ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးတွင် ဆွေးနွေးမည့် ကဏ္ဍ ၅ ခုအနက် နိုင်ငံရေး ကဏ္ဍအောက်မှ “နိုင်ငံတော်၏ နယ်မြေအပိုင်းအခြား ဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမထွက်ရ” ဆိုသည့် ကိစ္စကို မဆွေးနွေးတော့ရန် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ဆုံးဖြတ်လိုက်ကြသည်။
အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကိုရေးထိုးခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ ၂၁ ကြိမ်မြောက် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
ထိုအစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဇွန်လ ၁၁ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အစည်းအဝေး ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ပြောခွင့်ရပုဂ္ဂိုလ် လည်းဖြစ် ချင်းအမျိုးသားတပ်ဦး (CNF) ၏ ဥက္ကဋ္ဌ လည်းဖြစ်သည့် ပူးဇင်ကျုံးက အစည်းအဝေး အပြီးတွင် သတင်းထောက်များကိုရှင်းပြသည်။
ပူးဇင်ကျုံး က “တစ်ဆို့နေတဲ့ ခွဲမထွက်ရနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ နောက်ပြီးတော့ ပြည်နယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကိစ္စတွေက အစပေါ့လေ၊ ဒီဟာတွေက ကျနော်တို့ ၂၁ ပင်လုံ တတိယအကြိမ်မှာ ဆွေးနွေးမှာ မဟုတ်သေးပါဘူး” ဟု အစည်း အဝေးအပြီးတွင် သတင်းထောက်များကို ရှင်းပြသည်။
“နိုင်ငံတော်၏ နယ်မြေအပိုင်းအခြား ဟူသမျှသည် နိုင်ငံတာ်မှ မည်သည့်အခါမှ ခွဲမထွက်ရ” ဆိုသည့်ကိစ္စနှင့် ပတ်သက်ပြီး ၂၀၁၇ ခုနှစ် မေလကုန်ပိုင်းက ကျင်းပခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးတွင် အကြိတ် အနယ် ငြင်းခုန်ခဲ့ကြပြီး အဖြေမထွက်ခဲ့ဘဲ ချန်ထားခဲ့ရသည်။
ယခုလည်း တနှစ်ကျော် ကြာမြင့်လာသည်အထိ အလွတ်သဘောတွေ့ဆုံမှုများ၊ တရားဝင် တွေ့ဆုံဆွေးနွေးပွဲများတွင် ထိုကိစ္စ ပြေလည်မှုမရရှိဘဲ တစ်ဆို့နေဆဲဖြစ်သဖြင့် ယင်းအချက်ကို ကျော်လွှားပြီး နိုင်ငံရေး ကဏ္ဍ၊ လုံခြုံရေး ကဏ္ဍ၊ စီးပွားရေး ကဏ္ဍ၊ လူမှုရေး ကဏ္ဍနှင့် မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍ တို့အထဲမှ အခြားသော အကြောင်းအရာများကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
“ခွဲမထွက်ရ ဆိုတဲ့ ကြိုတင် ကန့်သတ်ထားတဲ့ အနေအထားမျိုး ချမှတ်တဲ့အတွက် ဒါဟာ တစ်ဆို့မှု ဖြစ်သွားတာ ဖြစ်ပါတယ်။ ဒီတော့ကာ ဒါတွေကိုလည်း ကျနော်တို့ ဆက်လက်ပြီးတော့မှ ဘယ်လို လုပ်ဆောင်သွားမလဲဆိုတာကိုတော့ နောက်မှ ကျနော်တို့ ပြန်ဆွေးနွေးဖို့ရှိပါတယ်” ဟု ပူးဇင်ကျုံးက ရှင်းပြသည်။
သို့သော်လည်း ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးတွင် အကြောင်းအရာ အလိုက် အစည်းအဝေးနှင့် အစုအဖွဲ့အလိုက် အစည်းအဝေးများကို အဆင့်ဆင့် ပြုလုပ်သွားရန် PPST အစည်းအဝေးတွင် သဘောတူညီခဲ့ကြကြောင်း သိရသည်။
PPST ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး က NCA ကို အကောင်အထည်ဖော်ရာတွင် ၂၁ ရာစုပင်လုံ အစည်းအဝေးသည် အထင်ရှားဆုံးဖြစ်သော်လည်း ထိုအစည်းအဝေးကို ပွဲဖြစ်ရုံလုပ်ခြင်းထက် ရလဒ်ကောင်းများရရှိရန် မျှော်မှန်းချက်ထားရန် လိုအပ်ကြောင်း ချင်းမိုင်မြို့တွင် ဇွန်လ ၁၁ ရက်နေ့က ပြုလုပ်ခဲ့သော PPST အစည်းအဝေး အဖွင့်အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောဆိုသွားသည်။
ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး က “ခုနက ကျနော်ပြောခဲ့သလိုပဲ အောင်မြင်တဲ့ငြိမ်းချမ်းရေး ညီလာခံဆိုတာ ခမ်းနားထည်ဝါစွာ အပေါ်ယံပြုလုပ်တဲ့ အသွင်ထက် အနှစ်သာရရှိတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုရဲ့ အခြေခံရလဒ်တွေ ရနေရဲ့လား ဆိုတာနဲ့ တိုင်းတာရမှာဖြစ်ပါတယ်” ဟု ဆိုသည်။
ယင်းသို့သော ရလဒ်ကောင်းများ ရရှိရန် မျှော်မှန်းချက်အတွက် ကြိုတင်ပြင်ဆင်မှု အဖြစ် ၂၁ ပင်လုံအစည်းအဝေးမတိုင်မီ ကျင်းပရမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးနှင့် UPDJC အလုပ်အဖွ့ဲ အစည်းအဝေးများတွင် အကြေအလည် ညှိနှိုင်းဆွေးနွေးပြီး ကျော်ဖြတ်နိုင်ရန် လိုအပ်သည်ဟုလည်း ထောက်ပြသွားသည်။
၂၁ ရာစုပင်လုံ အစည်းအဝေးသည် Stakeholders များ အကြားတွင် နိုင်ငံရေး အရ ယှဉ်ပြိုင်သောပွဲအဖြစ် အသုံးပြုရမည့် နေရာ မဟုတ်ဘဲ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် ချမှတ်အပ်သည့် မှတ်ကျောက်ဖြစ်ရန်လိုအပ်ကြောင်းလည်း ဗိုလ်ချုပ်ကြီး စောမူတူး စေးဖိုးက သတိပေး ပြောဆိုသွားသည်။
အစိုးရက ၂၁ ရာစုပင်လုံကို ဇွန်လ ၃၀ ရက်နေ့တွင် ပြုလုပ်ရန် လျာထားချက်အား အချိန် လုံလောက်မှု မရှိသဖြင့် ဇူလိုင် လလယ်ပိုင်းသို့ ပြောင်းရွှေ့ရန် PPST ဘက်မှ ဆုံးဖြတ်ထားသည်။ ၂၁ ရာစုပင်လုံကို မူလက ၆ လ တကြိမ် ပြုလုပ်ရန် လျာထားသော်လည်း ယခု တတိယ အစည်းအဝေးမှာ တနှစ်ကျော်သည် အထိ ကျင်းပနိုင်ခြင်း မရှိသေးပေ။
PPST အစည်းအဝေး၏ လျာထားချက်တွင် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ အလုပ်အဖွဲ့ အစည်း အဝေးကို ဇွန်လ ၁၅၊ ၁၆၊ ၁၇ ကျင်းပရန် လျာထားပြီး၊ UPDJC အစည်းအဝေးကို ဇွန် ၂၄၊ UPDJC အလုပ်အဖွဲ့ အစည်းအဝေးကို ဇွန်လ ၂၅၊ ၂၆ လျာထားကြောင်းသိရသည်။
ယင်းအစည်းအဝေးများ ပြုလုပ်ပြီးနောက် PPST အစည်းအဝေးကို ထပ်မံပြုလုပ်ရန် ပြင်ဆင်ထားပြီး UPDJC အလုပ်အဖွဲ့ အစည်းအဝေးကို ဇူလိုင်လ ၃၊ ၄၊ ၅ ရက်တို့တွင် ပြန်လည်ကျင်းပပြီး UPDJC အစည်းအဝေးကြီးကိုတော့ ဇူလိုင် ၇၊ ၈ ၇က်တို့တွင် ကျင်းပရန် ပြင်ဆင်ထားပြီး ၂၁ ပင်လုံ တတိယ အစည်းအဝေးကို ဇူလိုင် ၁၀ ရက်မှ ၁၄ ရက်နေ့အထိ ပြုလုပ်ရန် လျာထားကြောင်း သိရသည်။