ယခုရက်ပိုင်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ရေဝင်ရေကျော်မှုများ ဖြစ်ပွားလျက် ရှိသော်လည်း ဆည်တမံများ အနေဖြင့် ကျိုးပေါက်မှု ဖြစ်ပေါ်မည့် အနေအထား မရှိသည်ကို အာမခံကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန စီမံကိန်း နှင့် လုပ်ငန်းဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်ဇောက ဧရာဝတီကို ပြောသည်။
ဦးကျော်ဇောက“လောလောဆယ် အနေအထားအရ ဘာမှ စိုးရိမ်စရာ မရှိပါဘူး။ လွန်လွန်ကျွံကျွံ ဖြစ်တာ တခုမှလည်း မရှိ ပါ ဘူး။ ကျနော်တို့ ထိန်းထားတဲ့ ဆည်တမံတွေက လုံးဝအာမခံပါတယ်။ ကျိုးပေါက်မှုဖြစ်ပေါ်မယ့် အနေအထား လော လော ဆယ်မှာ လုံးဝမရှိပါဘူး။ ဒီရေလောက်က ခံနိုင် ထိန်းနိုင်တဲ့ အနေအထား ဖြစ်ပါတယ်”ဟု ဧရာဝတီကို ပြောပြသည်။
လက်ရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး ၇ ခုရှိ ရေလှောင်တမံများ၏ ရေပိုလွှဲများ၌ ရေဝင်ရေကျော်မှုများ ဖြစ်ပွားလျက် ရှိ ကြောင်းလည်း အဆိုပါ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက ယနေ့နံနက်၌ သတင်း ထုတ်ပြန်ထား သည်။
ဆက်လက်၍ ဦးကျော်ဇောက မိုးရာသီမတိုင်ခင် ကတည်းက မိုးရာသီရေဘေး ကာကွယ်ရေးဟု ဆိုကာ ဝန်ထမ်း အင်အား များ တိုးထားပြီး အရေးပေါ်ပစ္စည်းများ စုဆောင်းထားကြောင်း၊ မိုးရွာသွန်းမှုအပေါ် မူတည်၍ မည်သည့် ရေတံခါးကို မည်သို့ ဖွင့်မည် ဆိုခြင်းမှအစ ပြင်ဆင် ဆောင်ရွက်ထားကြောင်း ရှင်းပြသည်။
နိုင်ငံတဝန်းတွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက ထိန်းသိမ်းထားသည့် ရေလှောင်တမံ ၂၃၅ ခု အပါ အဝင် ရေလွှဲဆည်၊ ကန်၊ ရေထိန်းတံခါး စုစုပေါင်း ၅၈၁ ခုရှိကြောင်း သိရသည်။
ဆည်မြောင်း ဦးစီးဌာန ၏ ထုတ်ပြန်ချက်၌ ချင်းပြည်နယ်တွင် ၁ ခု၊ ရခိုင်တွင် ၄ ခု၊ စစ်ကိုင်းတွင် ၅ ခု၊ မကွေးတွင် ၆ ခု၊ မန္တလေးတွင် ၅ ခု၊ ဧရာဝတီတွင် ၃ ခု၊ ပဲခူးတိုင်း ဒေသကြီး (အနောက်)တွင် ၃ ခု စုစုပေါင်း ရေလှောင်တမံ ၂၇ ခု၏ ရေပို လွှဲမှ ရေကျော်မှု ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု ပါရှိသည်။
ဆည်တမံများ၏ ရေဝင်ရောက်မှုနှင့် ရေပိုလွှဲများမှ ရေကျော်ထွက်ရှိ နေမှုများသည် ပုံမှန်ဖြစ်စဉ်များ အတိုင်းသာ ရှိနေသေး ၍ စိုးရိမ်စရာမရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဒု ညွှန်ကြားရေးမှူး ဦးစိုးနိုင်ကလည်း ဖြည့်စွက် ပြောဆိုသည်။
“မိုးဆက်တိုက် ရွာဦးမယ် ဆိုရင်တော့ ရေပိုလွှဲကနေ ထပ်ကျော်နိုင်သေးတာပေါ့။ အခုကတော့ ပုံမှန် ရေကျော်တဲ့ အဆင့် ပဲ ရှိပါသေးတယ်”ဟုလည်း ၎င်းက ဆိုသည်။
ရေကျော်မှု ဖြစ်ပွားနေသည့် ရေလှောင်တမံ၊ ရေပိုလွှဲ ၂၇ ခုအနက် မကွေးတိုင်း မင်းဘူးခရိုင် ပွင့်ဖြူရှိ ကြီးအုံကြီးဝ ရေ လှောင် တမံတွင် ၇.၃၀ ပေ၊ ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြေပုံမြို့ရှိ တမန်ဒူး ရေလှောင်တမံတွင် ၄.၇၅ ပေ၊ ဧရာဝတီ ဟင်္သာတ ခရိုင် အင်္ဂပူမြို့ရှိ ကညင် ရေလှောင်တမံတွင် ၉.၈၀ ပေ အမြင့်ဆုံး ရေကျော် လျက်ရှိကြောင်း ဆည်မြောင်း ထုတ်ပြန်ချက်တွင် တွေ့ရှိရသည်။
မကွေးတိုင်း အတွင်း အခြေအနေနှင့် ပတ်သက်၍ တိုင်းဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေး မှူး ဦးသောင်းထိုက်က “ဆည်လေးတွေနားမှာ မိုးရေချိန်များများ ရွာတဲ့အတွက် ဝင်ရေများရင် ရေကျော်တာတွေ ရှိပေမယ့် တမံကြီးတွေ အနေနဲ့တော့ အခုအချိန်အထိ ရေပိုလွှဲကနေ လျှံဖို့ တော်တော် လိုပါသေးတယ်”ဟု ယမန်နေ့က ဧရာဝတီကို ပြောဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သည့် မကွေးတိုင်း၊ ပခုက္ကူ ကန်တော်ကျေးရွာရှိ ကန်တော်ဆည် ရေပိုလွှဲ ကျိုးပေါက် မှု နှင့် ပတ်သက်၍ မေးမြန်းရာ “သူက ဒေသက ထိန်းထားတဲ့ ဆည်လေးပါ။ ဌာနကလည်း လိုတာလေးတွေ ပြင်ပေးတာပေါ့။ ဒါပေမယ့် အချိန်တိုအတွင်းမှာ မိုးအများကြီးရွာတဲ့အခါ ရေကရုတ်တရက် ကြီးလာတော့ ရေကျော်မှုများပြီး ပျက်စီးမှုဖြစ်တာပါ”ဟု ၎င်းက ရှင်းပြသည်။
ဆက်လက်၍ ဦးသောင်းထိုက်က မကွေးတိုင်းအတွင်း ဌာနလက်အောက်ရှိ တမံ၊ ရေလွှဲဆည်ပေါင်း ၇၃ ခုရှိပြီး ရေလျှံဆည် များတွင် ရေကင်းများချထားပြီး အရေးပေါ်ပစ္စည်းများ စုဆောင်းထားကာ ထူးခြားမှုဖြစ်ပါက ချက်ချင်း ကာကွယ်နိုင်ရန် ကြိုတင် ပြင်ဆင် ထားသည်ဟုလည်း ဆိုသည်။
မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှု ဆက်လက် ဖြစ်နေဦးမည်ဆိုပါက ဆည်အောက်ဘက်ရှိ ကျေးရွာများအနေဖြင့် သ တိ ထားသင့်ပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသင့်ကြောင်း၊ အကယ်၍ ရေပိုလွှဲများ သတ်မှတ်နှုန်းထက် ရေကျော်မည် ဆိုပါက ဒေသခံလူထုကို အချိန်မီ ပြောင်းရွှေ့နိုင်ရေး အတွက် ပြင်ဆင် ဆောင်ရွက်ထားစေလိုကြောင်း မကွေး ဒေသခံများ က ပြောသည်။
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ)၏ ဇွန် ၁၂ ရက် နံနက် ၇ နာရီအချိန် ထုတ်ပြန်ချက်အရ ကပ္ပလီ ပင်လယ်ပြင် နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေအား အလွန်ကောင်းနေပြီး နောက် ၂ ရက်အထိ ဆက်လက် အား ကောင်းနေမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ ညနေအထိ ခန့်မှန်းချက်အရ တပြည်လုံးတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်း ဒေသကြီးများနှင့် ကချင်၊ ရှမ်း(မြောက်)၊ ချင်း၊ ရခိုင်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအ လိုက်နှင့် စစ်ကိုင်းတိုင်း အောက်ပိုင်း၊ တနင်္သာရီ၊ ရှမ်း(တောင်)နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း၊ ရွာရန် ရာနှုန်းပြည့် ဖြစ်ကြောင်း မိုး/ဇလ က ထုတ်ပြန်ထားသည်။