သတင်း

၂၀၂၁ ၌ တက္ကသိုလ်ဝင် စာမေးပွဲ မရှိနိုင်တော့ဟု ပညာရေး ဒုဝန်ကြီး ပြော

ပညာရေး ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ချက်များအရ ၂၀၂၁ ခုနှစ်တွင် အခြေခံပညာအဆင့်သည် အဆင့် ၁၂ ဆင့် ရှိမည် ဖြစ်၍ တက္ကသိုလ်ဝင် စာမေးပွဲ ရှိတော့မည် မဟုတ်ကြောင်း ပညာရေး ဒုတိယဝန်ကြီး ဦး ဝင်းမော်ထွန်းက ဧရာဝတီသို့ ပြောသည်။

“ပညာရေးက ၁၂ တန်း ပြောင်းမှာ ဖြစ်တဲ့အတွက် ၂၀၂၁ မှာတော့ စာမေးပွဲကြီးဖြစ်တဲ့ တက္ကသိုလ်ဝင် စာမေးပွဲအစား နောက်တတန်း ထပ်နေရမယ့် အတွက် စာမေးပွဲ မရှိနိုင်တဲ့ သဘောတော့ ရှိတယ်။ အဲဒီကာလကို ဘယ်လို လုပ်မ လဲဆိုတာ အခုမှ စဉ်းစားနေတုန်းပဲ”ဟု ၎င်းက ဇွန်လ ၁၂ ရက်တွင် ပြောသည်။

ဇွန်လ ၁၂ ရက်က ပြည်ထောင်စု လွှတ်တော်၌ ပြုလုပ်သည့် အမျိုးသား ပညာရေး မူဝါဒ ကော်မရှင်၏ လုပ်ငန်း ဆောင် ရွက်မှုများကို လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးရာတွင်လည်း ယင်း ၁၂ တန်းကိစ္စ အပါအဝင် ပညာရေး ပြုပြင်ပြောင်းလဲမှုများကို ဆွေးနွေးခဲ့ ကြသည်ကို တွေ့ရသည်။

မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက “အခုက KG+12 ဆိုတော့ တက္ကသိုလ်ဝင် စာမေးပွဲ မဟုတ်ဘဲ အထက်တန်းပြီးမြောက်ကြောင်း လက်မှတ်ပဲ ရတော့မှာ။ အခုက တက္ကသိုလ်ဝင်တန်း အမှတ်နဲ့ တက္ကသိုလ်ကို သွားရတာ။ အခု ပြောင်း မယ့် ၂၀၂၁ ကျတော့ အထက်တန်း ပြီးဆုံးကြောင်း လက်မှတ်ရမယ်။ အဲဒါပြီး သွားရင် သက်ဆိုင်ရာ တက္ကသိုလ် အသီးသီးကို ကိုယ့်ဘာ သာ ဝင်ခွင့် သွားလျှောက်ရမယ်။ တက္ကသိုလ် ဝင်ခွင့်အတွက် သီးသန့် အတန်းကြီး ၁ တန်း မလုပ်ထားတော့ဘူး” ဟု ဧရာဝတီသို့ ပြော သည်။

ပြောင်းလဲမည့် ပညာရေး စနစ်သစ်အရ မူလတန်း ၅ နှစ်၊ အလယ်တန်း ၄ နှစ်၊ အထက်တန်းက ၃ နှစ် ဖြစ်သွားမည် ဖြစ်ကြောင်း၊ ၁၂ တန်းကို တခု တိုးလာမည် ဖြစ်သလို ယင်းအတန်းကို တက္ကသိုလ်ဝင်တန်းဟု ခေါ်ဆိုတော့မည် မဟုတ်ကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။

ပညာရေး ဒုဝန်ကြီး ဦးဝင်းမော်ထွန်းက “အခု ၂၀၁၈ မှာ ၂၀၂၁ ဆိုတော့ ၃ နှစ်လိုသေးတယ်။ ကိုယ်စားလှယ်တွေ စဉ်းစား နေတာက အဲဒီ အချိန်ကြရင် အခြေခံပညာ အထက်တန်း စာမေးပွဲ အဲဒီလိုဖြစ်သွားနိုင်မယ်။ အဲဒီအချိန်မှာ တက္ကသိုလ်တွေ က ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရသွားရင် သူ့ဘာသာ ဝင်ခွင့်ကို စိစစ် စဉ်းစားလိမ့်မယ်” ဟု ပြောသည်။

ထိုသို့ ပြောင်းလဲမှုများ ပြုလုပ်ရာ၌ ကိုယ်စားလှယ်များ၊ အရပ်ဘက် အဖွဲ့အစည်း၊ မီဒီယာနှင့် နိုင်ငံတကာ ပညာရေး အတွေ့အကြုံ ရှိသူများက ထောက်ပြ မှုများ ရှိလာနိုင်ကြောင်း၊ ပညာရေး ဝန်ကြီးဌာနအနေနှင့် ပိုမိုကောင်းမွန်သော ပညာရေး စနစ်ဖြစ်ရန် လုပ် ဆောင်သည့်အတွက် အကျိုးအရှိဆုံး အလုပ်ကို ရွေးချယ် လုပ်ဆောင်မည်ဟု ၎င်းက ဆက်လက်ပြောသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သူ ဒေါက်တာလှမိုးကလည်း “သွားတဲ့ ပြောင်းလဲရေး ဖြစ်စဉ်အရကို အဲဒီအတိုင်းသွားမှာ။ ၂၀၁၆-၁၇ မှာ ဘယ်အတန်း ပြောင်းမယ်။ ၁၇-၁၈ မှာ ဘယ်အတန်းပြောင်းမယ်။ ပြောင်းပြောင်းလာရင်းနဲ့ ၂၀၂၁ ကျရင် ၁၀ တန်း စာမေးပွဲ ပျောက်သွားမယ်” ဟု ပြောသည်။

NLD အစိုးရလက်ထက်တွင် ပညာရေး ပြုပြင်ပြောင်းလဲမှုများကို ရုတ်ချည်း ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရသဖြင့် နားလည်ပေးကြရန်လည်း ပညာရေး ဒုဝန်ကြီးက မီဒီယာများသို့ ပြောဆိုခဲ့ဖူးသည်။

Loading