သတင်း

ရန်ကုန်မြို့တွင်း တရားမဝင်နေရာ ယာဉ်ရောင်းဝယ်မှုများ မဖြေရှင်းနိုင်သေး

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့တွင်း၌ တရားဝင် သတ်မှတ်ထားသည့် နေရာ မဟုတ်ဘဲ ယာဉ်ရောင်းဝယ်မှု ပြုလုပ်နေကြခြင်း အပေါ် လတ်တလော မဖြေရှင်းနိုင်သေးကြောင်း ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှ သိရသည်။

ယင်းသို့ တရားမဝင် နေရာများတွင် လုပ်ကိုင်နေမှုများကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ အပါအဝင် ပြဿနာများစွာ ဖြစ်ပွားလျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်၌ ကိုယ်စားလှယ် တချို့က ပြောဆို ဆွေးနွေးမှုများ ပြုလုပ်ကြသည်။

ယနေ့ ပြုလုပ်သည့် ရန်ကုန်တိုင်း ဒေသကြီး ဒုတိယ အကြိမ် လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် မင်္ဂလာ တောင်ညွန့် မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးနှင့် လှိုင်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော် ကျော်ထွန်း တို့က ယင်းကိစ္စနှင့် ပတ်သက်၍ မေးမြန်း ဆွေးနွေးကြခြင်း ဖြစ်သည်။

ဦးကျော်ကျော်ထွန်းက “တရားဝင် မဟုတ်တဲ့ နေရာတွေမှာ ရောင်းဝယ်နေကြတာကြောင့် ရသင့်ရထိုက်တဲ့ အခွန်အခ များ လည်း ဆုံးရှုံးနေရခြင်း၊ ၎င်းတို့အား အမှီပြု၍ ကားရေဆေးသူများ၊ ဈေးရောင်းချသူများ၊ ကားအလှဆင်သူများ ကြောင့် ယာဉ်ကြော ပိတ်ဆို့ခြင်း တို့ကို အင်မတန်ကြုံတွေ့လာပါတယ်” ဟု ပြောသည်။

နိုင်ငံတော် အခွန်ဘဏ္ဍာငွေ ဆုံးရှုံးမှုများ သာမက လူမှုရေး ပြဿနာများ ဖြစ်ပေါ်နေသဖြင့် ဖြေရှင်းနိုင်ရန် ရန်ကုန်မြို့၌ တရားဝင် ယာဉ်ရောင်းဝယ်ရေး စခန်းများ ထပ်မံဖွင့်လှစ်ပေးရန် အစီအစဉ် ရှိမရှိကိုလည်း လွှတ်တော် ကိုယ်စားလှယ် များ က မေးမြန်းကြသည်။

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက မြေနေရာ အလုံအလောက် မရှိသေးခြင်းနှင့် မော်တော်ယာဉ် ဥပဒေနှင့် အညီ အရောင်းပြခန်းများ၊ အရောင်းဆိုင်များ ဖွင့်လှစ် လုပ်ကိုင်ခွင့် ပေးထားသဖြင့် လတ်တလောတွင် ယာဉ်ရောင်းဝယ်ရေး စခန်းများ ထပ်မံဖွင့်လှစ်ရန် အစီအစဉ်မရှိသေးကြောင်း ပြန်လည် ဖြေကြားသည်။

ဦးမောင်မောင်စိုးက “လက်ရှိ အနေအထားအရ မော်တော်ယာဉ် ရောင်းဝယ်ရေးစခန်း တခု ပြုလုပ်ဖို့ ဆိုရင် မြေနေရာ အလုံ အလောက် မရှိသေးပါဘူး။ မော်တော်ယာဉ် ဥပဒေအရ မော်တော်ယာဉ် အရောင်းပြခန်း ယာဉ်သိုလှောင်ခြင်း လုပ်ငန်းများကိုလည်း လိုင်စင် ခွင့်ပြုနေရသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ မော်တော်ယာဉ်များ လာရောက် ရောင်းဝယ်နိုင်တဲ့ အများနဲ့ သက်ဆိုင်သော မော်တော်ယာဉ်ရောင်းဝယ် နေရာများ ဖွင့်လှစ်ဆောင်ရွက် ပေးနိုင်ခြင်း လည်း မရှိသေးပါဘူး” ဟု ပြောသည်။

ရန်ကုန်မြို့၌ တရားဝင် ဖွင့်လှစ်ပေးထားသော ယာဉ်ရောင်းဝယ်ရေး စခန်းနှစ်ခု ရှိပြီး လှိုင် ယာဉ်ရောင်းဝယ်ရေး စခန်း တွင် နေ့စဉ် ၁၂၀၀ ခန့်နှင့် သံသုမာ ယာဉ် ရောင်းဝယ်ရေး စခန်းတွင် နေ့စဉ် ၁၂၀ ကျော် ရောင်းဝယ်နေခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

တရားဝင် ယာဉ်ရောင်းဝယ်ရေး စခန်းမှာ ၂ နေရာသာ ရှိပြီး တရားမဝင် ယာဉ်ရောင်းဝယ်ခြင်းများ လုပ်ကိုင်နေသည့် နေရာ များမှာ ၂၂ နေရာ ရှိနေကြောင်း လွှတ်တော် ကိုယ်စားလှယ်များကလည်း ပြောသည်။

ယင်းသို့ တရားမဝင် ယာဉ်ရောင်းဝယ်ရေး လုပ်ကိုင်သည့် နေရာများမှာ ကျွန်းတောလမ်းရှိ ဟံသာဝတီ ၊ သတိပဋ္ဌာန် ကျောက်မြောင်း၊ ကြို့ကုန်း၊ စာတိုက်လမ်းဆုံ၊ မြောက်ဥက္ကလာ အဝိုင်း၊ ၁၄, ၁၅ လမ်းဆုံ၊ မင်္ဂလာဒုံ သပြေရိပ်၊ မြောက် ဒဂုံ၊ သာကေတ သပြေရိပ်၊ မြရာကုန်း၊ စိတ်တိုင်းကျ ကျိုက္ကဆံ ဘုရားဈေး စသည်တို့ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် စိတ်တိုင်းကျ မြေနီကုန်း၊ တောင်ဒဂုံ ကုန်တိုက်၊ ရေစင်လက်ဖက်ရည်ဆိုင်၊ မာကျူရီ လက်ဖက်ရည်ဆိုင်၊ ကျောက် ကုန်း ကုန်းပေါ် အောင်ဇေယျလမ်း၊ မြန်မာ့ဂုဏ်ရည်လမ်း၊ နတ်စင်လမ်း၊ အောင်မင်္ဂလာလမ်းနှင့် ဗိုလ်အောင်ကျော်လမ်း စသည့်နေရာတို့ ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ဆိုသည်။

၂၀၁၅ ခုနှစ် စက်တင်ဘာလ ၇ ရက်က ပြဋ္ဌာန်းခဲ့သော မော်တော်ယာဉ် ဥပဒေတွင် မော်တော်ယာဉ်များကို အသစ်ဖြစ် စေ၊ တပတ်ရစ် အဟောင်းဖြစ်စေ ရောင်းချရာတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ တရားဝင် ခွင့်ပြု ထားသော လုပ်ငန်း လိုင်စင်ရှိရန် လိုအပ်ကြောင်း ပြဋ္ဌာန်းထားသည်။

ယင်းဥပဒေ ပုဒ်မ ၅၀ (က) ၌ လုပ်ငန်းလိုင်စင် မရှိဘဲ မော်တော်ယာဉ် ထုတ်လုပ်ခြင်း လုပ်ငန်း သို့မဟုတ် ရောင်းချ ခြင်း လုပ်ငန်း သို့မဟုတ် တည်ဆောက် တပ်ဆင်ခြင်း လုပ်ငန်း မပြုလုပ်ရဟု ပြဋ္ဌာန်းထားပြီး ဖောက်ဖျက် ကျူးလွန် ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ၃ လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ကျပ် သိန်း ၅၀ ထက် မပိုသော ငွေဒဏ်ဖြစ်စေ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက “ယာဉ်ရောင်းဝယ်တဲ့ သူတွေနဲ့ ကားတွေပဲ အပြည့် ဖြစ်နေပါတယ်။ အဲဒီလိုဖြစ်နေတဲ့အတွက် အခြားသူများရဲ့ ကားတွေနဲ့ အိမ်က ကားတွေရပ်နားမယ် ဆိုရင် စကားများ ခြင်း၊ အငြင်းအခုံ ဖြစ်ခြင်း၊ ခိုက်ရန် ဖြစ်ပွားခြင်းများလည်း တွေ့ရှိရပါတယ်” ဟု ဆိုသည်။

ရန်ကုန်တိုင်း ဒေသကြီး စည်ပင်နယ်မြေ အတွင်း၌ မော်တော်ယာဉ် အရောင်းပြခန်း ၁၅၁ ခုကို ယာဉ်သိုလှောင်ခြင်း လုပ်ငန်း လိုင်စင် ခွင့်ပြုထားပြီး ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading