နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် ဖမ်းဆီးမှုတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက် စကားများကြောင့် စိတ်မကောင်းဖြစ်မိကြောင်း ဖမ်းဆီးခံထားရသည့် Reuters သတင်းထောက် နှစ်ဦးက ယနေ့ ရုံးချိန်းတွင် ပြောသည်။
ဂျပန် အခြေစိုက် NHK သတင်းဌာနနှင့် ဇွန် ၈ ရက်နေ့ တွေ့ဆုံမေးမြန်းခန်းတွင် ဒေါ်အောင်ဆန်းစုကြည်က “တခြားကိစ္စ တွေလည်း ရှိသေးတယ်။ ကျမထင်တာကတော့ ရှင်တို့လည်း တရားစီရင်နေတာ လေ့လာမယ် ဆိုရင် အစိုးရလျှို့ဝှက် ဥပဒေ ချိုးဖောက်မှုမှာ တခြားဘာကိစ္စတွေ ပတ်သက်နေလဲ ဆိုတာ ရှင်တို့ သဘော ပေါက်မှာပါ”ဟု ဖြေကြားထားသည်။
Reuters သတင်းထောက် ကိုဝလုံးက “ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်ချက်ကိုကြားရတာ စိတ်မကောင်းဘူး၊ အမှုမှာ အကုန်လုံးက ရခိုင်မှာ ဖြစ်တာတွေနဲ့ ပတ်သက် နေတာတွေချည်း ပါပဲ။ သူ့အနေနဲ့ သတင်း အချက်အလက်တွေ အကုန် လုံး မရဘူးလား ဆိုတာ သံသယဖြစ်မိပါတယ်” ဟု ပြောသည်။
Reuters သတင်းထောက် နှစ်ဦးအနေဖြင့် တရားဝင် သတ်မှတ်ထားသည့် နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေ ချိုးဖောက် သည့် အတွက် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ရခိုင်အရေး သတင်းယူသည့်အတွက် ဖမ်းဆီးခံရခြင်း မဟုတ်ကြောင်း၊ ဥပဒေနှင့် အညီ အလုပ်လုပ်ဖို့သာ အရေးကြီးပြီး တရားခွင် စစ်ဆေးမှုများ မျှတမှုရှိမရှိနှင့် သူတို့၏ လုပ်ရပ်များသည် တရားဥပဒေနှင့် ညီမညီဆိုသည်ကိုပါ စောင့်ကြည့်ရမည် ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က NHK ကို ဖြေကြားထားသည်။
သတင်းထောက်နှစ်ဦး ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက် များ အား အကောင်အထည် ဖော်ရေး ကော်မတီ၏ အကြံပေးအဖွဲ့တွင် ပါဝင်ခဲ့သည့် ရစ်ချက်ဆန်တို့ကြား ဇန်နဝါရီ ၂၂ ရက်နေ့ တွေ့ဆုံပွဲတွင် စကားအချေအတင် ဖြစ်ခဲ့ကြောင်းလည်း သိရသည်။
ထိုတွေ့ဆုံပွဲအပြီး နောက်ရက်တွင် ရစ်ချက်ဆန်အား အကြံပေးအဖွဲ့မှ ထုတ်ပယ်လိုက်ကြောင်း ကြေညာခဲ့သည်။
သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား ဖမ်းဆီးမှုတွင် ရခိုင်အရေး လျှို့ဝှက် စာရွက်စာတမ်းများ လက်ဝယ် တွေ့ရှိသည်ဟု ဆိုကာ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃ (၁)(ဂ) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း အစိုးရက တရားဝင် သတင်း ထုတ်ပြန်ထားပြီး ဖြစ်သည်။
အမှုတွင် တရားလိုပြသက်သေ ၂၀ ကျော်ကို စစ်ဆေးခဲ့ပြီး ဆက်လက်စစ်ဆေးရန် ၂ ဦးသာ ကျန်ရှိကြောင်း သိရသည်။
Reuters ရှေ့နေ ဦးသန်းဇော်အောင်က “လျှို့ဝှက် စာရွက်စာတမ်း ဆိုတဲ့ ရဲတပ်ရင်း ၈ နဲ့ ပတ်သက်တာတွေ အကုန်လုံး ကလည်း ရခိုင်နဲ့ ပတ်သက်တာတွေချည်းပဲ။ ဒုတိယအကြိမ် နေပြည်တော် CID က လာတင်သွားတာ တွေမှာလည်း ရခိုင်နဲ့ ပတ်သက်တာတွေ တော်တော်များများပါတယ်” ဟု အမှုစစ်ဆေး ပေါ်ပေါက်ချက်များအား ပြောသည်။
ဖမ်းဆီးမခံရမီ Reuters သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ဖော်ထုတ်ရေးသားခဲ့သည့် မောင်တော မြို့နယ် အင်းဒင်ကျေးရွာအနီး ဘင်္ဂါလီ ၁၀ ဦး သတ်ဖြတ်ခံရမှုအပေါ် တပ်မတော်က ဝန်ခံခဲ့ပြီး ပါဝင် ပတ်သက် ခဲ့သည့် လုံခြုံရေး တပ်ဖွဲ့ဝင် ၇ ဦးအား ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
အမှုတွင် သတင်းထောက်နှစ်ဦးအား သတင်းဖြေကြားသည်ဟုဆိုကာ မောင်တောဒေသတွင် တာဝန် ထမ်းဆောင်ခဲ့သည့် ဒုရဲမှူး မိုးရန်နိုင်ကို ရဲစည်းကမ်း ထိန်းသိမ်းရေးဥပဒေဖြင့် ထောင်ဒဏ် ၁ နှစ် ချမှတ်ခဲ့ပြီး တပ်ကြပ်ကြီး ခင်မောင်လင်းကို လည်း တပ်ဖွဲ့မှ ထုတ်ပယ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုထားသည်။
ယနေ့ရုံးချိန်းတွင် တရားလိုပြ သက်သေတဦးဖြစ်သည့် ထောက်ကြံ့ ရဲစခန်းမှူး ဒုရဲမှူး မြင့်လွင်အား စစ်ဆေးခဲ့ပြီး မနက်ဖြန် ဇွန် ၁၂ ရက်နေ့ ရုံးချိန်းတွင် CID မှ ဒုရဲမှူး တင်ဝင်းမောင်အား စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
ဒုရဲမှူး မြင့်လွင်သည် အမှုစတင်ဖြစ်ပွားသည့် သတင်းထောက်နှစ်ဦးအား ဖမ်းဆီးချိန်တွင် ရဲအုပ်အဆင့်သာ ရှိသေးပြီး ယခု အခါတွင် ဒုရဲမှူး အဆင့်သို့ ရာထူးတိုးသွားခြင်း ဖြစ်သည်။
အမှုတွင် ပျောက်ဆုံးနေသည့် တရားလိုပြသက်သေ တပ်ကြပ်ကြီး ခင်မောင်လင်းနှင့်ပတ်သက်၍ မြိတ် ဘက်တွင် ရောက်ရှိ နေကြောင်း တရားလို ဥပဒေအရာရှိက တရားရုံးတွင် တင်ပြခဲ့ကာ ၎င်းအနေဖြင့် သက်သေလာရောက် ထွက်ဆိုပေးနိုင်ရန် တရားလိုဘက်တွင်သာ တာဝန်ရှိကြောင်း ခရိုင်တရားသူကြီးက ပြန်လည် ပြောဆိုခဲ့သည်။