သတင်း

ခရီးသွားကဏ္ဍမြှင့်တင်ရန် အခက်အခဲရှိဟု ဒုသမ္မတပြော

Want create site? Find Free WordPress Themes and plugins.

အစိုးရက ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ဘဏ္ဍာငွေ လုံလောက်စွာ ခွဲဝေပေးရန် အခက်အခဲရှိနိုင်သဖြင့် ပုဂ္ဂလိကပိုင်းမှ ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူက နေပြည်တော်ရှိ MICC-2 ခန်းမတွင် ဇွန်လ ၁၂ ရက်နေ့က ပြုလုပ်သော မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကွန်ဖရင့် ၂၀၁၈ တွင် ပြောသည်။

“နိုင်ငံတော်အစိုးရအနေနဲ့ ကဏ္ဍစုံဖွံ့ဖြိုးရေးကို ဆောင်ရွက်နေရလို့ ခရီးသွားမြှင့်တင်ရေးအတွက် ဘဏ္ဍာငွေ ခွဲဝေချထားမှုပိုင်းမှာ လုံလောက်စွာ ခွဲဝေပေးဖို့ အခက်အခဲရှိနိုင်ပါတယ်။ ဒါကြောင့် ပုဂ္ဂလိကပိုင်းကလည်း မိမိတို့ ခရီးသွားလုပ်ငန်း တိုးတက်ဖို့ နားလည်မှုရှိရှိနဲ့ အချင်းချင်းပူးပေါင်း ညှိနှိုင်းအဖြေရှာကြဖို့ကိုလည်း တိုက်တွန်းလိုပါတယ်” ဟု အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌဖြစ်သည့် ဒုတိယသမ္မတဦးဟင်နီရီဗန်ထီးယူက ပြောသည်။

မြန်မာ့ခရီးသွားလုပ်ငန်း မြှင့်တင်ရန်အတွက် နိုင်ငံတကာ ခရီးသွားပြပွဲများတွင် ပိုမိုဝင်ရောက်ပြသနိုင်ရေးမှာ အလွန်အရေးပါပြီး ပါဝင်ပြသနိုင်ရေးအတွက် လုံလောက်သည့် ရန်ပုံငွေရရှိရေးမှာလည်း လိုအပ်ချက် တရပ်ဖြစ်နေကြောင်း၊ မြန်မာနိုင်ငံသို့ ခရီးသွား လည်ပတ်မှု အများဆုံးနိုင်ငံများမှာ အရှေ့နိုင်ငံများတွင် ထိုင်း၊ တရုတ်၊ ဂျပန်၊ ကိုရီးယားတို့ဖြစ်ပြီး အနောက်နိုင်ငံများတွင် အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီ အစရှိသည့် နိုင်ငံများဖြစ်ကြောင်း၊ ယင်းကဲ့သို့ လာရောက်မှု အများဆုံးဖြစ်သည့်နိုင်ငံများကို အထူးဦးတည်ကာ ခရီးသည်ပိုမိုလာရောက်လည်ပတ်ရေးအတွက် ပိုမိုကြိုးပမ်းရန်လိုနေပြီဖြစ်ကြောင်း သိရသည်။

“ ဒီနိုင်ငံဟာ လည်ပတ်ချင်စရာကောင်းတဲ့ ခရီးစဉ်ဒေသ တခုဖြစ်တယ်ဆိုတာကို ပိုမိုကြော်ငြာသွားဖို့ လိုအပ်ပါတယ်။ အခြားတဖက်မှာလည်း ကျနော်တို့ နိုင်ငံရဲ့ ဟိုတယ်အခန်းခတွေနဲ့ သယ်ယူပို့ဆောင်ရေး ဈေးနှုန်းတွေဟာ နိုင်ငံတကာဈေးနှုန်းများထက် မပိုစေဘဲ လိုက်လျောညီထွေဖြစ်စေရမှာဖြစ်ပြီး ဧည့်သည်တွေပေးရတဲ့ တန်ကြေးနဲ့ ကိုယ့်ဘက်က ပြန်ပေးတဲ့ ဝန်ဆောင်မှုတွေဟာ အမှန်တကယ်ထိုက်တန်ဖို့ ( Value for Money) ဖြစ်ဖို့ အလွန်အရေးကြီးပါတယ်” ဟု ဒုတိယသမ္မတက ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် အနောက်နိုင်ငံများမှ ခရီးသည်ဝင်ရောက်မှု နည်းနေသော်လည်း အာဆီယံ ၃ နိုင်ငံများဖြစ်သော ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနိုင်ငံများမှ ဧည့်သည်ဝင်ရောက်မှု ပိုမိုတိုးတက်စေရန်အတွက် ဗီဇာစနစ်များ ဖြေလျှော့ရေး ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ထို့ပြင် ခရီးသွားလုပ်ငန်းများအကျိုးရှိစေရေးအတွက် လိုအပ်သော မူဝါဒများချမှတ်ရန်နှင့် အချို့သောအခြေအနေများကို ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း သိရသည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသက်လွင်တိုးကလည်း “ ကိုယ့်လူမျိုးတွေ ဘယ်လောက် အလုပ်ရမလဲ ဒါကိုလည်း စဉ်းစားဖို့လိုမယ်။ မူဝါဒတွေ ချမှတ်ဖို့လိုပါလိမ့်မယ်။ တရုတ်ကတော့ Visa on arrival အနေနဲ့ပေးမယ်။ ဒါလည်း package tour အနေနဲ့ ပေးမယ်ဆိုရင် Tour ကုမ္ပဏီတွေ အလုပ်ရမယ်။ Guide တွေ အလုပ်ရမယ်။ ကိုယ်နဲ့ ချိတ်ဆက်ထားတဲ့ စားသောက်ဆိုင်၊ ဟော်တယ်၊ ဆံပင်ညှပ်ဆိုင်တွေ အလုပ်ဖြစ်မယ်။ အဲဒီလိုမဟုတ်ဘဲ ဒီအတိုင်းပဲဖွင့်ပေးလိုက်မယ်ဆိုရင်တော့ ထိုင်းတို့ ၊ ကမ္ဘောဒီယားတို့ဖြစ်စဉ်တွေကို ပြန်လည်လေ့လာဖို့လိုပါလိမ့်မယ်”ဟု ပြောသည်။

မြန်မာနိုင်ငံအနေသို့ ပထမလေးလပတ်အတွင်း ခရီးသည်ဝင်ရောက်မှုမှာ ကျေနပ်အားရမှု မရှိသဖြင့် လာမည့်ပွင့်လင်းရာသီတွင် ပိုမို အားစိုက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အရှေ့နိုင်ငံခရီးသည်များ ပိုမိုလာရောက်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။

အာဆီယံဒေသတွင်း အပြန်အလှန်လည်ပတ်သည့် ခရီးသွားဧည့်သည် (Intra ASEAN Travel ) မှာ ၄၂ ရာခိုင်နှုန်း အထိရှိနေသည့်အတွက် ဒေသတွင်းနိုင်ငံများမှ ခရီးသွားဧည့်သည်များကိုလည်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဆွဲဆောင်မှုများပိုမိုပြုလုပ်သင့်ကြောင်း ဦသက်လွင်တိုးက ပြောကြားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ကိစ္စရပ်များနှင့့် ပတ်သက်ပြီး ကမ္ဘာအနှံ့သို့ သတင်းအမှားများကျယ်ပြန့်စွာ ပျံ့နှံ့ခဲ့သည့်အတွက် မြန်မာနိုင်ငံသို့ အနောက်နိုင်ငံများမှ ခရီးသွားဝင်ရောက်မှု အနည်းငယ်ကျဆင်းသွားသည်ကို တွေ့ရသည့်အတွက် သတင်းအမှန်များ သိရှိနိုင်ရန် ဆောင်ရွက်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးတင့်သွင်က ပြောကြားသည်။

“နိုင်ငံတကာကိုလှည့်ပြီးသွားလာနေတဲ့ ခရီးသွားပြပွဲတွေမှာ ရှင်းလင်းတင်ပြတာတွေလုပ်သလို သက်ဆိုင်ရာဝန်ကြီးဌာနဝက်ဘ်ဆိုက်၊ ပုဂ္ဂလိကကုမ္ပဏီတွေရဲ့ ဝက်ဘ်ဆိုက်အသီးသီးက ဒါတွေကို တင်ပြနေပါတယ်။ ထိရောက်တဲ့ လုပ်ဆောင်ချက်မဟုတ်ပေမယ့် အတိုင်းအတာတခုအထိတော့ မြန်မာနိုင်ငံအကြောင်းကို သတင်းမှန်တွေသိအောင် ဆောင်ရွက်လျှက်ရှိပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံသို့ ပြည်ပခရီးသည်ဝင်ရောက်မှုသည် ၂၀၁၇ ခုနှစ်တွင် ၃ ဒသမ ၄ သန်းကျော်ရှိခဲ့ကြောင်း၊၂၀၁၈ ခုနှစ် ပထမလေးလပတ်တွင် ၁ ဒသမ၂ သန်း ဝင်ရောက်ခဲ့ပြီး နောက်ထပ် ခရီးသည် သုံးသန်းခွဲမှ လေးသန်းအကြားဝင်ရောက်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading