သတင်း

၆ လကြာ ဖမ်းဆီးခံနေရမှု နစ်နာသည်ဟု Reuters သတင်းထောက်များ ပြော

Want create site? Find Free WordPress Themes and plugins.

အကျဉ်းထောင်တွင်း ဖမ်းဆီး ထိန်းသိမ်းခံရပြီး အမှုရင်ဆိုင်နေရသည်မှာ ၆ လ ပြည့်ပြီဖြစ်သည့် အတွက် များစွာ နစ်နာရ ကြောင်း Reuters သတင်းထောက်များက ယနေ့ ရုံးချိန်းတွင် ပြောဆိုသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာ အနီး လူသတ်မှုအား ဖော်ထုတ်ရန် ကြိုးပမ်းခဲ့သည့် Reuters သတင်းထောက်များ ဖြစ်သော ကိုဝလုံးနှင့် ကိုကျော်စိုးဦး အနေ ဖြင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက် ညပိုင်းက ရခိုင် အရေး လျှို့ဝှက် စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိသည်ဟု ဆိုကာ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃(၁)(ဂ) ဖြင့် ဖမ်းဆီး တရားစွဲဆို ခံနေရခြင်း ဖြစ်သည်။

ကိုကျော်စိုးဦးက “ကျနော်တို့ အရမ်းကို နစ်နာပါတယ်။ ဒီနေ့လည်း တရားလိုဘက်က သက်သေမလာဘူး။ အမှုကို မကြာ ကြာအောင် လုပ်နေသလိုပါပဲ။ ကျနော်တို့ ဆက်လက်လုပ်ရမယ့် အလုပ်တွေကို လုပ်လို့ မရဘူး။ အကျဉ်းစံဘဝနဲ့ နေနေ ရပါတယ်” ဟုပြောသည်။

စတင် ဖမ်းဆီးချိန်မှ ယနေ့ ၆ လပြည့်သည် အထိ တရားလိုသက်သေ ၂၅ ဦးရှိသည့် အနက် ၂ ဦးအား ပြန်လည် ပယ်ဖျက် ခဲ့ပြီး ၂၁ ဦးကို စစ်ဆေးပြီးစီးခဲ့ပြီ ဖြစ်သည့် အတွက် ဆက်လက် စစ်ဆေးရန် တရားလိုပြ သက်သေ ၂ ဦးသာ ကျန်ရှိတော့ ကြောင်း သိရသည်။

ကိုဝလုံးကလည်း “၆ လဆိုတဲ့အချိန်က အရမ်းကြာပါတယ်။ ဒါပေမယ့် ကျနော်တို့ စိတ်ဓာတ်မကျပါဘူး၊ ဘယ်လောက် ပဲ ထောင်ထဲမှာ ထားထား ကျနော်တို့ကို ဖျက်ဆီးလို့မရဘူး။ ကျနော်သည် အမြဲတမ်း သတင်းသမား တယောက်ပဲ ဖြစ် နေ မှာပါ” ဟု ပြောသည်။
စတင် ဖမ်းဆီးခံရပြီး အောင်သပြေ စစ်ကြောရေး စခန်း၌ ထိန်းသိမ်းထားစဉ်တွင်လည်း ၃ ရက် ဆက်တိုက် ၂ နာရီခြား တကြိမ် စစ်ဆေးခံခဲ့ရသည့် အပြင် နာရီပေါင်းများစွာ ဒူးထောက်ခိုင်းကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဖမ်းဆီးခံ သတင်း ထောက်နှစ်ဦးက ပြောပြသည်။

၎င်းတို့ အနေနှင့် အောင်သပြေ စစ်ကြောရေး စခန်းတွင် ရှိနေစဉ် မိသားစုဝင်များ၊ ရှေ့နေများနှင့် တွေ့ဆုံခွင့်လည်း မရရှိခဲ့ ကြောင်း သိရသည်။

ကိုဝလုံး၏ ဇနီးဖြစ်သူ မပန်းအိမွန်က “အမြန်ဆုံး လွှတ်စေချင်နေပြီ။ သူတို့ ဘာအမှားမှ မလုပ်ထားဘူး။ မိသားစု အနေနဲ့က ပြောမပြ တတ်တော့ဘူး။ ကိုယ်တိုင် တွေ့ကြုံဖူးမှ နားလည်နိုင်မှာပါ။ သူတို့စပျောက်သွားထဲက ရှာခဲ့တာပဲ။ ထောက်ကြံ့ စခန်းကို သွားရှာခဲ့တယ်။ အဲ့ဒီမှာ လုံးဝမတွေ့ခဲ့ဘူး အဲ့ဒီမှာမရှိဘူး” ဟု ပြောသည်။

ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး ကိုကျော်စိုးဦး၏ ဇနီးဖြစ်သူ မချစ်စုဝင်းကလည်း ကိုကျော်ဏီးဦး အနေနဲ့ ထောင်ထဲမှာ မနေချင်တော့ ကြောင်း၊ သမီးဖြစ်သူကို အမြဲသတိရနေကြောင်းနှင့် သူတို့ အမြန်ဆုံး လွတ်မြောက်ရန်လည်း ယုံကြည် ထားကြောင်း ပြန်လည် ပြောပြသည်။

တရားလိုပြ သက်သေ ၂၁ ဦး စစ်ဆေးပြီးချိန်တွင် တင်ပြလာသည့် သက်သေခံ အထောက်အထားများသည် ရခိုင် အရေး နှင့် ပတ်သက်သည့် ကိစ္စရပ်များသာ ဖြစ်ပြီး သတင်းထောက်နှစ်ဦး ဖုန်းထဲမှ ရရှိသည့် အချက်အလက်များ ဟု ဆိုကာ မှုခင်း တပ်ဖွဲ့လ (CID) ကတင်ပြသည့် စာရွက်စာတမ်းသည်လည်း အများပြည်သူ သိရှိပြီး စာရွက်စာတမ်းများ သာ ဖြစ်ကြောင်း Reuters ရှေ့နေ ဦးသန်းဇော်အောင် က ရှင်းပြသည်။

ဦးသန်းဇော်အောင်က “ စာရွက်စာတမ်းတွေ တွေ့ပါတယ်ဆိုပြီး တည်လာတယ်။ ဒုရဲမုှူး မိုးရန်နိုင်ထွက်ဆိုပြီးမှ နောက် ပိုင်း CID က ဖုန်းထဲကနေ ထိပ်တန်းလျှို့ဝှက်ချက် စာရွက်တွေမိပါတယ် ဆိုပြီး လုပ်လာတယ်။ တရားစွဲ အဖွဲ့အစည်း ဘက်က ရေပက်မဝင်အောင် အစီအစဉ်တကျနဲ့ စီမံနေတဲ့ သဘောရှိတယ်။ ဒီအမှုကို မငြိငြိအောင် စွပ်စွဲချင်တဲ့ သဘောရှိတယ်။ လက်နက်ကိုင် အဖွဲ့တွေရဲ့ စီမံချက်တွေ၊ အနာဂတ် အစီအစဉ်တွေ တခုမှမပါဘူး” ဟု ပြောသည်။

အမှုတွင် တရားလိုပြသက်သေအဖြစ် ဆက်လက် စစ်ဆေးရန် CID မှ ရဲမှူး တင်ဝင်းမောင်နှင့် တပ်ကြပ်ကြီး ခင်မောင် လင်း တို့သာ ကျန်ရှိပြီး ယနေ့ရုံးချိန်းတွင် ရဲမှူး တင်ဝင်းမောင်အနေဖြင့် သက်သေထွက်ဆိုပေးရန် တရားရုံးသို့ လာရောက် ခြင်း မရှိခဲ့ပေ။

ရဲမှူး တင်ဝင်းမောင် အနေဖြင့် ယနေ့တွင် ပြည်မြို့နယ်တရားရုံး၌ အမှုနှစ်မှုအား အပြီးသတ် ထွက်ဆိုပေးရန် ရှိသည့် အတွက် မလာရောက်နိုင်ခြင်း ဖြစ်ကြောင်း တရားလို ရဲအရာရှိက တရားရုံးသို့ တင်ပြခဲ့သည်။

တရားလို သက်သေဖြစ်သည့် တပ်ကြပ်ကြီး ခင်မောင်လင်းသည် အမှုတွင် သတင်းထောက်များနှင့် ပတ်သက်ခဲ့သည် ဟုဆိုကာ ရဲတပ်ဖွဲ့မှ ထုတ်ပယ်ခံထားရသူ ဖြစ်ပြီး ၎င်းအနေဖြင့် သက်သေ ထွက်ဆိုပေးနိုင်ခြင်း ရှိမရှိ သေချာစွာမသိရ ပေ။

အမှုနှင့်ပတ်သက်ပြီး ဆက်လက် စစ်ဆေးရန် ဇွန်လ ၁၈ ရက်ကို ထပ်မံချိန်းဆိုထားပြီး CID မှ ရဲမှူး တင်ဝင်းမောင်ကို စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

Reuters သတင်းထောက် နှစ်ဦး ဖော်ထုတ်ရေးသားခဲ့သည့် အင်းဒင်ကျေးရွာအနီး ဘင်္ဂါလီ ၁၀ ဦးအား သတ်ဖြတ်မှု တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်ခဲ့ကြောင်း တပ်မတော်က ဝန်ခံခဲ့ပြီး ပါဝင်ပတ်သက်ခဲ့သည့် လုံခြုံရေး တပ်ဖွဲ့ဝင် ၇ ဦးကို လည်း နယ်ဘက် အကျဉ်းထောင်တွင် ထောင်ဒဏ် ၁၀ နှစ်စီကျခံစေရန် ပြစ်ဒဏ် ချခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading