သတင်း

တောင်ပြုံးပွဲဈေးဆိုင်ခန်း ၉၀၀ ကျော် ရောင်းချမည်

Want create site? Find Free WordPress Themes and plugins.

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကျေးရွာတွင် ကျင်းပသည့် နှစ်စဉ်ကျင်းပသည့် တောင်ပြုံး ဆုတောင်းပြည့် ဆုတောင်းရ ဘုရားပွဲတော်နှင့် တောင်ပြုံး မင်းနှစ်ပါး နတ်ပွဲတော် အတွက် ဈေးဆိုင်ခန်း ၉ ၀၀ ကျော်ကို လာမည့် ဇွန်လ ၂၇ ရက်တွင် စတင် ရောင်းချပေးသွားမည်ဟု ပွဲတော်ကျင်းပရေး ကော်မတီမှ သိရသည်။

‘‘ပွဲတော်မှာ နှစ်စဉ် လာရောက်ရောင်းချတဲ့ ဈေးဆိုင်ခန်းသမားတွေရှိတယ်၊ အဲဒါတွေကို အရင်ဆုံး ဦးစားပေး သွားမှာပါ၊ မနှစ်က ပွဲတော်ကျင်းပခွင့် မရရှိခဲ့တဲ့အတွက် ဈေးသည်တွေအားလုံး အခက်အခဲလေးတွေတော့ ဖြစ်ခဲ့ရတယ်။ မနှစ်က ကျန်တာတွေကတော့ ဦးရာလူစနစ်နဲ့ ရောင်းချပေးသွားမှာပါ” ဟု ပွဲတော်ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်က ပြောသည်။

တောင်ပြုန်းပွဲတော်နှင့် ပတ်သက်၍ ယခင်က လေလံစနစ်ဖြင့် ချထားပေးခဲ့သော်လည်း ယခုနှစ်တွင် လက်ရှိ ပွဲတော်ကျင်းပရေး ကော်မတီက လေလံမပစ်ဘဲ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တောင်ပြုန်းပွဲတော်အား ယခင်နှစ်က ပွဲတော်ကျင်းပရန် ရက်ပိုင်းအလို၌ ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A (H1N1) pdm 2009) ဖြစ်ပွားခဲ့မှုကြောင့် မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးဆိုင်ရာ စီမံခန့်ခွဲနိုင်ရေး အထူးအစည်းအဝေး ဆုံးဖြတ်ချက်များအရ မန္တလေးတိုင်းအစိုးရက ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း ပိတ်သိမ်းခဲ့သည်။

ထိုကဲ့သို့ ယမန်နှစ်က တောင်ပြုန်းပွဲတော်ကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့မှုကြောင့် လာရောက် ရောင်းချသည့် ဈေးသည်များ အခက်အခဲနှင့် ကြုံတွေ့ခဲ့ရသည့်အတွက် ယခင်နှစ်က ဆိုင်ခန်းခများ စရံပေးထားသည့် ဆိုင်ခန်းရှင်များ အားလုံးကို ယခုနှစ်တွင် ကျန်ငွေသာပေးသွင်း၍ ပြန်လည် ဝယ်ယူနိုင်ရန်အတွက် ဆောင်ရွက် ပေးထားကြောင်း သိရသည်။

“မနှစ်က ပွဲတော်နားနီးမှ H1N1ကြောင့် ဈေးမရောင်းခဲ့ရဘူး။ ဒီနှစ်တော့ ဘယ်လိုလာမယ် မသိသေးဘူး၊ ဈေးဆိုင်ခန်းကတော့ ဝယ်ရမှာပေါ့။ မနှစ်က စရံပေးထားတာကို ပြန်မယူခဲ့ဘူးဆိုတော့ ဒီနှစ် ဆိုင်ခန်း မဖြစ်မနေ ယူရမယ်၊ မနှစ်က နေရာပဲ ပြန်လိုချင်တာပေါ့လေ။ ကော်မတီက ဘယ်လိုစီစဉ်ပေးမလဲတော့ မသိသေးဘူး” ဟု နယ်လှည့်၍ အထည် ရောင်းချသူ ဦးခင်မောင်ကျော်က ပြောသည်။

တောင်ပြုန်းပွဲတော် ဈေးဆိုင်ခန်း ချထားပေးမှုအနေဖြင့် ယခင်နှစ်က ဈေးကြီးအပိုင်း၌ ဆိုင်ခန်း ၄၀၀ ကျော်၊ ဈေးလေးဘက် အပိုင်း၌ ဆိုင်ခန်း၂၅၀ ကျော် စုစုပေါင်း ဈေးဆိုင်ခန်း ၆၅၀ကျော် ချပေးထားကြောင်း၊ ဆိုင်ခန်း ဈေးနှုန်းများမှာ နေရာနှင့် ရောင်းချမည့် ကုန်ပစ္စည်းအပေါ်မှုတည်၍ ဆိုင်ခန်းတခန်း ကျပ် ၅ သောင်း၊ ကျပ် ၁ သိန်း ၅ သောင်း၊ ကျပ် ၂ သိန်းနှုန်း သတ်မှတ်၍ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ယခုနှစ်အတွက် ဈေးဆိုင်ခန်းတခန်းလျှင် အနည်းဆုံး ကျပ် ၁ သိန်းမှ အများဆုံး ကျပ် ၂ သိန်း ၃ သောင်းအထိ သတ်မှတ်ပေးထားပြီး ယခင်နှစ်များက ဈေးဆိုင်ခန်း ၇၀၀ ခန့်သာ ရောင်းချပေးခဲ့ကာ ယခုနှစ်တွင် ဆိုင်ခန်း ပေါင်း ၉၀၀ ကျော်အထိ တိုးချဲ့ရောင်းချပေးသွားမည်ဟု သိရသည်။

တောင်ပြုန်းပွဲတော်တွင် နှစ်စဉ် ပွဲတော်ကြီး၏ ပြယုဂ်တခုအဖြစ် ပါဝင်နေသည့် ဂျပ်စက္ကူဖြင့် ပြုလုပ်သော ကလေးဆောင်း ဗန္ဓုလဦးထုပ်နှင့် ကလေးကစားစရာ ရိုးရာလက်မှုပစ္စည်း ပြုလုပ်ရောင်းချသည့်ဆိုင်ခန်းများ၊ ခေတ်ပေါ် ကလေးကစားစရာ အရောင်းဆိုင်များ၊ တောင်ပြုန်း အမှတ်တရ ဆွဲကြိုးနှင့်အခြား အမှတ်တရ ပစ္စည်းများ၊ အညာဒေသ၏ အစားအစာများဖြစ်သည့် ထိုးမုန့်၊ စလူမုန့်၊ သကြားအနုဆုပ်၊ မလိုင်ကရေကရာ၊ အညာသား ကျောကုန်း အစရှိသည့် မုန့်အရောင်းဆိုင်များ၊ အထည်ဆိုင်များ လာရောက်ရောင်းချကြောင်း သိရသည်။

နှစ်စဉ် ပါဝင်သည့် ရေနှင့်သန့်စင်ခန်း၊ လျှပ်စစ်၊ ဇာတ်ရုံ (၁၊ ၂) တည်ဆောက်မည့် မြေနေရာ၊ ရုပ်ရှင် (သို့မဟုတ်) ဆပ်ကပ်၊ မျက်လှည့်ပြုလုပ်မည့် မြေနေရာများကို ပွဲတော်ကျင်းပရေး ကော်မတီမှ အိတ်ဖွင့် တင်ဒါ ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

တောင်ပြုန်းပွဲတော်သည် မြန်မာနိုင်ငံအထက်ပိုင်းတွင် အစည်ကားဆုံး ပွဲတော်တခုဖြစ်ပြီး စတင်ကျင်းပစဉ်က တောင်ပြုန်း ကျေးရွာအတွင်းရှိ ဆုတောင်းပြည့်စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော် တခုဖြစ်ခဲ့သော်လည်း ယခုအခါတွင် ဘုရားပွဲတော်ထက် တောင်ပြုန်းမင်းနှစ်ပါးပွဲတော် (ရိုးရာနတ်ပွဲ) အဖြစ် လူသိများသည့် ပွဲဖြစ်သည်။

ပွဲတော်ကို နှစ်စဉ် ဝါခေါင်လဆန်း ၁၀ ရက်နေ့တွင် ညီလာခံသဘင်ကျင်းပခြင်း၊ လဆန်း ၁၁ ရက်နေ့တွင် မင်းနှစ်ပါး ချိုးရေတော်သုံးပွဲကျင်းပခြင်း၊ လဆန်း ၁၄ ရက်နေ့တွင် ယုန်ထိုး ပွဲတော်ကျင်းပခြင်း၊ ဝါခေါင် လပြည့်နေ့တွင် ထိန်ပင်ခုတ်ပွဲတော် ကျင်းပခြင်းများကို ပြုလုပ်ပြီး နှစ်စဉ် ဝါခါင်လဆန်း (၈) ရက်နေ့မှ (၁၅) ရက်နေ့အထိ ကျင်းပကြောင်းသိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading