အမေရိကန်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ အဆင့်မြင့်အရာရှိများက ကိုရီးယားကျွန်းဆွယ်တွင် နျူးကလီးယားလက်နက် ဖျက်သိမ်းရေးကိစ္စအတွက် သဘောထားများ ခြားနားလျက် ရှိကြောင်း စင်ကာပူက လာသော သတင်းများက ဆိုသည်။
၁၉၅၀-၁၉၅၃ ခုနှစ် ကိုရီးယားစစ်ပွဲကတည်းက ခါးသီးသောရန်သူများဖြစ်ခဲ့ကြသည့် ယင်းနှစ်နိုင်ငံသည် ခေါင်းဆောင်ချင်း ပထမဆုံး မျက်နှာစုံညီတွေ့ဆုံရန်အတွက် စင်ကာပူသို့ ထရမ့်နှင့် ကင်မ်တို့ တနင်္ဂနွေနေ့က ရောက်ရှိလာကြသည်။
နျူးကလီးယားဖျက်သိမ်းရေးအတွက် သဘောထား ကွာဟချက်များနှင့်အတူ နှစ်ဘက်စလုံးမှ အရာရှိများသည် အင်္ဂါနေ့ ထိပ်သီးအစည်းအဝေးအတွက် ဆွေးနွေးရမည့်အချက်များကို နှစ်နာရီကြာ အကျေအလည် ညှိနှိုင်းခဲ့ရသည်။
ယခု အစည်းအဝေးများသည် ထိရောက်မှုရှိပြီး အသေးစိတ်ဖြစ်သော်လည်း အကျိုးရလဒ် ဘာဖြစ်မည်ကို ချက်ချင်းပြောစရာ စကားလုံးမရှိသေးကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ကြေညာချက်တစောင်တွင် ပြောသည်။
ထရမ့်ကမူ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနှင့် နေ့လယ်စာ သုံးဆောင်သည့် အစည်းအဝေးတွင် အပေါင်းလက္ခဏာဆောင်သည့် မှတ်ချက်ကို ပေးခဲ့သည်။
“မနက် အထူးတလည် ကျင်းပမည့် အစည်းအဝေးကို ကျနော်တို့ အင်မတန် စိတ်ဝင်စားနေကြပါတယ်။ အလွန်ကောင်းမြတ်စွာနဲ့ပဲ အလုပ်ဖြစ်မယ်လို့ ကျနော် လတ်တလော ထင်ပါတယ်” ဟု ထရမ့်က ပြောသည်။
တချိန်တည်းတွင် အမေရိကန်နှင့် ဆက်ဆံရေးအသစ် စတင်ထူထောင်နိုင်မည်ဖြစ်ကြောင်း ဖြစ်နိုင်ချေကို မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာများက ကျယ်ကျယ်ပြန့်ပြန့် ထုတ်လွှင့်လျက်ရှိသည်။
အဆိုပါသဘောထားမှတ်ချက်များမှာ ဆယ်စုနှစ်များစွာ အမေရိကန်သို့ရန်လိုမုန်းတီးမှုမှ မြောက်ကိုရီးယားဘက်က ပြောင်းလဲလာသည့် အရွေ့တခုအနေဖြင့် ထွက်ပေါ်လာခြင်းဖြစ်သည်။
ယင်း အစည်းအဝေးရလဒ်အဖြစ် ကင်ဘက်မှ နျူကလီးယားလက်နက် စွန့်လွှတ်ရေး စတင်မည်ဟု ထရမ့်ဘက်က မျှော်လင့်သည်။
သို့သော် မြောက်ကိုရီးယား၏ ရှုထောင့်မှာ အမြဲတမ်း နားလည်ရခက်ပြီး အမေရိကန်နှင့် စားပွဲဝိုင်း ထိုင်ဖြစ်လင့်ကစား ၎င်းမျှော်မှန်းချက်ကို ရှင်းရှင်းလင်းလင်း သိနိုင်ချေ နည်းပါးသည်။