သတင်း

မြန်မာပြည်က စိတ်ကြွဆေးများ နယူးဇီလန် ရောက်ပြီ

Want create site? Find Free WordPress Themes and plugins.

တရားဥပဒေကင်းမဲ့နေသော မြန်မာနိုင်ငံအရှေ့ဘက်ခြမ်း တောတောင်များရှိ လက်နက်ကိုင်များနှင့် ပြည်ပ လူဆိုးဂိုဏ်းများသည် သန့်စင်မှုမြင့်မားသည် မက်သာဖက်တမင်း ပုံဆောင်ခဲများကို မကြုံစဖူး များပြားသော အတိုင်းအတာအထိ အလျှင်အမြန် ထုတ်လုပ်နေကြပြီး ထိုမူးယစ်ဆေးပြားများကို နယူးဇီလန်လမ်းမများပေါ်တွင်အထိပါ တွေ့လာရပြီဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားလိုက်သည်။

မြန်မာ အုပ်ချုပ်ရေးအာဏာပိုင်များနှင့် လုံခြုံရေး စစ်ဘက် အာဏာပိုင်များက (လာဘ်အကြီးအကျယ်ယူ၍) မသိဟန်ပြုထားပြီး အများအားဖြင့် ပြည်သူ့စစ်များက အကူအညီဖြင့်လုပ်ဆောင်နေပြီး ကမ္ဘာ့အဆင့်မီ ဓါတုဗေဒ ပညာရှင်များကို ငှားရမ်း အသုံးပြုနေသော အဆင့်မြင့် မက်သာဖက်တမင်း ဓါတ်ခွဲခန်းများနှင့် စက်ရုံများသည် တောင်တန်းများ၊ တောနက်ကြီးများတွင် လုံလုံခြုံခြုံတည်ရှိနေပြီး တနှစ်လျှင် အမေရိကန်ဒေါ်လာ ဘီလျှံ ၄၀ ဝင်ငွေရှိ ဒေသတွင်း မူးယစ်ဆေးဝါး စီးပွားရေးကို မောင်းနှင်နေကြသည်။

မကြာသေးမီလများအတွင် သြစတြေးလျ၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံများမှ ဒေါ်လာ ဘီလီယံချီတန်သည့် စံချိန်တင် မူးယစ်ဆေးဝါးဖမ်းဆီးမှုများတွင် ရာဇဝတ်ဂိုဏ်းများက ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိမည့် မူးယစ်ဆေး တန်နှင့်ချီပါဝင်နေသောကြောင့် ကုလသမဂ္ဂ အနေဖြင့် အကျပ်အတည်း ကျရောက်နေသော မြန်မာနိုင်ငံနှင့် ရွှေတြိဂံဒေသမှ အခြားနိုင်ငံများအနေဖြင့် အကျယ်အပြန့်ဖြစ်ပေါ်နေသော မူးယစ်မှောင်ခိုလုပ်ငန်းကို ဖြိုခွင်းရာတွင် အထောက်အကူဖြစ်စေရန် နိုင်ငံရေး ဖိအားတိုးမြှင့်နေရသည်။

“အရည်အသွေး အရမ်းမြင့်မားတဲ့ မက်သာဖက်တမင်း ပုံဆောင်ခဲတွေ မြန်မာနိုင်ငံမှာ အကြီးအကျယ် ထုတ်လုပ်နေတာကို ကျနော်တို့တွေ့နေရတယ်။ ဒီလိုထုတ်လုပ်ဖို့တွန်းအားပေးတာ ဒါမှမဟုတ် အလွန်အကျွံ ထုတ်လုပ်နေတာဟာ သြစတြေးလျနဲ့ နယူးဇီလန်အပါအဝင် ဒေသတွင်းမှာ ဝယ်လိုအားမြင့်မားနေလို့ဖြစ်တယ်။ သြစတြေးလျနဲ့ နယူးဇီလန်မှာဆိုရင် မက်သာဖက်တမင်းပုံဆောင်ခဲဈေးဟာ ကမ္ဘာမှာ အမြင့်ဆုံးဖြစ်နေတယ်” ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး UNDOC ၏ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကိုယ်စားလှယ် ဂျရမီ ဒေါက်ဂလပ်စ်က ပြောသည်။

လွန်ခဲ့သော ၃ နှစ်အတွင်း မြန်မာနိုင်ငံ အရှေ့ပိုင်း အထူးသဖြင့် ပြည်သူ့စစ် ခေါ် လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများ ထိန်းချုပ်နယ်မြေအတွင်း လှုပ်ရှားနေသည့် ပြည်ပဂိုဏ်းများ၏ မက်သာဖက်တမင်း ထုတ်လုပ်မှုသည် အကြီးအကျယ် မြင့်တက်လာသည်ဟုလည်း ဘန်ကောက်အခြေစိုက် ဂျရမီက ပြောသည်။ (အထူးသဖြင့် တာချီလိတ်မြို့အနီး အခြေစိုက်သော လားဟူ ပြည်သူ့စစ်များသည် ဒေသခံ တပ်မတော် တိုင်းမှူးများကို အကြီးအကျယ် လာဘ်ပေးကာ ထုတ်လုပ်နေခဲ့ကြသည်။)

နယူးဇီလန်တွင် P ဟု ခေါ်ကြသော မက်သာဖက်တမင်းကို ထုံးစံအားဖြင့် အအေးမိချောင်းဆိုး ကုထုံးတွင် အသုံးပြုသော ဆူဒိုအဖီဒရင်းနှင့် အဖီဒရင်းများအား အသုံးပြုထုတ်လုပ်သည်။ မူယစ်ဆေးထုတ်လုပ်ရာတွင် အသုံးပြုသော ဓါတုပစ္စည်း အမြောက်အမြားကို အထူးသဖြင့် တရုတ်နှင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှ မြန်မာနိုင်ငံတွင်းသို့ မှောင်ခိုတင်သွင်းသည်ဟု ဆိုသည်။

၎င်းတို့ကို မက်သာဖက်တမင်း ပုံဆောင်ခဲအဖြစ် ပေါင်းစပ်ထုတ်လုပ်ပြီးသောအခါ ထွက်ပေါက်များစွာ ရှိနေသော မြန်မာနိုင်ငံနယ်စပ်များမှ မှောင်ခိုထုတ်ကြပြီး အရှေ့တောင်အာရှမှ အခြေခိုင်ပြီးဖြစ်သော ဂိုဏ်းဖွဲ့ ရာဇဝတ် ကွန်ယက်များသို့ ပေးပို့ကြသည်။ ထိုနောက် မက်သာဖက်တမင်းများကို ဒေသတွင်းတွင် ဖြန့်ဖြူးရန် ထုတ်ပိုးကြသည်ဟု ကျွမ်းကျင်သူများက ပြောသည်။

ထို့နောက် Head Hunters နှင့် Comancheros တို့ကဲ့သော ဂိုဏ်းများနှင့် ချိတ်ဆက်ပြီးနောက် ထိုဂိုဏ်းများက နယူးဇီလန်သို့ ပုံဆောင်ခဲ၊ အမှုန့်နှင့် အရည် ပုံစံတမျိုးမျိုးနှင့် ရောက်ရှိလာသော မက်သာဖက်တမင်း များကို လမ်းမများတွင် ဖြန့်ချိရန် ပြင်ဆင်ထုတ်ပိုးသည်ဟုလည်း အကောက်အခွန်အရာရှိများက ဆိုသည်။ လူဆိုးဂိုဏ်းများသည် ကြားခံလူများကို အဆက်ဖြတ်ပြီး အကျိုးအမြတ်များကို ပိုမိုရရှိရန် မက်သာဖက်တမင်း မှောင်ခိုလုပ်ငန်းအတွင်း ပါဝင်ရန် စိတ်အားထက်သန်နေသည်လည်း ယူဆရသည်။

လွန်ခဲ့သော နှစ်က မက်သာဖက်တမင်း ၄၁၇.၈ ကီလိုဂရမ်ကို နယူးဇီလန် အကောက်ခွန်အရာရှိများက နယ်စပ်တွင်ဖမ်းမိခဲ့သည်။ ထိုပမာဏသည် လွန်ခဲ့သော ၅ နှစ်အတွင်း အကောက်ခွန်ဌာနက ဖမ်းမိသော မက်သာဖက်တမင်းပမာဏ ၂၀၀၀ ရာခိုင်နှုန်းတိုးတက်လာခြင်းဖြစ်သည်။

ကိုကိန်းနှင့် စိတ်ကြွဆေးမြေအောက်လောက ထူထောင်ရန် အားထုတ်မှုများကို တွေ့နေရသော်လည်း မက်သာဖက်တမင်းသည်သာ နယူးဇီလန်တွင် လူကြိုက်အများဆုံး မူးယစ်ဆေးဖြစ်ကြောင်း တွေ့နေရသည်ဟု အကောက်အခွန်နှင့် ရဲတပ်ဖွဲ့က ပြောသည်။

မကြာသေးမီကထိ မက်သာဖက်တမင်းအများစုကို မြောက်အာရှ၊ အထူးသဖြင့် တရုတ်မှ လာသည်။ ယခုအခါတွင်မူ နိုင်ငံတကာဈေးကွက်နှင့် နယူးဇီလန်မြေအောက်လောကသို့ အလုံးအရင်းဖြင့် ပံ့ပိုးပေးသည်မှာ မြန်မာနိုင်ငံ၏ကြီးထွားလာသော မူးယစ်ဆေးထုတ်လုပ်သူများဖြစ်လာသည်။

“အဲဒီဒေသက များပြားတဲ့မူးယစ်ဆေးတွေ သြစတြေးလျနဲ့ နယူးဇီလန်ကိုရောက်လာတာ ကျနော်တို့တွေ့နေရတယ်” ဟုလည်း အကောက်အခွန်ဌာနမှ ထောက်လှမ်းရေး၊ စုံစမ်းစစ်ဆေးရေးနှင့် ဥပဒေစိုးမိုးရေး အုပ်စုမန်နေဂျာ ဂျမီ ဘမ်းဖို့ဒ်ကပြောသည်။

မူးယစ်မှောင်ခိုလုပ်ငန်းသည် ပမာဏ အနည်းငယ်ကို အကြိမ်များစွာ မှောင်ခိုသွင်းသည့်စနစ်မှ အကြိမ် အနည်းငယ်နှင့် ပမာဏ အများအပြား တင်သွင်းသည့် စနစ်သို့ပြောင်းလာသည်ကို တွေ့ရသည်ဟု မူးယစ်ထောက်လှမ်းရေးဌာနက အတည်ပြုပြောကြားသည်။

“နယူးဇီလန်ကို မူးယစ်ဆေး အလုံးအရင်းနဲ့တင်သွင်းဖို့လုပ်လာတာတွေကို တွေ့လာရတယ်။ ကျနော်တို့ရဲ့ ရန်သူတွေက တော်တော်လည်လာပြီး အခြေအနေကို လိုက်ပြီး ပြောင်းလဲတာလည်း မြန်တယ်။ သူတို့ ပစ္စည်းပို့တဲ့နည်းလမ်းကို ပြောင်းလဲ လုပ်ဆောင်လာကြတယ်” ဟုလည်း ဘမ်းဖို့ဒ်က ဆိုသည်။

“မက်သာဖက်တမင်းတွေက ကုန်သေတ္တာနဲ့လည်းလာတယ်။ သင်္ဘောအသေးစားတွေ၊ လေကြောင်းကုန်စည်တွေ၊ စာတိုက်ကနေ၊ ကြေးစား သယ်ယူပို့ဆောင်သူတွေဆီကနေလည်း လာတယ်” ဟု သူက ဆက်ပြောသည်။

ပိုမိုကြီးမားသော သြစတြေးလျ ဈေးကွက်သို့ပို့ရန် နယူးဇီလန်ကို အခြေစိုက်စခန်းအဖြစ် သုံးသည် သို့မဟုတ် သြစတြေးလျမှ နယူးဇီလန်သို့ တင်ပို့သည်ဟု အချို့သော ကျွမ်းကျင်သူများက ယူဆကြသော်လည်း ဘမ်းဖို့ဒ်ကမူ နှစ်နိုင်ငံအကြားပင်လယ်ကို ဖြတ်သန်းပြီး သယ်ဆောင်ရန် လမ်းကြောင်းများများ မရှိနိုင်ဟု ဘမ်းဖို့ဒ်က ယူဆသည်။

နယူးဇီလန် ရဲတပ်ဖွဲ့နှင့် အကောက်ခွန်ဌာန ၂ ခုလုံးတို့သည် ဘန်ကောက်နှင့် အခြားအရေးပါသော နေရာများတွင် ဆက်သွယ်ရေးအရာရှိများ ထားရှိပြီး ထိုနိုင်ငံများအတွင်းရှိ နိုင်ငံတကာလုပ်ဖေါ်ကိုင်ဖက်များ၊ ရဲတပ်ဖွဲ့၊ နိုင်ငံတကာရဲတပ်ဖွဲ့- Interpol ၊ မူးယစ်ထောက်လှမ်းရေးများနှင့် နယ်ခြားစောင့်တပ်များတို့ဖြင့် ပူးပေါင်းဆောင်ရွက်နေသည်။

မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်ရေးလမ်းကြောင်းကို ဖြတ်တောက်နိုင်ရေး သော့ချက်မှာ ခိုင်မာသော ပြည်တွင်းနှင့် နိုင်ငံတကာ ကွန်ယက်များ အပေါ် မူတည်သည်ဟု နယူးဇီလန် ရဲတပ်ဖွဲ့ပြောခွင့်ရသူ အမျိုးသမီးက ဆိုသည်။

“ခိုင်မာတဲ့ကွန်ယက်တွေရှိလာတော့ ရဲနဲ့ အကောက်အခွန်အရာရှိတွေဟာ နိုင်ငံထဲကို ဝင်လာတဲ့ တရားမဝင်မူးယစ်ဆေးတွေကို ဟန့်တားနိုင်ကြတယ်။ အကျိုးအမြတ်အတွက် သယ်ဆောင်လာသူတွေကို အရေးယူလာနိုင်တယ်။ ဒါပေမယ့် ကျေနပ်ရောင့်ရဲနေခြင်းဟာ ကျမတို့ရဲ့ရန်သူပဲ။ ပြောင်းလဲနေတဲ့အခြေအနေနဲ့ ရင်ဘောင်တန်းနိုင်အောင် ခိုင်မာတဲ့ ပြည်တွင်းပြည်ပ ကွန်ယက်တွေကို မှီခိုအားထားတယ်” ဟုလည်း ထိုပြောခွင့်ရသူက ဆက်လက်ပြောကြားသည်။

ဒေါက်ဂလပ်သည် သံရုံးနှင့် နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန အရာရှိများနှင့်အတူ နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ပွဲအတွက် တာဝန်ရှိသော ပြည်ပတွင် တာဝန်ချထားခံရသည့် နယူးဇီလန် ဝန်ထမ်းများနှင့် မကြာခဏ ထိတွေ့ဆက်ဆံရသည်။

သို့သော် ၎င်းတို့သည်လည်း အလုပ်တာဝန်များပိနေပြီး အထူးသဖြင့် အကျပ်အတည်းကြား ရှုပ်ထွေး သွေးကွဲနေသည့် လူဦးရေ ၅၁ သန်းရှိသည့် မြန်မာနိုင်ငံရှိ အမဲရောင်နယ်မြေများကို ထိန်းချုပ်နိုင်စွမ်း မရှိသလောက်ပင်ဖြစ်သည်။

ဒေသတွင်းပျံ့နှံ့နေသော မူးယစ်ဆေးဝါး ထုတ်လုပ်မှု ပြဿနာနှင့် ဒေသဆိုင်ရာ သေနင်္ဂဗျူဟာသစ်ချမှတ်ရန် မြန်မာ၊ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ် တို့ပါဝင်သည့် မဲခေါင်ဒေသနိုင်ငံများမှ အဆင့်မြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအရာရှိများ နှင့် UNDOC အရာရှိများ မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်တွင် လွန်ခဲ့သောလက တွေ့ဆုံခဲ့သည်။

ကုလသမဂ္ဂသည် ငြိမ်းချမ်းရေးနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်များ၊ အာစီယံအုပ်စု၏ ဒေသတွင်းဆွေးနွေးရာတွင် မူးယစ်ဆေးဝါးကိစ္စများကိုလည်း ထည့်သွင်းစေလိုသည်။ “ဆွေးနွေးပွဲတွေမှာ ဒီကိစ္စပါဖို့ ကျနော်တို့ တွန်းအားပေးနေတယ်။ ဒါပေမယ့် ဆွေးနွေးပွဲတွေ ရပ်တန့်သွားစေတဲ့ အခြားပြဿနာတွေ ရှိနေတယ်” ဟုလည်း ဒေါက်ဂလပ်စ်ကပြောသည်။

တရုတ်နိုင်ငံအပါအဝင် မဲခေါင်နိုင်ငံများအကြား မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း၊ မှောင်ခိုခြင်းနှင့် သုံးစွဲခြင်းကို ထိန်းချုပ်တိုက်ဖျက်ရေး မူဘောင်သဘောတူညီချက်သည် အောင်မြင်သော်လည်း ပြဿနာ၏ ကြီးမားမှုနှင့် နိုင်ငံရေး အကန့်အသတ်ရှိသောကြောင့် မြန်မာနိုင်ငံ အရှေ့ပိုင်းသည် နိုင်ငံတကာနှင့် အဆက်ပြတ်နေကြောင်း ဒေါက်ဂလပ်စ်က ပြောသည်။

“မြန်မာနိုင်ငံမှာ ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် မူးယစ်မှောင်ခိုလုပ်ငန်းကို ဖြေရှင်ရမယ်။ အခု လောလောဆယ်တော့ ဖြေရှင်းနေတာ မတွေ့ရဘူး။ မြန်မာအစိုးရကလည်း အကြောင်းကြောင်းကြောင့် ထုတ်လုပ်တဲ့နေရာတွေမှာ မဟန့်တားနိုင်ဘူး။ အဲဒီမှာ ဘာတွေဖြစ်နေတာလဲဆိုတာ သူတို့သိတယ်။ ဒါပေမယ့် တားဆီးဖို့ဘာမှ မလုပ်နိုင်ဘူး” ဟု ဒေါက်ဂလပ်က ပြောသည်။

(NZ Herald သတင်းစာပါ Kurt Bayer ၏ Methamphetamine made by armed rebels and gangs in Myanmar jungles coming to New Zealand ကို ဆီလျော်အောင် ဘာသာပြန်သည်။)

ဆက်လက်ဖတ်ရှုရန်မူးယစ်ဂိုဏ်းတွေကို ပြည်ထဲရေးက ပြတ်ပြတ်သားသား နှိမ်နင်းဖို့ လိုပြီ

Did you find apk for android? You can find new Free Android Games and apps.
Loading