀ ကျော် တွေ့ ရှိသည်မှာ မှန်ကန်ပြီး မည်သည့်နေရာက မည်သို့ လာရောက်ကြသည်ကို မသိရှိသေးကြောင်း၊ လက်ရှိ အချိန်၌ ၎င်းတို့အား စိစစ်ရန် မောင်တောမြို့နယ် အတွင်းသို့ မော်တော်ယာဉ်များနှင့် ခေါ်ဆောင်သွားပြီ ဖြစ်ကြောင်း ပြောပြ သည်။