ရန်ကုန်တိုင်း အစိုးရဝန်ကြီးများ အသုံးပြုရန် ကားများ ကျပ်ဘီလီယံနှင့်ချီပြီး အသုံးပြုကာ ဝယ်ယူမည့်အပေါ် ဥပဒေအတိုင်း ပြုလုပ်ပြီး ပြည်ထောင်စု အဆင့် က ဝယ်ယူပေးပါက တိုင်းအနေဖြင့် ဝယ်ရန်မလိုတော့ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ စရိတ် နှင့် အဆောင်အယောင်များ ဆိုင်ရာ ဥပဒေ တွင် ပါဝင်သည့်အတိုင်း ဝန်ကြီးများကို သတ်မှတ်ထားသည့် အခွင့်အရေးပေးရန် ဇွန်လ ၁၀ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ရံုံးတွင် မီဒီယာအချို့နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
“အဆောင်အယောင်အရ ကျနော်တို့ တိုင်းဒေသကြီးရဲ့ ဘတ်ဂျက်ကနေ ဝယ်ရမှာ မဟုတ်ပါဘူး။ ဒါက ပြည်ထောင်စုကနေ စီမံ၊ဘဏ္ဍာဝန်ကြီးဌာနဘက်ကနေ ချပေးရမှာဖြစ်ပါ တယ်။ ဒီအတွက် ပြည်ထောင်စု စီမံ၊ဘဏ္ဍာဝန်ကြီးဌာနနဲ့ ဆွေးနွေးနေပါတယ်။ ပြည်ထောင်စု ဝန်ကြီးဌာန ဘက်ကနေ ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် ဒီကားတွေကို ဝယ်ယူစရာမလိုအပ်တော့ပါဘူး” ဟု သူက ပြောသည်။
အဆိုပါကားများသည် အဆောင်အယောင်ကားများ ဖြစ်သည့် အတွက် ဗဟိုစက်ပစ္စည်း၊ စာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန(CESID) မှ ကားထုတ်ပေးမည် ဆိုပါက ဝယ်ယူရန် မလိုတော့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရမှ တင်သွင်းမည့် ဥပဒေဖြစ်ပြီး ယင်းဥပဒေကို တိုင်းဒေသကြီးလွှတ်တော်၏ ပုဒ်မ (၁၄၁) အရ ဥပဒေကြမ်းကို အတည်ပြုမယ့်အချိန်မှ အများသဘောဆန္ဒဖြင့်သာ အတည်ပြုရမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်း အစိုးရအဖွဲ့ အနေဖြင့် လျာထားချက်ကိုသာ တင်ပြခြင်း ဖြစ်ကြောင်း သိရသည်။
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “အဆောင်အယောင် ဥပဒေအရ သတ်မှတ်ထားတဲ့ ဥပဒေကိုတော့ ဝန်ကြီးတွေလိုက်နာရပါမယ်။ ကျနော်တို့ဘက်ကလည်း လိုက်နာနိုင်အောင် အတွက် သူတို့ကို သတ်မှတ်ထားတဲ့ အခွင့်အရေးတွေကို ပေးရပါမယ်။ ဒါမှသာလျှင် ဥပဒေအတိုင်း ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဥပဒေမှာ မပါတာကိုလည်း မလုပ်ဖို့လိုသလို၊ ဥပဒေမှာပါဝင်တာကိုလည်း လုပ်ကိုလုပ်ရမှာ ဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့ ဥပဒေစိုးမိုးရေးကို ဦးထိပ်ထားတဲ့ အစိုးရတရပ်အနေနဲ့ ဒီအတိုင်းပဲ ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ဝန်ကြီးချုပ်ရည်ညွှန်းသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ စရိတ် နှင့် အဆောင်အယောင်များ ဆိုင်ရာ ဥပဒေမှာ ၂၀၁၀ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် နိုင်ငံတော်အေးချမ်း သာယာ ရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (တပ်မတော်အစိုးရ) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ် ရေးထိုး အတည်ပြုခဲ့သည့် ဥပဒေများအနက် တခုဖြစ်သည်။
ပွင့်လင်းမြင်သာစွာဖြင့် ဝန်ကြီးများ သုံးစွဲရန် အဆောင်အယောင်ဟု တောင်းခံခဲ့ခြင်း မရှိသည့်အပြင် ဝန်ကြီးချုပ်အနေဖြင့် အဆိုပါ သုံးစွဲငွေကို ယခင်ကတည်းက တိုင်းဒေသကြီးသုံးစွဲမည့် ငွေစာရင်းတွင် မထည့်သွင်းသင့်ကြောင်း ဒဂုံမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက ဧရာဝတီသို့ ပြောသည်။
ဦးကျော်ဇေယျက “မနေ့က ဝန်ကြီးချုပ်က ရှင်းပြတယ်။ သူရှင်းပြတာတွေ မှန်တာပေါ့။ အစကတည်းက ဘာလို့ တိုင်းဘက်ဂျက်က တင်သလဲ။ အစကတည်းက မတင်ပါနဲ့လား။ ပြည်ထောင်စုကနေ တိုက်ရိုက်တင်ရင် တိုင်းဘက်ဂျက်က မြို့နယ်တွေမှာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ပိုပြီး လုပ်ဆောင်လို့ ရတာပေါ့။ နောက်ပြီး ပွင့်လင်းမှု မရှိဘူး။ အစကတည်းက ဝန်ကြီးကားလို့ တင်လိုက်ရင် မှန်တာပေါ့ သူ့ရဲ့ အဆောင်အယောင်ပဲ။ အန်ကယ်တို့ တင်မြှောက်ထားတဲ့ အစိုးရပဲ အဆောင်အယောင်ခံစားခွင့် ရှိတာပေါ့။ အန်ကယ်တို့ လက်ခံတာပေါ့”ဟု သုံးသပ်သည်။
ဆက်လက်ပြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက“ကျနော်တို့က နိုင်ငံရေးတာဝန်တွေကို လာပြီးထမ်းဆောင်နေတာ ဖြစ်ပါတယ်။ အခွင့်အရေး လာယူနေတာမဟုတ်ပါဘူး။ ကျနော်တို့ရဲ့ ဖြတ်သန်းခဲ့မှုတွေမှာ ကြမ်းတမ်းမှုတွေ များစွာရှိပါတယ်။ ဒီအတွက် ဒီတာဝန်တွေကို ယူနေကြတယ်။ ဝန်ကြီးတွေကို တာဝန်ပေးတယ်ဆိုတာ ဒီတာဝန်တွေနဲ့အတူ အခွင့်အရေးယူပြီး ပြည်သူလူထုရဲ့ ဘဏ္ဍာငွေတွေကို အလွဲပြုလို့မရနိုင်ပါဘူး” ဟုဆိုသည်။
ရန်ကုန်မြို့တွင် ယာဉ်ကြော ကျပ်တည်းမှုပြဿနာများရှိပြီး ယာဉ်ထိန်းရဲများ၊ ရဲတပ်ဖွဲ့များ က အစိုးရ၏ တရားဝင်ကားများကိုသာ အသိအမှတ်ပြုထားခြင်း ဖြစ်သောကြောင့် လုံခြုံရေး ကိစ္စရပ်များကို ကျင့်သုံးမည်ဆိုပါက ကိုယ်ပိုင်ကားများကို စီးနင်းနေခြင်းသည် မသင့်တော်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။
၂ဝ၁၈-၂ဝ၁၉ ခုနှစ်၊ ရန်ကုန်တိုင်း ဒေသကြီး အရအသုံး ခန့်မှန်းခြေငွေစာရင်း (လျာထားချက်) တွင်ပါဝင်နေသည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးသုံးအတွက် Ford ကား ၁၀ စီး ဝယ်ယူမည့်အပေါ် လွှတ်တော်က သဘောမတူကြောင်း နှင့် အဆိုပြုထားသည့် စာရင်းအား ထုတ်နှုတ်ပေးရန်အတွက် ဇွန်လ ၄ ရက်နေ့က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီက ပြောကြားခဲ့သေးသည်။
အဆိုပါ Ford ကား ၁၀ စီးကို ၂၀၁၈ ခုနှစ်အတွက် Mini Budget (နောက်ဆက်တွဲ အသုံးစရိတ်) တွင် ဧည့်ကြိုရန်အတွက် ဝယ်ယူမည်ဟု တင်ပြလာမှုကို ပြည်ထောင်စုအဆင့်က ပယ်ဖျက်ခဲ့ပြီးသားဖြစ်ပြီး ယခု ၂၀၁၈ – ၂၀၁၉ ခုနှစ် ဘက်ဂျက်တွင်မူ ဧည့်ကြိုရန်သာမက ဝန်ကြီးများအသုံးပြုရန်အတွက်ပါဟု ဆိုကာ ထပ်မံ တင်ပြလာခြင်း ဖြစ်ကြောင်း ဦးကျော်ဇေယျက ဆက်လက်ပြောသည်။
“ကား ၁၀ စီးကိစ္စက ၂၀၁၈ Mini Budget ကတည်းက တဦးချင်းထပြောပြီးသား။ အဲဒီဈေးနှုန်းပဲလေ။ အဲဒီတုန်းက မကန့်ကွက်ဘူး။ နိုင်ငံခြား ဧည့်သည်တွေကို ကြိုဖို့က ယာဉ် ၁၀ စီးလိုမလား။ သုံးစီးလေးစီးလောက် မရဘူးလားလို့ ဆွေးနွေးခဲ့တာ။ အဲဒီတုန်းက ပြည်ထောင်စုက အဲဒီ Mini Budget ကို ခွင့်မပြုဘူး။ အကုန်ဖျက်ချ ခဲ့တယ်။ တစီးမှ ခွင့်မပြုဘူး။ ၁၈ -၁၉ ဘတ်ဂျက်မှာ ထပ်တင်တာ” ဟု ၎င်းက ရှင်းပြသည်။
နိုင်ငံတော် ဘဏ္ဍာငွေ ချွေတာသုံးစွဲနေရချိန်တွင် ပြည်သူလူထု ဖွံ့ဖြိုးရေးအတွက် တိုက်ရိုက်အသုံးပြုနိုင်ခြင်း မရှိသည့် Ford ကားများ ဝယ်စီးမည့် ကိစ္စကို ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် ဘတ်ဂျက်တွင် ခွင့်ပြုနိုင်ခြင်း မရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ထားပြီး ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန် – Ford ကားဝယ်ရန် လွှတ်တော် ကန့်ကွက်မှု အစိုးရ လက်မခံ