မဲဆွယ်အပြုံးအမည်ရ သရော်စာ ဖော်ပြသည့်အတွက် တနင်္သာရီ အပတ်စဉ် ဂျာနယ်အား တနင်္သာရီတိုင်း အစိုးရအဖွဲ့က တရားစွဲဆိုထားသည့် အမှုအား ချေဖျက်ပေးရန် ယနေ့ အပြီးသတ် လျှောက်လဲချက် တင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ချေဖျက်ပေးရန် တနင်္သာရီတိုင်း ဒေသကြီး တရားလွှတ်တော်သို့ ပြီးခဲ့သည့် မေ ၂၁ ရက်က တင်ခဲ့ရာ လက်ခံခဲ့ပြီး နောက် ယနေ့တွင် နှစ်ဖက် လျှောက်လဲချက် ပေးကြခြင်း ဖြစ်ကြောင်း ယင်းဂျာနယ်ဘက်မှ လိုက်ပါ ဆောင်ရွက်ပေး နေ သည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ဇာနည်စိုး က ဧရာဝတီကို ပြောသည်။
“ချေဖျက်တယ်ဆိုရင် မြို့နယ်တရားရုံးမှာ စွဲထားတဲ့အမှုက တခါတည်းပြီးသွားမှာ။ ဆက်ပြီး စစ်ဆေးစရာ မလိုတော့ဘူး။ မချေဖျက်ခဲ့ရင်တော့ မြို့နယ်တရားရုံးမှာ ရောက်ရှိတဲ့ အဆင့်ကနေ ဆက်လက်စစ်ဆေးရမှာ” ဟု ၎င်းက ဆိုသည်။
တနင်္သာရီ အပတ်စဉ်တွင် ဖော်ပြခဲ့သည့် ကလောင်ရှင် မူးဆေးအိုး၏ “မဲဆွယ်အပြုံး” ခေါင်းစဉ်ဖြင့် ရေးသားသည့် သရော်စာသည် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည် ဟုဆိုကာ အရေးယူပေးရန် ၂၀၁၇ နိုဝင်ဘာ ၂၃ တွင် တိုင်းအစိုးရ အဖွဲ့ရုံး ဒု ညွှန်ကြားရေးမှူးက ထားဝယ်မြို့နယ် တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့ပြီး သတင်း မီဒီယာ ဥပဒေ ပုဒ်မ ၂၅(ခ)ဖြင့် တရားစွဲဆိုသွားရန် မြို့နယ်တရားရုံးက ဒီဇင်ဘာ ၂၁ ရက်တွင် ဆုံးဖြတ်ခဲ့သည်။
အဆိုပါ အမှုကို မြို့နယ် တရားရုံးတွင် ၁၄ ကြိမ်မြောက်ရုံးချိန်း စစ်ဆေးပြီးချိန်၌ စွပ်စွဲခံရသည့် တနင်္သာရီဂျာနယ်ဘက်က အမှုချေဖျက်(ပယ်ဖျက်)ပေးရန် တိုင်းတရား လွှတ်တော်ကို လျှောက်ထားခဲ့ခြင်း ဖြစ်သည်။
တိုင်းတရားလွှတ်တော်က ယင်းအမှုကို ချေဖျက်မည်၊ မဖျက်မည် ဆုံးဖြတ် အမိန့်ချရန် ပုံမှန်အားဖြင့် ရက်သတ္တ၂ ပတ် မှ ၄ ပတ်အထိ ကြာမြင့်လေ့ရှိပြီး ယခုအမှုတွင် အချိန်မည်မျှကြာမည်ကို အတိအကျမပြောနိုင်ကြောင်း ဦးအောင်ဇာနည်စိုး က ပြောသည်။
တနင်္သာရီ အပတ်စဉ်ပါ သရော်စာရေးသားချက်သည် အခြေခံဥပဒေပုဒ်မ ၃၅၄(က)၊ သတင်းမီဒီယာ ဥပဒေပုဒ်မ ၄(က) အရ လွတ်လပ်စွာ ထုတ်ဖော် ရေးသားခွင့် ပေးထားချက်အရ ရေးသားခြင်းဖြစ်ကြောင်း၊ သရော်စာသည် ဟာသစာပေ အမျိုးအစား ဖြစ်ပြီး မည်သည့်ပုဂ္ဂိုလ်၊ ဒေသဟူ၍ ဖော်ညွှန်းထားခြင်း မရှိကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် တနင်္သာရီ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့သည် ပုဂ္ဂလိကအဖွဲ့ အစည်းမဟုတ်ဘဲ အများပြည်သူနှင့် စပ်ဆိုင်သည်ဖြစ်၍ သတင်းမီဒီယာ ဥပဒေပုဒ်မ ၉(ဆ)ပါ ပြဋ္ဌာန်းချက်များနှင့် ကင်းလွတ်နေသည့် အတွက် ပြန်လည် သုံးသပ်ရန် လျှောက်ထား ခဲ့ခြင်း ဖြစ်ကြောင်းလည်း ဦးအောင်ဇာနည်စိုးက ရှင်းပြသည်။
သတင်းမီဒီယာ ဥပဒေပုဒ်မ ၉(ဆ)၌ အများပြည်သူ၏ အကျိုးစီးပွားနှင့် ဆက်စပ်သည့် သတင်း ရေးသားခြင်းမျိုးမဟုတ် လျှင် ပုဂ္ဂိုလ်တဦး၊ အဖွဲ့အစည်းတခု၏ ဂုဏ်သိက္ခာကို တမင် ထိခိုက်စေသော အရေးအသားနှင့် လူ့အခွင့်အရေးကို ထိခိုက် စေသော အရေးအသားမျိုးဖော်ပြခြင်းမှ ရှောင်ကြဉ်ခြင်း ဟု ပြဋ္ဌာန်းထားသည်။
ဦးအောင်ဇာနည်စိုးက “တိုင်း တရားလွှတ်တော်ကတော့ ဥပဒေနှင့်အညီ အကောင်းဆုံးကို ဆုံးဖြတ်ပေးမယ်လို့ ယုံကြည် တယ်” ဟု ပြောသည်။
တိုင်းအစိုးရက တနင်္သာရီအပတ်စဉ်ဂျာနယ်သည် မီဒီယာကျင့်ဝတ် မလိုက်နာ၍ဟူသော အကြောင်းပြချက်ဖြင့် တာဝန်ခံ အယ်ဒီတာအား တရားစွဲဆိုခြင်းဖြစ်ကြောင်း တရားလိုဖြစ်သူ တိုင်းအစိုးရအဖွဲ့ရုံး ဒု ညွှန်ကြားရေးမှူး ဦးအေးလူက ဖေဖော် ဝါရီ ၂၆ ရက် အမှု ၈ ကြိမ်မြောက် ရုံးချိန်းအပြီး ဧရာဝတီကို ပြောဆိုထားသည်။
ယင်းဂျာနယ်မှာ တနင်္သာရီတိုင်း အခြေစိုက်ဖြန့်ဝေသည့် ဂျာနယ်တခုဖြစ်ပြီး တနင်္သာရီတိုင်းတွင် NLD အစိုးရလက်ထက် အတွင်း သတင်းမီဒီယာကို ပထမဆုံး တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။