သတင်း

KNPP အပစ်ရပ် လက်မှတ်ထိုးရန် PPST ကြားဝင်စေ့စပ်မည်

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကို အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အား လက်မှတ်ရေးထိုးရန် ကြားဝင်စေ့စပ်ပေးသွားမည်ဖြစ်ကြောင်း အပစ်ရပ်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး ဦးဆောင်အဖွဲ့ (PPST) က ထုတ်ဖော်ပြောဆိုလိုက်သည်။

NCA ထိုးရေး တိုက်တွန်းရန်အတွက် ထိုင်း-မြန်မာ နယ်စပ် မယ်ဟောင်ဆောင်မြို့အနီးရှိ KNPP ဌာနချုပ်တွင် PPST မှ ဖွဲ့စည်း ပေးထားသော ဦးခိုင်စိုးနိုင်အောင် ဦးဆောင်သည့် စေ့စပ်ညှိနှိုင်းရေး အဖွဲ့နှင့် KNPP ကိုယ်စားလှယ်များအကြား ဇွန်လ ၁၄ ရက် နေ့တွင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

ဦးခိုင်စိုးနိုင်အောင် က “KNPP က လက်မှတ်မထိုးသေးဘူးဆိုတော့ လက်မှတ်ထိုးသင့်တယ်ဆိုတဲ့ အကြောင်းကို သွားဆွေးနွေး မယ်။ PPST သဘောထား ရှင်းပြမယ်၊ PPST သဘောထားကတော့ UNFC အဖွဲ့ဝင်တွေ အနေနဲ့ လက်မှတ်ထိုးဖို့ လိုတယ် ဆိုတာကို ဆုံးဖြတ်ချက်ရှိတယ်” ဟု ပြောသည်။

KNPP အား အစိုးရနှင့် အပစ်ရပ်လက်မှတ်ထိုးရေး စေ့စပ်တိုက်တွန်းရန် အတွက် အပစ်ရပ်အဖွဲ့များက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဇွန်လ ၁၁ ရက်နေ့က ပြုလုပ်သော PPST အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း အစည်းအဝေး ခေတ္တရပ်နားချိန်တွင် ဦးခိုင်စိုးနိုင်အောင် က သတင်းထောက်များကို ပြောဆိုသည်။

အပစ်ရပ် အဖွဲ့တဖွဲ့ဖြစ်သော ချင်းအမျိုးသားတပ်ဦး (CNF) အဖွဲ့၏ ဥက္ကဋ္ဌ ပူးဇင်ကျုံး ကလည်း “NCA ကို အားလုံး လက်မှတ် ထိုးနိုင်ရေး အတွက် PPST မှာ တာဝန်ရှိသလို လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား အဖွဲ့တွေနဲ့ တွေ့ဖို့ရာလည်း ကျနော်တို့ ကြိုးပမ်း နေတာ ဖြစ်ပါတယ်” ဟု PPST အစည်းအဝေး အပြီးတွင် သတင်းထောက်များကို ပြောသည်။

KNPP သည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် အဖွဲ့အစည်း တဖွဲ့ဖြစ်ပြီး အစိုးရနှင့် NCA ရေးထိုးနိုင်ရေး ဆွေးနွေးမှုများရှိခဲ့သော်လည်း ရှေ့မဆက်နိုင်ဘဲ ရပ်တန့်နေသည့် အနေအထားတွင် ရှိနေသည်။

အပစ်ရပ်အဖွဲ့များအနေဖြင့် ၎င်းတို့ လက်မှတ်ထိုးပြီး ဖြတ်သန်းလာခဲ့သော ၂ နှစ်ကျော်ကာလအတွင်း ဖြတ်သန်းလာခဲ့သည့် အခြေအနေများထဲမှာ အားသာချက်၊ အားနည်းချက်များကို ရှင်းပြပြီး လမ်းကြောင်းတခုတည်းမှ အတူကြိုးပမ်းခြင်းဖြင့် အကျိုးရှိနိုင်သည့် အခြေအနေများကို ရှင်းပြမည်ဟု အပစ်ရပ်အဖွဲ့များ ဘက်က ဆိုသည်။

PPST ၏ စေ့စပ်ညှိနှိုင်းရေး အဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်၊ ဒုတိယ အဖွဲ့ခေါင်းဆောင်အဖြစ် ကရင်အမျိုးသားအစည်းအရုံး ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း တို့ ဦးဆောင်မည်ဖြစ်ပြီး စုစုပေါင်း အဖွ့ဲဝင် ၇ ဦးပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ဦးခိုင်စိုးနိုင်အောင် က “ထိုးတာ မထိုးတာ သူတို့သဘော ၊ ထိုးဖို့လိုတယ်၊ ထိုးခြင်းအားဖြင့် ပလက်ဖောင်း တခုထဲ ရောက်လာမယ်၊ ပလက်ဖောင်း တခုထဲ ရောက်လာတဲ့အခါမှာ ကြိုးပမ်းရတာ အထောက်အကူ အများကြီး ဖြစ်နိုင်တယ်” ဟု ပြောသည်။

PPST အနေဖြင့် အစိုးရနှင့် NCA လက်မှတ်ရေးထိုးနိုင်ရန် အတွက် KNPP အပြင် “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIO) တို့ပါဝင်သော တရုတ်-မြန်မာ နယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC) အဖွဲ့ဝင်များကိုလည်း စည်းရုံး တိုက်တွန်းသွားမည်ဟုလည်း သိရသည်။

UNFC အဖွဲ့ဝင် အဖွဲ့အစည်း ၂ ဖွဲ့ ဖြစ်သော မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ကတော့ ယခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က အစိုးရနှင့် NCA လက်မှတ်ရေးထိုးခဲ့သည်။

KNPP သည် တပ်မတော် အစိုးရနှင့် ၁၉၉၅ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးခဲ့သော်လည်း ၃ လ အကြာတွင် တိုက်ပွဲပြန်ဖြစ်ပြီး ပျက်သွားခဲ့သည်။ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၂ ခုနှစ်တွင် ဆွေးနွေးမှုများ ပြန်လည် စတင်ခဲ့ပြီး လက်ရှိ NLD အစိုးရလက်ထက်တွင် ညှိနှိုင်းနေဆဲဖြစ်သည်။

Loading